>privatization (follow-up report)

>

စက်သုံးဆီ အရောင်းဆိုင် ပုဂ္ဂလိကပိုင် လုပ်ရန် တရားဝင်ကြေညာ
မိုးမခအထောက်တော်၊ ရန်ကုန်
ဖေဖော်ဝါရီ ၅၊ ၂၀၁၀
ရန်ကုန်မြစ်အတွင်း တွေ့ရသည့် လောင်စာဆီတင် သင်္ဘောတစီး (ဓာတ်ပုံ – မိုးမခ)


စက်သုံးဆီ ဖြန့်ဖြူးရေး ဆိုင်များ၊ လောင်စာဆီ သိုလှောင်ကန် ဆောက်လုပ်ရန် မြေနေရာများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရေး အဆိုပြုလွှာ ခေါ်ယူသည့် ကြေညာချက်ကို ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

လွန်ခဲ့သည့် သီတင်းပတ်အတွင်း စက်သုံးဆီ တင်သွင်း၊ ဖြန့်ဝေမှုများ ပုဂ္ဂလိကပိုင် ပြုလုပ်မည်ဟု သတင်း ထွက်ပေါ်ခဲ့ပြီးနောက် ယခု ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

စွမ်းအင်ဝန်ကြီးဌာနပိုင် မြန်မာတနိုင်ငံလုံး ရှိ လောင်စာဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင်ကို ပုဂ္ဂလိက လက်သို့ လွှဲပြောင်း ရောင်းချပေးမည့် သဘောဖြစ်ပြီး ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် လိုအပ်လာမည့် စက်သုံးဆီ တင်သွင်း သိုလှောင်ရေးနှင့် ပတ်သက်ပြီး လိုအပ်မည့် မြေနေရာ၊ ဆိပ်ခံဘောတံတား တည်ဆောက်ခြင်း၊ ဖြန့်ဖြူးရေး ဆိုင်သစ်၊ သိုလှောင်ကန် သစ်တည်ဆောက်ခြင်း တို့နှင့် ပတ်သက်ပြီး စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်း အုပ်ချုပ်ရေး အဖွဲ့တို့ထံ ဆက်သွယ်ဆောင်ရွက်ရန် ဖော်ပြထားသည်။

မည်သည့်နေ့ရက် နောက်ဆုံးထား ဆက်သွယ်ရမည် ဆိုသည်ကို ဖော်ပြထားခြင်း မရှိသော်လည်း လာမည့် မတ်လ ၃၁ရက် ဘဏ္ဍာရေးနှစ် မကုန်မီ အပြီး လွှဲပြောင်းပေးရန် ရည်ရွယ်ထားသည် ဟု ပြည်တွင်း ထုတ် ဂျာနယ် အချို့၏ ဖော်ပြချက်များအရ သိရသည်။

လက်ရှိ အစိုးရပိုင် စက်သုံးဆီ ဖြန့်ဖြူးရေးဆိုင် ၂၄၆ ဆိုင် အနက် ရန်ကုန်တိုင်းအတွင်း အများဆုံး ၅၂ ဆိုင် ရှိပြီး ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အနည်းဆုံးဖြစ်ကာ ၁ ဆိုင်သာ ရှိသည်ကို တွေ့ရသည်။

၁၉၆၂တွင် တော်လှန်ရေး ကောင်စီ အာဏာ သိမ်းပြီးနောက် ၄၈ နှစ် နီးပါး အကြာတွင် ယခုကဲ့သို့ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ပထမဆုံး အကြိမ် အဖြစ် တရားဝင် လက်လီ ဖြန့်ဖြူးခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ယခင် မဆလ အစိုးရလက်ထက် ၁၉၇၀ ပြည့်နှစ်ခန့်က စက်သုံးဆီ တရားဝင်ရောင်းချနှုန်းနှင့် ပြင်ပ မှောင်ခိုဈေးကွက်နှုန်းတို့ ကွာဟခဲ့ပြီး အစိုးရ ဖြန့်ဖြူးရေးမှ ရရှိသည့် ခွဲတမ်းနှင့် မလောက်ငှသည့် ယာဉ်များ အနေဖြင့် မှောင်ခိုဈေးကွက်ကိုသာ အားကိုးခဲ့ကြရသည်။

ယခုကဲ့သို့ စက်သုံးဆီ လက်လီဖြန့်ဖြူးရေးကို ပုဂ္ဂလိက လုပ်ပိုင်ခွင့် ပြုလုပ်ရန် ကြေညာခဲ့ခြင်းမှာ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နအဖ အစိုးရ အနေဖြင့် လုပ်ပိုင်ခွင့်များကို ဗိုလ်ချုပ်များနှင့် နီးစပ်သည့် လုပ်ငန်းရှင်များအား တတ်နိုင်သရွေ့ လွှဲပြောင်းပေးလိုခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မှ အကဲခတ်များက သုံးသပ်နေကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts