>Saung Yun La – 41 Year Old Title – Poem

>

၄၁နှစ်တာဖတ်စာရဲ့ ခေါင်းကြီးပိုင်းတနေရာက ခေါင်းစဉ်

ဆောင်းယွန်းလ
ဖေဖော်ဝါရီ ၄၊ ၂၀၁၀
မနေ့ကအထိ စဉ်းစားတွေးခေါ်နေမိတဲ့
အကြောင်းတကာ့ အကြောင်းအရာတွေထဲမှာ
ကလေးအတွေး တွေးဖို့အတွက်
ဖြူစင်ဝင်းပ မနက်ခင်းလှလှတွေကို
အရွယ်က ကြိုးမိန့်ချခဲ့တဲ့အကြောင်း ပါသလို
လမ်းမတချို့ပေါ်က လူငယ်ဘဝကို
အချိန်က အနုကြမ်းစီးလို့
ဇရာက စစ်ကြေငြာထားပြီးခဲ့တဲ့အကြောင်းလည်း ပါတယ်။
 အဲဒီ ဇရာစစ်တပ်ကြီးက         
သူ့ရဲ့ အင်ပါယာကို ချဲ့ထွင်ဖို့အတွက်
မင်းညီမင်းသားပေါင်း ၉၆ပါးနဲ့ အတူ
ခန္ဒာကိုယ်ပေါ်က လူလတ်ပိုင်း ဒေသတချို့ကို
ရောင်စုံပရိယာယ်တွေနဲ့ နယ်ချဲ့ယူဖို့ ကြိုးစားနေတဲ့အကြောင်း ပါသလို …
 ကံကြမ္မာ ကမ်းလွန်ပင်လယ်ဒေသနဲ့
စစ်ပြေငြိမ်းရေး ဆွေးနွေးဖို့အတွက်
ငြိမ်းချမ်းရေးအလံဖြူကို ထောင်ပြထားခဲ့ပါလျှက်က
ဧည့်ဆိုးအမည်ခံ အသေခံဗုံးခွဲတပ်သားတွေက
ဘဝတောင်တန်းဒေသကို အလုံးအရင်းချီတက်လာကြပြီး
စိတ်ရဲ့ ကောင်းကင်ကြီးကို မီးရှို့ဗုံးခွဲ
လူကို ပက်လက်လဲအောင်တွန်းချဖို့ ကြိုးစားနေကြတဲ့အကြောင်းလည်း
တနေ့တာဖတ်စာရဲ့ ခေါင်းကြီးပိုင်းတချို့အဖြစ် ပါဝင်နေခဲ့ပြန်တယ်။
 ဒီကနေ့ရဲ့ စိတ်ပြတင်းကို ဖွင့်ကြည့်လိုက်မိတော့.
နှင်းအပြည့် ပစ်တင်ခုတ်မောင်းလာတဲ့
ဖေဖော်ဝါရီ ရထားအသစ်တစင်းက
ကုံရာသီရဲ့ အချက်ပြ ဥသြဆွဲသံကိုပေးပြီး
ကျနော့် ဘူတာအိုလေးရှေ့ကို ဆိုက်ရောက်လာတာတွေ့ရတယ်။
 အဝေးက အဖေနဲ့ အမေတို့ရေ …
ဟောဒီ ၄၁နှစ် ပြည့်ခဲ့ခြင်းရဲ့ မှတ်တမ်းထဲမှာတော့
ကျနော့်ရဲ့ အမှတ်တရလွမ်းစရာ ငဝန်မြစ်ကမ်းလေး
ဘယ်သူပြန်ပေးမလဲဆိုတဲ့ ခေါင်းစဉ်တခုကိုပဲ
ခပ်ငေးငေး ထိုင်ရေးနေမိတော့တယ်ဗျာ ။               ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts