ကျော်ဟုန်း

Kyaw Home – Poem


ရှု့ထောင့်နဲ့ ရိုက်လင်းတန်းများ
ကျော်ဟုန်း
ဇွန် ၂၁၊ ၂၀၁၃
ပြောချင်တာတွေ .. များ
စိတ်အနာအဆာတွေ ..များ
များ (အမြှောက်ကိန်း) များတဲ့အခါ
ငါ့လက်တွေ ဆွံ့ အ
နှလုံးသားဟာ
ရနံ့ မရှိ၊ ရသာမရှိ
အံ့သြခြင်းနဲ့ မအံ့သြခြင်း
ဝိရောဓိတွေ ဖြစ်သွားပြီ။
ပန်းဖြူပွင့်ရဲ့ စူးရဲတဲ့ရနံ့ မှာ
အဆိပ်တွေ ပါနေသတဲ့လား။
အက်ဆစ်ပြင်းထဲမှာ
ရွှေဟာ သဘာဝမပျောက်
ရွှေမမှန်ရင်
တိုက်စားခံရမယ်မှတ်။
ပင်လယ်သောင်ပြင်မှာ
အက္ခရာတင်ခဲ့တာများ
သမိုင်းပြခန်းရဲ့
ထောင့် တထောင့်မှာထားရမလို
ဂုဏ်ယူနေသူလဲ ရှိရဲ့။
တိမ်တိုက်တွေပေါ်မှာ
စိတ်ရူးအိမ်ဆောက်ဖို့ အတွက်
ဟိုသူကြီးရဲ့ (ပြာတဆုပ်) လျက်
ဖိုဝင်နေကြ။
မှော်ပေါက်တဲ့အခါ
တော်ကောက်မလားဆိုပြီး
မျှော်သူ မျှော်ကြ။
အစိန္နမာနဥာဏ်နက်နဲ့ 
သူယောင်မယ်တစုက
ကမ္ဘာ့ဝင်ရိုးပေါ် ယိမ်းတက် က
မကြည့်ချင်လဲ ကြည့်နေကြားနေရ။
ဆေးရောင်စုံမြင်ကွင်းကျယ် လောက
သဘာဝကျကျ ငေးကြည့်ရင်း
တခါ တခါ
ငါ့မျက်ဝန်းစုံ မျက်လှည့်အပြခံရ
နှလုံးသားမှာ ရနံ့ မဲ့ – ရသာပျက်
ငါ့လက်တွေ ဆွ့ံအ ခဲ့ပေါ့

မှင်သက်ရအောင် အံ့သြရသကိုး။     ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts