>Mar Mar Aye – 308

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃၀၈

သပိတ်မှောက်သီချင်း
မာမာအေး
ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၀ရွှေတိဂုံရင်ပြင်ပေါ်ရှိ သပိတ်မှောက်ကျောင်းသားကျောက်စာတိုင်(photo: Danburg Murmur)


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ မာအေးလဲ အမျိုးသားအောင်ပွဲနေ့ ဟောပြောပွဲနဲ့ စပ်ပျိုးပြီး ပြောလာတာ အမျိုးသားအောင်ပွဲနေ့ ဘယ်လို ဘယ်အကြောင်းနဲ့ ဖြစ်ပါတယ် ဆိုတဲ့ နေရာကို မရောက်နိုင်သေးပါလားလို့ သတိရပြီးတော့ ကြာနေတဲ့ အတွက် အားနာပါတယ်။ သဘင်၊ ဂီတသဘောနဲ့ ပြောရင်တော့ ကျင်းတူးနေတာပါ။ ပျိုးနေရလို့ပါပေါ့နော်။ ကြားမှာ သိစေချင်တာလေးတွေ ကြုံနေတော့လဲ ချစ်ဆွေတို့ကို လက်တို့ချင်တော့ ရှည်မိသွားတာပါပဲ။

အရင်တပတ်က နောက်ဆုံးနားမှာ ပြောသွားတဲ့ ‘အာဏာရှင်’ သီချင်းနဲ့ ‘ဓနရှင်’ သီချင်း ၂ ပုဒ်ဟာ အသံတူ စာကွဲ သီချင်းများကိစ္စမှာ ပြောပြဖူးတာမို့ အကျယ် တရာ့နှစ်ဆယ် မလုပ်တော့ဘူးနော်။ အဲဒါပြီးတော့ ကောလိပ်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေ ဆက်ပြောခဲ့တယ်။ ချစ်ဆွေတို့တွေ ကြားဖူးပြီးသားလေ။ သပိတ်ကိစ္စတို့၊ ဗိုလ်အောင်ကျော်ကိစ္စတို့ပေါ့ရှင်။ ခုတော့ အမျိုးသားအောင်ပွဲနေ့ သတ်မှတ်ထားရှိဖို့ ဘယ်လိုရွေးချယ်တာလဲ ဆိုတာ ဆက်ပြောပါမယ်။

အမျိုးသားနေ့ NATIONAL DAY ကို ၁၉၂၄ ခု အောက်တိုဘာလ ၂၄ ရက်နေ့က မန္တလေးမြို့မှာ ကျင်းပတဲ့ GCBA ခေါ် ၀ံသာနုဗဟိုအသင်းချုပ်ကြီးက ပြဌာန်း သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဝံသာနုဗဟိုအသင်းချုပ်ရဲ့ အမြဲတမ်းကော်မတီဟာ အသင်းဝင် အများစုရဲ့ သဘောထားကို ရယူပြီးတော့ ‘အမျိုးသားနေ့’ ဖြစ်သင့်တဲ့ရက် ၃ ရက်ကို ဗဟိုအသင်းချုပ်ထံ တင်ပြခဲ့ပါတယ်။ အဲဒါတွေကတော့
– သီပေါမင်းကို အင်္ဂလိပ်တို့ ခေါ်သွားသောရက်
– ဦးတ္တမ ထောင်ကျသောရက်
– ကောလိပ်ကျောင်းသားများ သပိတ်မှောက်သောရက် ပါတဲ့ရှင်။

အခု ကြားခဲ့ရတဲ့ ၃ ရက်မှာ ရွှေနန်းသခင် ပါတော်မူသောနေ့နဲ့ ဆရာတော်ဦးဥတ္တမ ထောင်ကျတဲ့နေ့တွေဟာ အကျကိစ္စနဲ့ အစုန်ကိစစ္စတွေ ဖြစ်တဲ့အတွက် အမျိုးသားနေ့ အဖြစ် မထားသင့်ပါဘူး တဲ့။ ကောလိပ်ကျောင်းသားများ ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်တဲ့နေ့ကတော့ အထက်ကိစ္စမှာ ဆန်ကိစ္စ ဖြစ်တဲ့အတွက် အမျိုးသားနေ့ သတ်မှတ်သင့်တယ် အကြံပြု အဆိုတင်သွင်းတဲ့ သူက သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ‘ဦးမြင့်’ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ‘အမျိုးသားနေ့’ကို ကောလိပ်ကျောင်းသားများ ‘ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့’ မှာ ကျင်းပခဲ့တာပါ။

ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေကို မြန်မာအများ တားဆီးကန့်ကွက်နေတဲ့ကြားက ဘုရင်ခံ ဆာဂျီနယ် ကရက်ဒေါက်နဲ့ ပညာမင်းကြီး မက်ဟန်းတားတို့က အဓမ္မ အတည်ပြုခဲ့တာကြောင့် ရန်ကုန်ကောလိပ်ကျောင်းသားကြီးတွေ ၁၁ ဦးက ကန့်ကွက်တဲ့ အနေနဲ့ ရွှေတိဂုံစေတီတော် အနောက်တောင်ထောင့်က ကွပ်ပျစ်ကြီးတခုပေါ်မှာ မပြန်တမ်း သပိတ်မှောက်ကြဖို့ သစ္စာဆို အဓိဋ္ဌာန်ပြု လက်မှတ်ရေးထိုးခဲ့တဲ့နေ့ဟာ မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် ဖြစ်ပါတယ်။ ကျောင်းသားတို့ သပိတ်ဦးအစ အမှတ်တရ နာမည်တွေ ရွတ်ပြဦးမယ်လေ။

၁။ ကိုဘဦး – ဘီအေ အထက်တန်းက ခေါင်းဆောင်ပါတယ်။
၂။ ကိုဖိုးကွန်း – ဘီအက်စီ အထက်တန်း
၃။ ကိုဘရှင် – – ဘီအက်စီ အထက်တန်း
၎။ ကိုဘရှင် – နောက်တဦး – အိုင်အေ အထက်တန်း
၅။ ကိုထွန်းဝင်း – အိုင်အေ အထက်တန်း
၆။ ကိုဖေသိန်း – အိုင်အေ အထက်တန်း
၇။ ကိုညီပိတ်- ဘီအက်စီ အထက်တန်း
၈။ ကိုအေး – ဘီအေ အထက်တန်း
၉။ ကိုလှတင် – ဘီအေ အထက်တန်း
၁၀။ ကိုအောင်ဒင် – အိုင်အေ အထက်တန်း နဲ့
၁၁။ ကိုဘခင် – အိုင်အေ အထက်တန်း တို့ ဖြစ်ပါတယ်ရှင်။

မာအေး ပြောနေတဲ့ သပိတ်မှောက်ကျောင်းသားကြီးတွေကို ဟိုတုန်းကတော့ ‘ဘွိုင်းကောက်တား’ လို့ ခေါ်ခဲ့ကြသရှင့်။ သပိတ်မှောက်ကျောင်းသား ဘွိုင်းကောက်တားတွေရဲ့ စုရပ်ကတော့ ဗဟန်းမှာ ရှိတဲ့ ဆရာတော်ဦးအရိယရဲ့ကျောင်း ဖြစ်ပါသတဲ့ရှင်။ သပိတ်မှောက်ကျောင်းသားတွေ ဆိုခဲ့တဲ့ သပိတ်မှောက် သီချင်း အမှတ် ၂ ဆိုတာကို ‘မေမြို့မိုးကြည်’ စုဆောင်းခဲ့တဲ့ ‘နယ်ချဲ့ဖက်ဆစ် ဆန့်ကျင်တဲ့သွေး – ဇာတိမာန်သီချင်းများ’ စာအုပ်မှာ တွေ့ရတော့ ရေးသူက သဟာယဆရာတင် တဲ့။ ဆရာကြီး ဦးတင်မိုး ဆိုပြဖူးတဲ့ တပိုင်းတစလေးတော့ ညည်းကြည့်သေးတာပေါ့လေ။

ကျွန်စိတ်မွေးတဲ့ တက္ကသိုလ်မှာ မနေလိုလို့ ထွက်ခဲ့တာ၊ တို့တတွေ ညီညာရုံးစုကာ ရွှေတိဂုံစေတီမှာ xx ညီညွတ်ကြပါ ပေါင်းသဟာ၊ မတရားချုပ်ချယ် မင်းတွေဟာ၊ အသေအချာတွေးတော့ ရွေးမျှ မသတီစရာ xx ပြင်းလွန်းလှတဲ့ အာဏာသုံးကာ မစ္စတာစလော့ဆရာ၊ ညှာတာထောက်ထား လူငယ်များကို သနား မညှာတာ xx [သပိတ်မှောက်သီချင်း(၂)]

အမှတ် ၂ သပိတ်မှောက်သီချင်းဟာ ကောလိပ်ကျောင်းသား ဘွိုင်းကောက်တားတွေ ကြားမှာ ချက်ချင်း ရေပန်းစား နှုတ်ဖျားရောက်ခဲ့တာ ကျောင်းသားတွေ ရင်ထဲက ခံစားချက်ကို တည့်တည့် ရေးစပ် ဖော်ထုတ်ခွင့် ရရှိခဲ့တာကြောင့် ပါတယ်။ ဒီလိုအရေးပေါ်ကိစ္စမှာ လူသိပြီးသီချင်းကို လိုတဲ့ အဓိပ္ပာယ်နဲ့ စာကောက်စပ်လိုက်လို့ ချက်ချင်း လိုက်ဆိုနိုင်တာကြောင့်လဲ ပြန့်နှံ့လွယ်ပါတယ်။ မူရင်း သီချင်းက ရွှေဂုန်မောင် ရေးတဲ့ ‘မြခွာညို’ ပါ။ ရုပ်ရှင်မင်းသား မောင်မောင်စိုး ဆိုတဲ့ သီချင်းပါ။ နားထောင်ကြည်ပါလား။

ကြကြူမွှေးတဲ့ ခွာညိုလွှာ၊ လေယူရာ တိမ်း ယိမ်းနွဲ့ရှာ၊ ချစ်သူကိုကို ချိုးခဲ့မှာ ပျိုပျိုပန်ဆင်စရာ၊ ပင်လုံးညွတ်တော့ ဖူးတန်ညှာ လေသင့်တဲ့အခါ ရနံ့တွေဖြာ ခွာခွာညိုပန်းမှာ စိမ်းလဲ့ညိုပြာပြာ xx မွှေးလွန်းလှတဲ့ ရာသီပန်းညှာ၊ ကညာမဒီ မြန်ဆင်စရာ၊ လေယူရာသွေး ကြူကြူမွှေးကာ၊ မြပန်းခွာညိုပါ xx (မြခွာညို)


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် bbcburmese.com ]



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts