>Fire burns shops in Thein Gyi Market

>

ရန်ကုန်မြို့ သိမ်ကြီးဈေးတွင် မီးလောင်မှု ဖြစ်ပွား
မိုးမခအထောက်တော်၊ ရန်ကုန်
မတ် ၁၊ ၂၀၁၀


ယနေ့ ညနေ ၆း၀၅ နာရီ ခန့်က ရန်ကုန်မြို့လယ်ရှိ သိမ်ကြီးဈေး (ဒီ) ရုံ ဒုတိယထပ်တွင် မီး လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

၁၅မိနစ်ကြာ လောင်ကျွမ်းသည့် မီးကြောင့် မည်မျှအထိ ဆုံးရှုံးမှု ရှိခဲ့ကြောင်း မသိရသေးပေ။

ဝမ်ဖု စားသောက်ဆိုင် မီးဖိုဆောင်မှ ၀ါယာရှော့ခ် ဖြစ်ပွားသောကြောင့် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ မီးသတ်ကား ၁၃စီး ရောက်သွားပြီး ငြိမ်းသတ်ရာ အချိန်တိုအတွင်း မီးညွန့်ကျိုးသွားခဲ့ကြောင်း သိရသည်။

သိမ်ကြီးဈေး (ဒီ) ရုံ သည် အနော်ရထာလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်တွင် တည်ရှိသည်။

လတ်တလော ဈေးများ မီးလောင်မှု ဖြစ်ပွားနေသောကြောင့် လူအများက ဈေးမီးလောင်သည်ကို ကြားသိရရချင်း “ဒါကတော့ ရှို့မီးပဲ ဖြစ်မယ်၊ ဈေးတွေကို ပြန်ဆောက်ချင်၊ ရောင်းချင်လို့ အစိုးရက ရှို့တာ” ဟု အချင်းချင်း ပြောဆိုလျက်ရှိသည်။

ဖေဖော်ဝါရီ ၁၂ရက်နေ့ကလည်း ရန်ကုန်မြို့ သင်္ဃန်းကျွန်းဈေးသည် ဈေးပိတ်ထားချိန်တွင် မီးလောင်သဖြင့် ဈေးတခုလုံး နီးပါး ပျက်စီးသွားသည်။ သင်္ဃန်းကျွန်းဈေးမီးသည်လည်း ၀ါယာရှော့ခ် ဖြစ်ရာမှ အစပြုခဲ့သည်ဟု သိရသည်။ သို့သော်လည်း မီးလောင်ချိန်က ထိုဒေသတွင် လျှပ်စစ်မီးပြတ်တောက်ချိန် ဖြစ်သောကြောင့် သင်္ဃန်းကျွန်းဈေးမီးကို ရှို့မီးဟု အများက သံသယ ဖြစ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် မကြာခဏ မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ မီးလောင်မှု၏ ၈၀%နီးပါးမှာ လျှပ်စစ်မီး လာလိုက်၊ ပျက်လိုက်ဖြစ်ရာမှ မတော်တဆမှုများ ဖြစ်ပွားပြီး လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ဖော်ပြထားသည်။

လျှပ်စစ်မီး ပျက်ခြင်းကြောင့် မီးစက်သုံးစွဲရန် လောင်စာ ဖြည့်ရာမှ မီးလောင်မှုများ ဖြစ်ခဲ့ကြောင်းကိုလည်း တွေ့ရသည်။

ယမန်နှစ်က မီးလောင်ကျွမ်းမှုများအနက် ရန်ကုန်တိုင်း လှည်းကူးမြို့ရှိ ဂရင်းရွိုင်ရယ် အရက်ချက် စက်ရုံ မီးမှာ ဆုံးရှုံးမှု အကြီးမားဆုံး ဖြစ်ပြီး ဒေါ်လာ ၉သန်းကျော်ဖိုး ဆုံးရှုံးခဲ့ရသည်ဟု ထိုစက်ရုံမှ အရာရှိတဦးက ပြောဆိုသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts