>Maung Thara – Comparing Rights …

>

‘လူ့အခွင့်အရေး နှိုင်းယှဉ်ချက် …’

မောင်သာရ
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၀
ပြောရအုံးမယ်။ တနေ့ ရန်ကုန်မင်္ဂလာဒုံအလွန် စော်ဘွားကြီးကုန်းအတက်နား ကားလမ်းအကွေ့မှာ ကျုပ်တို့အဖွဲ့က ရုပ်ရှင်ရိုက်နေတယ်။ ဇာတ်ကားနာမည်တော့ မပြောတော့ပါဘူး။ မတော် မီးခိုးကြွက်လျှောက်လိုက်ပြီး လူတွေကို ဒုက္ခပေးနေမှဖြင့် ခက်ရချည်ရဲ့။ ဇာတ်လမ်းအရ မင်းသမီးက မင်းသားနောက် ခိုးရာလိုက်ပြီး ပဲခူးဘက် ထွက်ပြေးကြတာပေါ့နော်။ မင်းသမီးရဲ့မိဘက အချိန်မီသိတော့ ကားတစင်းနဲ့ နောက်ကနေ အမီလိုက်ဖမ်းတဲ့အခန်းပေါ့။ စ ရိုက်နေပြီ … လမ်းအကွေ့မှာ နေရာယူထောင်ထားတဲ့ ကင်မရာက ရိုက်နေပြီ။ မင်းသမီးမင်းသားပါတဲ့ကားက … ရှေ့ကဖြတ် ချိုးကွေ့သွားတာကို ကင်မရာက pan ဆွဲ ရိုက်နေတာပေါ့နော်။ ပြီး … သူတို့ကား အဝေးရောက်သွားပြီဆိုတော့မှ ဘယ်ဘက်ပြန်လှည့်ပြီး နောက်ကလိုက်လာတဲ့ မိဘကားကို ရိုက်မယ်ပေါ့။ အချိန်ကိုက်ထားပြီးသား။ ဒါပေမယ့် တက်လိုက်လာမယ့် နောက်ကကားဘက်ကို ကင်မရာ ပြန်မလှည့်ခင်မှာပဲ၊ ကုသိုလ်ကံက ဆိုးချင်တော့ ကင်မရာရိုက်ကွင်းထဲကို စစ်ဆေးရုံထဲက ထွက်လာတဲ့ စစ်ကားလေးစင်းတန်းက ရုတ်တရက် ဝင်လာပါလေရော။ ဘယ်တတ်နိုင်မလဲ။ ရိုက်ရက်ကြီးပေါ့။ ထုံးစံအတိုင်း ရှေ့ဆုံးက ထိုင်ယာလက်တိုင်ထောင်ရက် လက်နက်ကိုင်စစ်သားအပြည့်နဲ့ လင်ရိုဘာ … ခါးရှည်။ သည့်နောက်ကမှ … သမ္မတလား ဝန်ကြီးချုပ်လား ဘာလားမသိရဲ့ မာစေးဒီးစ်ကားအနက်။ သူ့နောက်ကမှ နောက်ထပ် စစ်သားတွေအပြည့်နဲ့ လင့်ရိုဘာကား နှစ်စင်း။ အဲသည်အထဲက နောက်ဆုံးကားက ဘာမပြောညာမပြောနဲ့ ကျုပ်တို့ရိုက်နေတဲ့ ကင်မရာနားမှာ ထိုးရပ်လိုက်ပြီး ကားထဲက စစ်သားတွေ ခုန်ဆင်းချလာကြတော့တာပဲ။ ကျုပ်တို့အားလုံးကိုလဲ သေနတ်နဲ့ချိန်ပြီး ဝိုင်းထားကြလို့ …။ ပြီး ရှေ့ခန်းက စစ်ဗိုလ်က ရေဒီယိုဖုံးကိုင် စကားပြောရာက တံခါးဖွင့် ဆင်းလာပြီး တခွန်းတပါဒမှ မမေးမမြန်းမစုံစမ်းပဲနဲ့ ကင်မရာထောင်ထားတဲ့ ၃ ချောင်းဒေါက်ကို သူ့စစ်ဖိနပ်ကြီးနဲ့ ကန်လှဲပစ်လိုက်တယ်။ …“ ဘာမှတ်သလဲ၊ မင်းတို့ကို ဘယ်သူက သည်နေရာမှာ ရိုက်ခွင့်ပြုသလဲ၊ ဘယ်မလဲ ခွင့်ပြုမိန့်၊ ပေး … ကင်မရာထဲကဖလင်တွေလဲ အကုန်ထုတ် … ဖြုတ်ကွာ … ဖြုတ်ထုတ် မြန်မြန်ထုတ် …” တဲ့။ ဟောက်တော့ ငေါက်တော့ အမိန့်ပေးတော့တာပဲ။ နားလည်အောင် ရှင်းပြလို့လဲ လက်မခံ။ မှန်ထိုးတဲ့ ကင်မရာလက်ထောက် အလုပ်သမားကလေးတယောက်ကိုတောင် ခြေထောက်နဲ့ လှမ်းကန်လိုက်သေးတယ်။ ပြန်လှည့်လာကြတဲ့ကားထဲက မင်းသမီးနန္ဒာလှိုင်ကို မြင်တော့မှ အကြိမ်းအမောင်း ရပ်သွားတယ်။ ဒါပေမယ့် အပ်လိုက်ရတဲ့ ရိုက်ထားလက်စ ပေတထောင် ဖလင်ဗူးကြီးကိုတော့ ပြန်မတောင်းရဲကြပါဘူး။ သည်မျှနဲ့ ငြိမ်းသွားရင် တော်ရဲ့။ မတော် ခုခံပါတယ်ဆိုပြီး မောင်းဖြုတ် ခလုတ်ဆွဲ ဝှေ့လိုက်ရင် ဘယ်နှယ့်လုပ်မလဲ။ နောင်လဲ ပြန်မရတော့ပါဘူး။ သူတို့အတွက် ဘာမှ အသုံးမကျပေမယ့် ကုမ္ပဏီကလဲ ဘယ်လိုက်ပြီး ဘယ်သူ့ထိုင်ရှိခိုး တောင်းရမယ်မှန်း မသိ။ ပြီး သည်ကိစ္စ ဘယ်သူကိုမှလဲ ဖွင့်မပြောရဲ။ ငြိမ်ဝပ်ပိပြားပြီး ရေငုံနှုတ်ပိတ်နေလိုက်ကြရတာပေါ့နော် …။
အေး … ဟိုကအကြောင်းပြီးတော့ သည်ကအကြောင်း ပြောရအုံးမယ်။
အခုလောလောဆယ် ကျုပ်တို့ Las Vegas မြို့မှာ သမ္မတ Obama ရောက်နေတယ်။ ဗုဒ္ဓဟူးနေ့ညနေက ရောက်တယ်။ သောကြာနေ့မှာ ပြန်မယ်။ အဓိက ကတော့ Las Vegas ရဲ့စီးပွားရေး တိုးတက်လာဖို့အတွက်နဲ့ … Democratic National Party ရံပုံငွေ တသန်း ရှာကြံရေးအတွက် ဖြစ်တယ်။ လုပ်ငန်းရှင်ကလေးတွေ ရာပေါင်းများစွာနဲ့ တနေရာမှာ တကြိမ်၊ လူထုခေါင်းဆောင်တွေနဲ့ တနေရာမှာ တကြိမ် တွေ့ဆုံ စည်းဝေးမယ်လို့ ကျေညာထားတယ်။ ပြီးတော့လဲ ပြည်ပက ဧည့်သည်တွေ လွယ်လင့်တကူ လာနိုင်ဖို့အတွက်လဲ ဥပဒေသစ်တရပ် ရေးဆွဲပြဋ္ဌာန်းထားတယ်။ ကွန်ဂရက်ကရော ဆီးနိတ်ကရော အတည်ပြုပြီးပြီ။ သမ္မတ လက်မှတ်ထိုးဖို့ပဲ လိုတော့တယ်။
ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်၊ မေလကုန်တုန်းကလဲ Las Vegas ကို သမ္မတ တခေါက်ရောက်လာခဲ့သေးတယ်။ တနှစ်မပြည့်ခင်အတွင်း နှစ်ခေါက်ကြီးများတောင် ရောက်လာတယ်ဆိုတော့ မြို့လူထုအများစုကလဲ ဂုဏ်ယူကြတယ်။ ဒါပေမယ့် မကြာသေးခင်ကလေးကမှ New Hampshire ပြည်နယ် Nashua မြို့ကလေးမှာ သမ္မတက … Don’t blow a bunch of cash in Vegas … ခုလို စီးပွားရေးကြပ်တည်းနေချိန်မှာ သားသမီးတွေရဲ့ တက္ကသိုလ်ပို့ ပညာသင်ကြားရေး အတွက် ပူပန်နေရတယ်ဆိုရင် Vegas ဆိုတဲ့ အပျော်အပါးမြို့ လောင်းကစားမြို့ကို သွား သုံးဖြုန်းမပစ်ကြနဲ့ပေါ့ … လို့ ဆုံးမစကားပြောလိုက်တဲ့အတွက်ကြောင့် စီးပွားရေးလုပ်ငန်းရှင် Hotel Casino ပိုင် ပုဂ္ဂိုလ်တွေကလဲ ဘယ် သိပ်ကြည်ကြပါ့မလဲ။ ထုံးစံအတိုင်း … ကြိုက်တဲ့လူလဲ ရှိ၊ မကြိုက်တဲ့လူလဲ ရှိ … ပေါ့နော်။ လွတ်လပ်တဲ့နိုင်ငံဆိုတော့လဲ စာနယ်ဇင်းတွေ ရုပ်မြင်သံကြားတွေကလဲ ပွင့်ပွင့်လင်းလင်း ဝေဖန်ကြ၊ ကန့်ကွက်ကြ၊ ထောက်ခံကြနဲ့ပေါ့။ ကိုယ့်အမြင်နဲ့ကိုယ်၊ ကိုယ့်အယူအဆနဲ့ကိုယ် … လွတ်လွတ်လပ်လပ် ရေးနေကြ ပြောနေကြတာပဲ။
ဒါပေမယ့် … ‘သတိ’ ဆိုတာ လိုတယ်သာရှိတာ၊ ပိုတယ် မရှိဘူး … ဆိုသလို … နိုင်ငံခေါင်းဆောင်တယောက်ရဲ့ ခရီးစဉ် တလျှောက်မှာ လုံခြုံရေးအစီအစဉ်တွေကတော့ … လုပ်ကြရမှာပေါ့နော်။ လူတကာ ချစ်ခင်ကြည်ညိုတဲ့ … ဗိုလ်ချုပ်အောင်ဆန်းလို၊ Am သမ္မတ J.F Kennedy လို၊ အိန္ဒိယက မဟတ္တမ ဂန်ဒီကြီးတို့လို ပုဂ္ဂိုလ်မျိုးတွေတောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ကြရသေးတာပဲ။ အန္တရာယ်ဆိုတာ ကြိုတင်ကာကွယ်ကြရမှာပေါ့။ ဒါ မလွဲမသွေ လုပ်ရမှာပဲ။ သည်တော့ … ‘Las Vegas McCarran လေဆိပ်ကို သမ္မတရဲ့လေယာဉ် Air Force One ဆင်းမယ့်အချိန် ညနေ ၅း၄၅ နဲ့ … ပြန်မယ့်နေ့ လေယာဉ်တက်မယ့်အချိန် မွန်းလွဲ ၁း၄၅ ဝန်းကျင် Las Vegas ကောင်းကင် မိုင် ၃၀ ပတ်လည်အတွင်း … ကိုယ်ပိုင်လေယာဉ်ငယ်လေးတွေ၊ အမောင်းသင်လေယာဉ်တွေနဲ့ အငှားလိုက် အပျော်စီး ရှုခင်းကြည့် ရဟတ်ယာဉ်တွေ အားလုံး ရပ်နားထားကြရမယ်။ လုံးဝ ပျံသန်းခွင့် မပြု’ … လို့ တားမြစ်ပိတ်ပင်လိုက်တယ်။ မတော် New York ကောင်းကင်မှာ အဲသလို အငှားလိုက် ရဟတ်ယာဉ်နဲ့ ကိုယ်ပိုင်လေယာဉ် တိုက်မိပြီး ပျက်ကျ၊ အကုန် သေကုန်ကြရတာမျိုးဖြစ်ရင် ဘယ့်နှယ်လုပ်မလဲ။ အသေခံ အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကိုလဲ စဉ်းစားရမှာပေါ့။ ဒါပေမယ့် တက္ကစီကားတွေ ထောင်ထားသလို အဲသည်အငှားလိုက်ရဟတ်ယာဉ်ကုမ္ပဏီတွေကတော့ ဘယ်ငြိမ်နေကြမလဲ။ ပူညံပူညံနဲ့ ထ ကန့်ကွက်ကုန်ကြတာပေါ့။ စီးပွါးရေးတိုးတက်အောင် လုပ်ဖို့လာတယ်ဆိုတဲ့ သမ္မတ … ခု သူတို့ စီးပွါးရေး ပျက်စီးထိခိုက်နစ်ပါပြီပေါ့။ အဲသည် ပိတ်ပင်လိုက်တဲ့အချိန်အတွင်း … အငှားလိုက် ရဟတ်ယာဉ် ခရီးစဉ်ပေါင်း ၃၀၀ နဲ့ ၄၀၀ အကြား ရပ်နားထားလိုက်ရမှာ ဖြစ်တဲ့အတွက် ဒေါ်လာ ၅ သိန်းနဲ့ ၇ သိန်းခွဲကြား နစ်နာဆုံးရှုံးရပါပြီပေါ့။ ပြီး နှိုင်းယှဉ်ကြည့်ပါပေါ့။ အခု သည် Las Vegas ကို Denver မြိုကနေ လာခဲ့တာ … သမ္မတရဲ့လေယာဉ် ၅၇ မိနစ်ကြပါတယ် တဲ့။ အစိုးရ ငွေစာရင်းဌာနရဲ့ ၂၀၀၀ ခုနှစ်က ထုတ်ပြန်ထားချက်အရ သမ္မတရဲ့ Air Force One ပျံသန်းချိန် တနာရီကို ဒေါ်လာ ၅၆,၀၀၀ ကုန်ကျတယ် တဲ့။ အခုဆိုရင် တနာရီ ဒေါ်လာ ၆၇,၄၀၀ ကျမယ်တဲ့။ ပြီး သည် Las Vegas ကနေ မြို့တော် Washington D.C ကိုပြန်မယ်ဆိုရင်လဲ … လေယာဉ်ကြီး ၇၄၇ ရဲ့ ပျံနှုန်း တနာရီ မိုင် ၆၃၀ နဲ့ ပျံတာကိုပဲ ခန့်မှန်းခြေ ၃ နာရီနဲ့ မိနစ် ၂၀ ကြာမယ်တဲ့။ သည့်အတွက် ကုန်ကျစရိတ်က ခန့်မှန်းပြောရရင် ၂ သိန်း ၂ သောင်း ၄ ထောင့် ၇၀၀ ကျမယ်တဲ့။ ဒါ မရပ်မနား … တောက်လျောက်ပြန်ပါမှ …။
အဲသလို … အသေးစိတ် တွက်ချက်ပြပြီး ကန့်ကွက်ကြတာပေါ့နော်။
ကျုပ်ကတော့ … အဲသည် သတင်းတွေဖတ် အဲသည်စကားတွေ နားထောင်ပြီး … ရင်သပ်ရှုမော အံသြမကုန် ဖြစ်မိတယ်။ သူတို့နိုင်ငံရဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးက တကယ့်ကို အားရစရာကြီးပါပဲ။ ဘယ် ကျုပ်တို့နိုင်ငံမှာသာဆို ဆွဲစေ့လိုက်မယ့် အမျိုး …။
အော် … ဗိုလ်ချုပ်ကြီးများ ကျန်းမာချမ်းသာကြပါစေဗျား …။
(မောင်သာရ)
(ဓာတ်ပုံ အင်တာနက် – နဗားဒါးပြည်နယ်က ဆီးနိတ်လွှတ်တော်အမတ်၊ ဒီမိုကရက်အမတ်များခေါင်းဆောင် ဟယ်ရီရိဒ် နှင့် သမ္မတအိုဘားမား အတူတွေ့ရစဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts