>MoeMaKa and its Friends pay respect to Maung Swan Yi as senior Burmese artist

>

မိုးမခမီဒီယာနှင့် မိတ်ဆွေများ၏ သက်ကြီးစာပေပညာရှင် မောင်စွမ်းရည် ကို နယူးယောက်တွင်ဂါရ၀ပြု

မိုးမခ
မတ် ၁၊ ၂၀၁၀
ဖေဖော်ဝါရီလ ၂၈ ရက်နေ့က နယူးယောက်မြို့၊ သာသနမောဠိ၏ ညီမူရာခန်းမတွင် ပြည်ပရောက် သက်ကြီးစာပေညာရှင်ကြီးတဦးအဖြစ် ဆရာမောင်စွမ်းရည်ကို ၎င်း၏မိတ်ဆွေများ၊ စာပေချစ်သူများက စုဝေး ဂါရ၀ပြုခဲ့ကြသည်။
မိတ်ဆွေများ၏ ဂါရ၀ပြုပွဲတွင် သံဃာတော်များအား ဆွမ်းကပ်ခြင်း၊ ဧည့်သည်များအား ကြာဇံဟင်းခါးဖြင့် ဧည့်ခံခြင်း၊ နယူးယောက်နေ ပန်းချီဆရာ မျိုးသိန်းထွန်းက ဆရာကြီးမွေးနေ့အမှတ်တရ ပုံတူပန်းချီကား လက်ဆောင်ပေးအပ်ခြင်း၊ မိုးမခမီဒီယာ၏ စာပေဂါရ၀အမှတ်တရအဖြစ် ဓာတ်ပုံပန်းကန်ပြားလက်ဆောင်နှင့် ၀တ္ထုအလှူငွေ ၅၅၀ ဒေါ်လာကို မိုးမခမိတ်ဆွေများက ပေးအပ်ဂါရ၀ပြုခြင်း၊ မြို့ခံနှင့် ဧည့်သည်မိသားစုများက လက်ဆောင်များနှင့် ၀ိုင်းဝန်းဂါရ၀ပြု ကန်တော့ကြခြင်းနှင့် မိတ်ဆွေများက အမှတ်တရစကားများ ပြောကြားကြကြောင်း သိရှိရသည်။ ဧည့်ပရိသတ် ၅၀ ခန့် ရှိကြောင်း မိတ်ဆွေတဦးက မိုးမခသို့ ပြောကြားသည်။

ဆရာမောင်စွမ်းရည်က အမှတ်တရစကားပြောကြားရာတွင် ငယ်စဉ်က သာမဏေပြုရန် ရှင်လောင်းလှည့်ပွဲတွင် မိမိအား သံဃာစင်အနီး နေရာထိုင်ခင်းပေးထားစဉ် ကလေးမလေးများ၊ အပျိုကလေးများက လာရောက်ဝိုင်းဝန်းကြည့်ရှုခြင်း ခံရစဉ် ရှက်ကိုးရှက်ကန်းဖြစ်ရသကဲ့သို့ ယခု အသက်ရွယ်ကြီးရင့်ပြီးခါမှ သည်တကြိမ်တွင်လည်း မိမိမှာ ထိုသို့ ၀ိုင်းဝန်းအမှတ်တရပြုကြသည်ကို ရှက်ကိုးရှက်ကန်း ခံစားမိကြောင်း ရယ်ပွဲဖွဲ့စကားပြောကြားခဲ့သည်။ စာပေချစ်သူ ဧည့်မိတ်ဆွေများ စည်ကားသိုင်းဝိုင်းစွာဖြင့် ဂါရ၀ပြုပွဲမှာ ပျော်ရွှင်ဖွယ်ဖြစ်သည်ဟု မျိုးသိန်းထွန်းက မိုးမခသို့ ပြောကြားသည်။

လာမည် မတ်လ ၆ ရက်နေ့ တွင်လည်း အင်ဒီယာနာပြည်၊ ဖို့ဝိန်းမြို့နေ ဂီတပညာရှင် အဆိုတော် မာမာအေးအတွက် သက်ကြီးစာပေပညာရှင် ဂါရ၀ပြုပွဲကို ကျင်းပရန် စီစဉ်ထားပြီးဖြစ်ရာ မိုးမခမိတ်ဆွေများ၏ ဖိတ်စာကို သည်မှာ တွေ့နိုင်ပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts