>Burmese generals join Kim Jong-il birthday

>

မြောက်ကိုရီးယား အာဏာရှင် ကင်မ်ဂျုံအီ မွေးနေ့ ရန်ကုန်မြို့တွင် ပြုလုပ်
မိုးမခအထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၁၇၊ ၂၀၁၀
တနင်္ဂနွေနေ့က မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီ၏ မွေးနေ့ကို ရန်ကုန်မြို့ Chartrium ဟိုတယ်တွင် ပြုလုပ်ရာ မြန်မာ စစ်ခေါင်းဆောင် အများအပြား တက်ရောက် အားပေးကြသည်ဟု ကြေးမုံသတင်းစာတွင် တနင်္လာနေ့က ဖော်ပြထားသည်။

ရန်ကုန်မြို့ မြောက်ကိုရီးယား သံရုံးက စီစဉ်သည့် မွေးနေ့ပွဲသို့ တက်ရောက်သူများ၏ အမည်စာရင်းတွင် ဒုတိယဗိုလ်ချုပ်ကြီးတင်အေး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၊ ကြံ့ခိုင်ရေးအသင်း အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်ဌေးဦး၊ မြို့တော်ဝန် ဗိုလ်မှူးချုပ်အောင်သိန်းလင်း တို့ကို တွေ့ရသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်တွင် “ကျေးဇူးရှင်ကြီး” ကင်မ်ဂျုံအီ၏ ၆၈ နှစ်မြောက် မွေးနေ့ ဂုဏ်ပြုဆောင်းပါးရှည်ကြီးကို တွေ့ရသည်။ ထိုကြော်ငြာဆောင်းပါးကို မြောက်ကိုရီးယား သံရုံးက ထည့်သွင်းခဲ့ခြင်းဖြစ်သည်ဟု လေ့လာသူများက ယုံကြည်ကြသည်။

“ကင်မ်ဂျုံအီ၏ ဉာဏ်ပညာ အမြော်အမြင် ကြီးမားသော ခေါင်းဆောင်မှုမှနေ၍ ယခင်နှစ် တစ်နှစ်တည်းတွင်ပင် ပညာရပ်နယ်ပယ် ၂၀၀ ကျော်တွင် ကြီးမားသော အောင်ပွဲများ” ရခဲ့သည်ဟု ဆောင်းပါးတွင် ဖော်ပြထားသည်။

ထိုအောင်မြင်မှုများတွင် “ညဥ့်ဦးယံ ကောင်းကင်ပြင်တွင် ရှားရှားပါးပါး လှလှပပ မီးရှူးပန်းဖောက်ပွဲကို ကျင်းပနိုင်ခြင်း” မှ “ကိုရီးယားတို့ ကိုယ်ပိုင်စွမ်းရည် အတတ်ပညာဖြင့် မြေအောက် နျူကလီးယား စမ်းသပ်မှုကို ဒုတိယအကြိမ် ပြုလုပ်နိုင်ခြင်း” အထိ ပါဝင်သည်။

ကြက်မွေးမြူရေးစခန်း၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံ များသို့ သွားရောက်ပြီး “လိုအပ်သည်များကို လမ်းညွှန်မှုများ” ပြုလုပ်ခဲ့ပုံကိုလည်း ဖော်ပြထားသည်။

“တပ်မတော်နှင့် ပြည်သူအားလုံးတို့သည် နိုင်ငံတော်အတွက် အစွမ်းကုန် အလုပ်အကျွေးပြုကာ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီ ရယူပေးခဲ့သော အောင်ပွဲများအတွက် ကျေးဇူးဆပ်နေကြသည်” ဟု ဆိုသည်။

အာဏာရှင်များ တန်ခိုးထွားသည့် ကမ္ဘာ့ ဗီလိန်နိုင်ငံများဖြစ်သော မြန်မာနှင့် မြောက်ကိုရီးယားတို့၏ စစ်ရေး ဆက်နွယ်မှုများသည် ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်လာသည်။

ကင်မ်ဂျုံအီ၏ မွေးနေ့ကို မြန်မာပြည်အပါအ၀င် နိုင်ငံအနည်းငယ်တွင်သာ ပြုလုပ်ကြသည်။ ယမန်နေ့က မြောက်ကိုရီးယားတွင်လည်း မွေးနေ့ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြောင်း သတင်းများတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာ အာဏာရှင် ၂ နိုင်ငံတို့ တူသည့် အချက် ၂ ခုမှာ စစ်ရေးအတွက် ငွေကြေး အလွန်အကျွံ သုံးစွဲခြင်း၊ ပြည်သူများ ဆင်းရဲ နေခြင်းတို့ ဖြစ်သည်။ ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီ အုပ်ချုပ်သည့် မြောက်ကိုရီးယားမှ ပြည်သူတို့မှာ ပို၍ ဆင်းရဲငတ်ပြတ်နေသည်။

ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီသည် မြောက်ကိုရီးယား၏ အမြင့်ဆုံးတောင်ဖြစ်သည့် ပိတ်ခတူတောင်ရှိ တော်လှန်ရေး လျှို့ဝှက်စခန်းတွင် မွေးဖွားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရက ဆိုသည်။ ထိုနေရာကို သမိုင်းဝင်နေရာအဖြစ် သတ်မှတ်ထားသည်။

သို့သော်လည်း ခေါင်းဆောင်ကြီးသည် ဆိုဗီယက်ပြည်ထောင်စု ဆိုက်ဘေးရီးယားဒေသတွင် ၎င်း၏ ဖခင် ပြည်နှင်ဒဏ်ပေးခံရစဉ် မွေးဖွားခြင်းဖြစ်ကြောင်း လေ့လာသူများက ယုံကြည်သည်ဟု Reuters သတင်းတပုဒ်တွင် ဖော်ပြထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts