>Mandalay Mitta passes away: Rangoon Mitta

>

အမည်တူ၊ လုပ်ငန်းတူသူတဦး ကွယ်လွန်သွားကြောင်း လူရွှင်တော် မေတ္တာ ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၁၀
ဖေဖော်ဝါရီ ၈၊ ၂၀၁၀


မကြာသေးမီ ကွယ်လွန်ခဲ့သည့် လူရွှင်တော် မေတ္တာ ဆိုသည်မှာ ၎င်းနှင့် အနုပညာ အမည်တူသည့် သဘင်သည်တဦး ဖြစ်ကြောင်း နိုင်ငံကျော် လူရွှင်တော်၊ သရုပ်ဆောင် မေတ္တာ၏ ပြောကြားချက်ကို အင်္ဂါနေ့ထုတ် First Music ဂျာနယ်တွင် ဖော်ပြထားသည်။

နာမည်တူသည့် တိုက်ဆိုင်မှုကြောင့် ပရိသတ်တချို့က မေးမြန်းစုံစမ်းမှုများ ပြုလုပ်လာသဖြင့် နိုင်ငံကျော် မေတ္တာက တယ်လီဖုန်းဖြင့် အဆက်မပြတ် အကြောင်းပြန်ကြားပေးနေရသည်ဟု ဆိုသည်။

သေဆုံးသွားသူ မန္တလေးမှ နာမည်တူ၊ လုပ်ငန်းတူ လူငယ်အတွက် စိတ်မကောင်းဖြစ်မိပါသည်ဟု နိုင်ငံကျော် မောင်မေတ္တာက First Music ဂျာနယ်ကို ပြောသည်။

“သေသွားတဲ့အတွက် ၀မ်းနည်းတယ်၊ လူရွှင်တော်တစ်ယောက် ဖြစ်တဲ့အတွက် ပိုပြီး ၀မ်းနည်းတယ်။ နောက်တစ်ခါ ထပ်ပြီး ၀မ်းနည်းတာက နာမည်တူတဲ့လူ ဖြစ်တဲ့အတွက် ပိုပြီး စိတ်မကောင်း ဖြစ်မိတယ်။ သူက ငယ်ငယ်ပဲ ရှိသေးတယ်။ ၂၃ နှစ် ဆိုလား ဒါပဲ ရှိသေးတယ်” ဟု သူက ဆိုသည်။

ဘလော့ စာမျက်နှာတချို့တွင်လည်း နိုင်ငံကျော် လူရွှင်တော် မေတ္တာ သေဆုံးပြီ ဟု ရေးသားခဲ့ကြသည်။ ထိုသို့ရေးသားမိသည့် ဘလော်ဂါတယောက်က “အားလုံးကို အနူးညွတ်တောင်းပန်ပါတယ်။ အဲဒီ ပို့စ်ကို လည်းဖြုတ်လိုက်ပါပြီနော်။ သူမသေတဲ့အတွက် လည်းဝမ်းသာမိပါတယ်ဗျာ” ဟု ပြန်လည် ရေးသားလိုက်သည်။

ဇန်န၀ါရီလ ၂၂ ရက်(သောကြာ)နေ့ ညနေပိုင်းက မေတ္တာနှင့် နာမည်ကျော် အနုပညာရှင်များသည် ဂျပန်သို့ သွားရောက် ဖျော်ဖြေရန် စီစဉ်နေစဉ် ရန်ကုန်မင်္ဂလာဒုံလေဆိပ်တွင် တားဆီးခံရခြင်းလည်းဖြစ်သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ကိုမေတ္တာက “ကျနော်တို့ကို ရုပ်ရှင်အစည်းအရုံးကခေါ်ပြီး မသွားသင့်ဘူးလို့ ယူဆပြီး တားထားတယ်ခင်ဗျ။ ဘာ့ကြောင့်လဲတော့ မသိဘူးခင်ဗျ။ ရုပ်ရှင်အစည်းအရုံးကို ကျနော်တို့က စာတင်ရတယ်လေ။ ရုပ်ရှင်အစည်းအရုံးမှာ ပြဇာတ်တို့၊ ရုပ်ရှင်တို့ ဖျော်ဖြေရိုက်ကူးဖို့အတွက် ပြည်ပကိုသွားရတဲ့အခါ စာတင်ရတယ်လေ။ ခဏစောင့်ပါဦး၊ နေပါဦးလို့ပြောထားတယ်ခင်ဗျ” ဟု ပြောခဲ့ဖူးသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts