အောင်ဒင်

Aung Din – Burma’s Parliament Watch Part 25

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် – အပိုင်း (၂၅)
အောင်ဒင်
ဇွန် ၂၂၊ ၂၀၁၃


လွှတ်တော်နှင့် မတရားသောဥပဒေများ ဖျက်သိမ်းရေး (င)
● ၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေ
ဒီဥပဒေကို နအဖစစ်အစိုးရက ၂၀၀၄ခုနှစ် ဧပြီလ ၃၀ရက်နေ့မှာ ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ်နဲ့ နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်မှတ်ထိုးပြီး ပြဋ္ဌန်းခဲ့ပါတယ်၊ အခုဆိုရင် ၉နှစ်သက်တမ်းရှိပါပြီ၊ ၉နှစ်သက်တမ်းအတွင်းမှာ ဒီဥပဒေရဲ့ သက်ရောက်မှုကို အဓိကခံစားရတာက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေပါ၊ ကိုသူရ (ခေါ်) ဇာဂနာ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ မင်းဇေယျ၊ ဌေးကြွယ်၊ ပြုံးချို၊ နေဖုန်းလတ် စတဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားသူတွေကို စစ်အစိုးရက ၂၀၀၇ ခုနှစ်မှာ ဖမ်းဆီးပြီး ပုဒ်မတွေအများကြီးနဲ့ တရားစွဲဆိုပြီး ကြီးမားတဲ့ ထောင်ဒဏ်တွေချမှတ်ရာမှာ  ဒီဥပဒေရဲ့ ပြစ်ဒဏ်ပေးပုဒ်မ ၃၃ (က) နဲ့ ပုဒ်မ ၃၈ တွေကိုလည်းအသုံးချခဲ့ပါတယ်၊ ဒီဥပဒေရဲ့ အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၅နှစ်ဖြစ်ပြီး မင်းကိုနိုင်အပါအဝင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များကို ထောင်ဒဏ် ၆၅နှစ် နဲ့ ၆လအပြစ်ပေးရာမှာ အနှစ် ၆၀က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက် ၄ခုအတွက်ပါ၊ ဒီဥပဒေဟာလည်း ပြည်သူလူထုကို ကိုယ်စားပြုတယ်ဆိုတဲ့ ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး ရုပ်သိမ်းသင့်တဲ့ဥပဒေဖြစ်ပါတယ်၊
● ဥပဒေအကျဉ်းချုပ်
ဒီဥပဒေမှာ အခန်းပေါင်း ၁၃ခန်း၊ ပုဒ်မပေါင်း ၅၂ခုပါဝင်ပြီး စာမျက်နှာ ၁၈မျက်နှာ ရှည်လျားတာမို့ အသေးစိတ်မဖော်ပြတော့ပါ၊ အခန်း (၂) မှာ ဥပဒေပြဋ္ဌန်းရခြင်းရဲ့ရည်ရွယ်ချက်များအဖြစ် ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရာမှာ အရေးကြီးတဲ့ လျှပ်စစ်ဆက်သွယ်ရေးနည်းပညာကို ပံ့ပိုးဖို့၊ ကွန်ပြူတာကွန်ယက်တွေကတဆင့် အသုံးချနေတဲ့ လျှပ်စစ်ဆက်သွယ်မှုတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့၊ ကွန်ပြူတာကွန်ယက်တွေက တစ်ဆင့် နိုင်ငံတကာနဲ့ ဒေသတွင်းအစိုးရများ၊အဖွဲ့အစည်းများ၊ ဋ္ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များအပြန်အလှန်ဆက်သွယ်ရာမှာ ထိရောက်လျင်မြန်ဖို့၊ စသဖြင့်ဖော်ပြထားပေမည့် အမှန်တကယ်ရည်ရွယ်ချက်က နိုင်ငံသားများရဲ့ ကွန်ပြူတာ၊ အင်တာနက်သုံးစွဲမှုနဲ့ ကွန်ပြူတာကွန်ယက်များကို ထိန်းချုပ်ဖို့၊ စောင့်ကြပ်ကွပ်ကဲဖို့နဲ့ သတင်းဖြန့်ချိခြင်း၊ ဖလှယ်ခြင်းများကို အရေးယူဖို့ပဲ ဖြစ်ပါတယ်၊ ဒါကြောင့်လည်း ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ပြင်ပနိုင်ငံများနဲ့ ဆက်သွယ်တဲ့ အီးမေးတစ်စောင်တွေ့ရုံနဲ့ ထောင်ဒဏ် ၁၅နှစ်အပြစ်ပေးတာပါ၊
အဲဒီလို ထိန်းချုပ်နိုင်ဖို့အတွက် အခန်း ၄ မှာ အစိုးရက “လျှပ်စစ်ဆက်သွယ်ရေးဆိုင်ရာ ဗဟိုအဖွဲ့” ကို ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းလုပ်ငန်းများဆိုင်ရာ ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်နဲ့ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဖွဲ့စည်းပါတယ်၊ အခန်း ၅မှာ အဲဒီ ဗဟိုအဖွဲ့ကနေ “လျှပ်စစ်ဆက်သွယ်ရေးများ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့” ကို ဖွဲ့စည်းပါတယ်၊ ဒီဥပဒေအရ ဗဟိုအဖွဲ့နဲ့ ကြီးကြပ်ကွပ်ကဲရေးဘုတ်အဖွဲ့တွေဟာ နိုင်ငံသားများရဲ့ ကွန်ပြူတာပိုင်ဆိုင်မှု၊ အသုံးချမှု၊ အင်တာနက်သုံးစွဲမှု၊ ကွန်ပြူတာကွန်ယက်များကို သုံးစွဲမှုတွေကို ခွင့်ပြုနိုင်၊ ငြင်းပယ်နိုင်၊ တားဆီးနိုင်၊ ကန့်သတ်နိုင်၊ အရေးယူနိုင်တဲ့ အာဏာပိုင်အဖွဲ့အစည်းများဖြစ်လာပါတယ်၊ တစ်နည်းပြောရရင်တော့ နိုင်ငံသားများရဲ့ နေ့တဓူဝ သွားလာလှုပ်ရှားဆောင်ရွက်မှုတွေကို ကန့်သတ်ချုပ်သောဥပဒေများနဲ့တင် မလုံလောက်တော့လို့ နိုင်ငံသားများရဲ့ ကွန်ပြူတာများ၊ အီးမေးများ၊ အီလက်ထရောနစ်ဆက်သွယ်မှုများကို ဒီဥပဒေနဲ့ ကန့်သတ်ချုပ်ချယ်တာပါ၊ 
ဒီဥပဒေ ပုဒ်မ ၃၃ အရ မည်သူမဆို (က) နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ အပြုအမူတစ်ခုခုကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့ ဆောင်ရွက်တယ်ဆိုရင်၊ (ခ)  နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်စီးပွါးရေးနဲ့ အမျိုးသားယဉ်ကျေးမှုတွေကို နှောက်ယှက်ဖျက်ဆီးတဲ့ သတင်းအချက် အလက်တွေကို လျှပ်စစ်ဆက်သွယ်ရေးနည်းလမ်းများနဲ့လက်ခံရရှိရင်၊ ပေးပို့ရင်၊ တဆင့်ထပ်မံဖြန့်ချိတယ်ဆိုရင်၊ ထောင်ဒဏ်အနည်းဆုံး (၇) နှစ်ကနေ အများဆုံး (၁၅) နှစ်အထိကျခံစေရမည်၊ ဒဏ်ငွေလည်းပေးဆောင်ရနိုင်သည်လို့ ပြဋ္ဌန်းထားပါတယ်၊
ပုဒ်မ ၃၄ ကတော့ လျှပ်စစ်ဆက်သွယ်ရေးတွေကို ဝင်ရောက်ဖျက်ဆီးရင်၊ သတင်းအချက်အလက်တွေကို ခိုးယူရင်၊ စသဖြင့် ကွန်ပြူတာကွန်ယက်ဆိုင်ရာပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် ၅ နှစ်အထိ သို့မဟုတ် ဒဏ်ငွေ သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံးချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၅၊ ၃၆ နဲ့ ၃၇ တို့ကတော့ ကြီးကြပ်ရေးဘုတ်အဖွဲ့က ထုတ်ပေးတဲ့ ခွင့်ပြုချက်လိုင်စင်ပါ စည်းကမ်းသတ်မှတ်ချက်တွေကို ချိုးဖောက်ရင်ပုဒ်မ ၃၅ အတွက် ထောင်ဒဏ် ၃နှစ် သို့မဟုတ် ငွေဒဏ်သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး၊ ပုဒ်မ ၃၆ နဲ့ ၃၇ အတွက် ထောင်ဒဏ် တစ်နှစ် သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ်ခုစလုံး ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်၊ ပုဒ်မ ၃၈ ကတော့ ရှေ့မှာ ပြဋ္ဌန်းထားတဲ့ ပြစ်ဒဏ်တွေကို ထပ်မံထင်ရှားစေတာပါ၊ “မည်သူမဆို ဒီဥပဒေပါ ပြဋ္ဌန်းချက်တွေကို ချိုးဖောက်ဖို့ ကြံစည်အားထုတ်တယ်၊ ပူးပေါင်းဆောင်ရွက်တယ်ဆိုရင်လည်း အလားတူပြစ်ဒဏ်များကျခံစေရမည်” လို့ ပြဋ္ဌန်းထားပါတယ်၊ 
ဆိုလိုတာကတော့ ရှေ့မှာပြဋ္ဌန်းထားတဲ့ ပြစ်မှုတွေကို အမှန်တကယ်မကျူးလွန်တောင်မှ ကျူးလွန်ဖို့ ကြံစည်တယ်၊ ကျူးလွန်သူတစ်စုံတစ်ယောက်နဲ့ ပါတ်သက်မိတယ်ဆိုရင်လည်း အပြစ်ရှိတယ်လို့ ခြိမ်းခြောက်တာပါ၊
အံ့ဩစရာကောင်းတာက ဒီမိုကရေစီရေးလှုပ်ရှားသူတွေသာ ဒီဥပဒေ ပုဒ်မတွေနဲ့ အရေးယူထောင်ချခံရပြီး ဘလော့တွေ (Blog)၊ ဖေ့စ်ဘုက် (Face Book) စာမျက်နှာတွေမှာ လူမျိုးရေး၊ ဘာသာရေးအဓိကရုံးဖြစ်အောင် လှုံ့ဆော်ရေးသားနေကြသူတွေကိုတော့ ဒီဥပဒေနဲ့ ဖမ်းဆီးအရေးယူတာ မတွေ့ရပါ၊ 
● ဦးသိန်းညွန့် ကြိုးပမ်းပြန်ခြင်း
ပထမအကြိမ်ပြည်သူ့လွှတ်တော်ရဲ့ ဆဋ္ဌမပုံမှန်အစည်းအဝေး ဒဿမနေ့ဖြစ်တဲ့ ၂၀၁၃ခုနှစ် ဇန်နဝါရီလ ၂၉ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က “အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” ကို တင်သွင်းခဲ့ပါတယ်၊ 
ဦးသိန်းညွန့်က ဥပဒေကြမ်းတင်သွင်းရခြင်းအကြောင်းကို ရှင်းလင်းတင်ပြရာမှာ “အမျိုးသားလုံခြုံရေးရှူထောင့်ကို ကျနော်တို့နားလည်ပါတယ်၊ လက်ခံပါတယ်၊ သို့သော် တစ်ကြိမ်တည်းမှာ လူ့အခွင့်အရေးနဲ့ ဥပဒေတစ်ခုအား မိမိမူလရည်ရွယ်ချက်နဲ့ ပြဋ္ဌန်းချက်များကွဲလွဲနေတယ်၊ ပြဋ္ဌန်းချက်များမသဲကွဲဘူး၊ စကားလုံးမတိကျဘူး၊ ဥပဒေကို နိုင်ငံရေးရည်မှန်းချက်နဲ့ အသုံးချနိုင်တဲ့ ပြဋ္ဌန်းချက်မျိုးဖြစ်ရင်တော့ ဒီဥပဒေများကို ပြန်လည်ရုပ်သိမ်းပြီးတော့ အသစ်ဆွဲသင့်ပါတယ်၊ ဒါ့ကြောင့် ၂၀၀၄ခုနှစ် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ဥပဒေကြမ်းအဆိုတင်သွင်းရခြင်းဖြစ်ပါတယ်၊” လို့တင်ပြပါတယ်၊
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ ဖိတ်ခေါ်ချက်အရ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ဦးသိန်းညွန့်ရဲ့ အဆိုကို ပြန်လည်ရှင်းလင်းတင်ပြရာမှာ “ခေတ်စနစ်နှင့် ပိုမိုလျော်ညီပြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းဆောင်ရွက်နိုင်သည့် e-Commerce ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်သည့်၊ ထူးချွန်ထက်မြက်သော မြန်မာ IT လူငယ်များ၏ တီထွင်မှုစွမ်းအားကို ထုတ်ဖော်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာဝန်ကြီးဋ္ဌာနများ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ IT ပညာရှင်များ ရင်းနှီးပွင့်လင်းစွာဆွေးနွေးတိုင်ပင်ပြီး နိုင်ငံတကာမှ ဥပဒေနှင့်    ပညာရှင်များ၏ အကူအညီကိုရယူကာ အသစ်ရေးဆွဲရန် သင့်လျော်ကြောင်း၊ အဆိုပါ e-Commerce ဥပဒေအသစ်မပေါ်ပေါက်မီကာလအတွင်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေတွင်ပါဝင်သည့် အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းတွင် ပါဝင်သည့် ပြဋ္ဌန်းချက်များကို လိုအပ်ပါက ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရေးဆွဲခြင်းတို့သာ ပြုလုပ်သင့်ပြီး ဥပဒေအသစ် အတည်ပြုပြဋ္ဌန်းပြီးမှသာ ယခု ဥပဒေတစ်ခုလုံးကို ရုပ်သိမ်းခြင်းပြုသင့်ပါကြောင်း” ရှင်းလင်းပါတယ်၊
ဒုတိယ ဝန်ကြီး ဦးသောင်းတင်ရဲ့ ရှင်းလင်းချက်ကို ဦးသိန်းညွန့်က လက်ခံပြီး သူတင်သွင်းတဲ့ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ခြင်းမပြုပဲ ပြည်သူ့လွှတ်တော်က မှတ်တမ်းတင်ပေးဖို့တောင်းဆိုတာမို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဦးသိန်းညွန့်တင်သွင်းတဲ့ ဥပဒေကြမ်းကို လွှတ်တော်မှ လက်ခံဆွေးနွေးရန် မရှိကြောင်းနဲ့ လွှတ်တော်တွင် မှတ်တမ်းတင်ထားရှိပြီး သက်ဆိုင်ရာဝန်ကြီးဋ္ဌာနရဲ့ ဆောင်ရွက်မှုကို စောင့်ကြည့်ပူးပေါင်းကူညီသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်၊
● ဘာတွေဆက်ဖြစ်မှာလဲ
အခုအတိုင်းဆို “အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” ဟာ တင်သွင်းသူကိုယ်တိုင်က မဲခွဲဖို့ မတောင်းဆိုတာမို့ အရေးနိမ့်သွားခဲ့ပါပြီ၊ ဦးသိန်းညွန့်က ဒုတိယဝန်ကြီး အကြံပြုသလို အခန်း (၁၂) ပြစ်မှုနှင့် ပြစ်ဒဏ်များအပိုင်းကိုပဲ ရုပ်သိမ်း သို့မဟုတ် ပြင်ဆင်မည့် “အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း”ကို လာမည့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမှာလားဆိုတာတော့အသေအချာမသိရပါ၊ 
ဒုတိယဝန်ကြီးတင်ပြသွားတဲ့ ခေတ်နဲ့လျော်ညီတဲ့ “e-Commerce” ဥပဒေသစ်ကို ဘယ်သူတွေက ဘယ်တော့ရေးဆွဲပြီး ဘယ်အချိန်မှာ လွှတ်တော်ကို တင်ပြမလဲဆိုတာလည်း အသေအချာမသိရပါ၊ ပြည်ထောင်စုလွှတ်တော်ကို ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ ဆက်သွယ်ရေးဥပဒေကြမ်းမှာလည်း အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေက ပုဒ်မ ၃၃ နဲ့အလားတူပြစ်ဒဏ်နဲ့အရေးယူမှုတွေကို ထည့်သွင်းထားတာတွေ့ရပါတယ်၊
သေချာတာကတော့ အစိုးရအာဏာပိုင်တွေ အလိုမတွေ့တဲ့ အီးမေးတစ်စောင်ကို ပေးပို့ရုံ၊ လက်ခံရရှိရုံ၊ တဆင့်ဖြန့်ဝေရုံ၊ မိမိရဲ့ ကွန်ပြူတာထဲမှာ ရှိနေရုံနဲ့ ထောင်ဒဏ် ၁၅နှစ် ကျခံရမည့် ဥပဒေဆိုးကြီးတစ်ခုကဖြင့် လွတ်မြောက်နေဆဲ၊ ရှင်သန်နေဆဲ၊ ဒီမိုကရေစီလှုပ်ရှား သူများကို အန္တရာယ်ပြုဖို့ အသင့်ရှိနေဆဲပါ၊
ဆက်ပါဦးမယ်၊
လေးစားစွာ၊
အောင်ဒင်
မေ ၁၄၊ ၂၀၁၃

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၄၈၊ ဇွန်လ ၆ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts