>BMA conference talks about 2010 elections

>

မြန်မာ့သတင်းသမဂ္ဂညီလာခံတွင် ၂၀၁၀ ရွေးကောက်ပွဲအရေး ဦးစားပေး
မိုးမခ အထောက်တော် အမှတ် ၀၀၆
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၀
ဗီဒီယိုရိုက်ကူးထားသော စွယ်စုံရ အနုပညာရှင် ဦးဝင်းဖေ၏ အမှာစကားကို ညီလာခံတွင် ပြသနေပုံ။ မောင်စွမ်းရည်၊ လူထုဦးစိန်ဝင်း၊ ဒေါ်မာမာအေး တို့ကလည်းလည်း ၃ ရက်ကြာ ပြုလုပ်မည့် ညီလာခံသို့ အမှာစကားများ ပေးပို့ထားကြသည်။ (ဓာတ်ပုံများ-မိုးမခ)

မြန်မာ့သတင်းသမဂ္ဂညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ ပြုလုပ်ရာ ၂၀၁၀ ရွေးကောက်ပွဲနှင့် သတင်းမီဒီယာ၏ အခန်းကဏ္ဍကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။ နိုင်ငံတကာရွေးကောက်ပွဲ စောင့်ကြည့်သူများ၊ သတင်းစာဆရာများက ဦးဆောင်ဆွေးနွေးကြမည် ဖြစ်သည်။

စစ်အစိုးရက ယခုနှစ်တွင် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲမှာ အချိန်စာရင်း မသိရသေးပေ။ သို့သော်လည်း ပြည်တွင်း ပြည်ပ စာနယ်ဇင်းသမားများက ရွေးကောက်ပွဲအကြောင်းအရာများကို ပြီးခဲ့သည့်နှစ်ကပင် ရေးသား ထုတ်လွှင့်နေကြပြီ ဖြစ်သည်။

ညီလာခံတွင် ဒုတိယအကြိမ်မြောက် ကင်ဂျိနာဂါအိ အမှတ်တရဆုပေးပွဲ ပြုလုပ်ရာ ကြိုတင် ရွေးချယ်ထားသည့် အကျဉ်းကျနေသည့် မြန်မာသတင်းသမား၂ဦးကို ချီးမြှင့်ကြောင်း ကြေညာခဲ့သည်။

ဆုရသူ ဗီဒီယိုရိုက်ကူးသည့် သတင်းသမား၂ ဦးမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရသော မလှလှဝင်း၊ ထောင်ဒဏ် ၁၇ နှစ် ကျခံနေရသော ကိုဝင်းမော်တို့ဖြစ်သည်။

ကင်ဂျိနာဂါအိ အမှတ်တရဆုသည် ၂ဝဝ၇ ခုနှစ်က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် သတင်းယူနေစဉ် ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ ဂျပန်သတင်းထောက် မစ္စတာကင်ဂျိနာဂါအိ အထိမ်းအမှတ်ပြုသောအားဖြင့် ဂျပန်သတင်းဌာန APF နှင့် မြန်မာသတင်းသမဂ္ဂတို့က ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ညီလာခံတွင် တွေ့ရသည့် နာမည်ကျော် ဘလော်ဂါတဦးဖြစ်သူ မင်းဒင်။ ညီလာခံသို့ ပြည်ပအခြေစိုက် မီဒီယာဆိုင်ရာပုဂ္ဂိုလ် အများအပြား တက်ရောက်လျက်ရှိသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts