>According 2010 Party Registeration Law – NLD status is challenged openly

>

၂၀၁၀ ရွေးကောက်ပွဲ – ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) အရ အင်န်အယ်ဒီပါတီ ဆက်လက်ရပ်တည်ခွင့်ကို ခြိန်းခြောက်
မိုးမခအထောက်တော် ၀၀၂
မတ် ၁၀၊ ၂၀၁၀
ယနေ့ မတ်လ ၁၀ ရက် ထုတ်ပြန်သော ၂၀၁၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (၂/၂၀၁၀) ကို အသေးစိတ် ဖြန့်ချိထားရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများဖြင့် အတူတကွ ဖွဲ့စည်းထားသော အင်န်အယ်ဒီပါတီအနေနှင့် မှတ်ပုံတင်ခွင့် မရှိစေရအောင် တားမြစ်ထားပြီး ၎င်းတို့မပါဝင်ဘဲ ပါတီကို မှတ်ပုံတင်လိုပါက စဉ်းစားခွင့် ၆ လ ပေးထားသည်ဟု အကဲခတ်များက ဆိုသည်။

ထို့အပြင် ၁၉၉၀ ရွေးကောက်ပွဲနှင့် ထိုရွေးကောက်ပွဲကော်မရှင်က အသိအမှတ်ပြုပြီး ရွေးချယ်တင်မြှောက်ခြင်းခံထားရသည့် လွှတ်တော်ကိုယ်စားလှယ်များအတွက် အဓိပ္ပါယ်ဖွင့်ဆိုခြင်း၊ သဘောထားသတ်မှတ်ခြင်းများ မပါဝင်သော်လည်း၊ ၉၀ ရွေးကောက်ပွဲမတိုင်ခင် ၄/၈၈ အရ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီများကို အသိအမှတ်ဆက်ပြုထားသည်။ သို့ဖြစ်သဖြင့် ၉၀ ရွေးကောက်ပွဲ မတိုင်ခင်က ပါတီများအားလုံးသည် ယခုနိုင်ငံရေးပါတီဥပဒေအရ သက်ဝင်ဆဲဖြစ်သည်ဟု ယူဆရန် ရှိသည်ဟု အကဲခတ်တို့က မေးခွန်းထုတ်သည်။ သို့သော် ၎င်းတို့ဆက်လက်ရပ်တည်ရန်အတွက် ခံဝန်ချက်ထိုးရမည်ဟူသော သတ်မှတ်ချက်အရ – ပါတီဟောင်း ပါတီသစ်တို့သည် ယခု ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ်ပြုကြောင်း ၀န်ခံသဘောတူရမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ (ထောင်ဒဏ်ကျခံနေရသူများ)၊ မူးယစ်ဆေး ရာဇ၀တ်သင့်နေသူများ၊ နိုင်ငံခြားသားများနှင့် အကြမ်းဖက်နှင့် မတရားအသင်းများနှင့် ပတ်သက်သူများကို နိုင်ငံရေးပါတီများ ထူထောင်ရာတွင် ပါဝင်ခွင့် မပေးထားသဖြင့် အင်န်အယ်ဒီပါတီ၏ လက်ရှိ ဗဟိုဦးစီးအဖွဲ့ဝင်များစာရင်းနှင့် ထိုအချက်ထဲမှာ တခုနှင့် တိုက်ရိုက်ငြိစွန်းနေသည်။ အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အကျဉ်းသား ၁၀ ဦးကျော်မှာ အင်န်အယ်ဒီ၏ ဦးဆောင်သူများအဖြစ် စာရင်းပေါက်နေပြီး ဖြစ်သည်။
၎င်းတို့မပါဝင်သော နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရန် အချိန် ၂ လ ပေးထားသည်ဟု ဆိုသည်။ သို့သော် မှတ်ပုံတင်ပြီးနောက် ၎င်းတို့သတ်မှတ်သော ပါတီတခု အဖြစ် အရည်အချင်းပြည့်မီအောင် ဆောင်ရွက်ရန် ရက်ပေါင်း ၉၀ ( ၃ လ) အတွင်း ဆောင်ရွက်ရမည်ဟု သတ်မှတ်ထားရာ ထိုကာလ ၂ ခု ပေါင်း အင်န်အယ်ဒီ ကဲ့သို့ ပါတီတခုအတွက် ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ချိန်မှာ ၅  လ ရှိသည်ဟု အကြမ်းသတ်မှတ်နိုင်သည်။ ထိုသို့ မတ်လမှ ရေတွက်ပါက ၂၀၁၀ စက်တင်ဘာ ရောက်မှ ရွေးကောက်ပွဲ စတင်ကျင်းပရန် အချိန်ဘောင်ကို ထားရမည့်သဘောဟု အကဲခတ်တို့က သုံးသပ်သည်။
အေအေပီပီက တဆင့်ရရှိသော စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲ ပါတီမှတ်ပုံတင်ဥပဒေကို ဒီနေရာကနေ ဒေါင်းလုပ်ရယူနိုင်ပါသည်။ http://www.scribd.com/doc/28124548/2010-Election-Political-Party-Law