>Revolution participants – 15

>

အရေးတော်ပုံ ရင်ခုန်သူများ အမှတ် ၁၅
အောင်ဝေး
ဇန်နဝါရီ ၃၀၊ ၂ဝ၁ဝ


အခုတစ်လော မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးထဲက ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ကျွန်တောာ်တို့ရဲ့ ရဲဘော်ကြီး ကဗျာဆရာ မုံရွာအောင်ရှင်လည်း အင်းစိန်ထောင်ကနေ ပြန်ထွက်လာပါတယ်။ ဆရာမုံရွာအောင်ရှင်ကို စစ်အစိုးရက ၂၀၀၀ ပြည့်နှစ်မှာ ပုံနှိပ်အက်ဥပဒေတွေနဲ့ ထောင်ဒဏ် ၂၁ နှစ် ချခဲ့တာပါ။

ကျွန်တောာ်တို့ တိုင်းပြည်မှာ စာပေအနုပညာ လွတ်လပ်ခွင့်ဟာ ဘယ်တုန်းကမှ မရှိခဲ့တာပါ။ ဘယ်ရှိပါ့မလဲ။ ကျွန်တော်တို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ နှစ်ပေါင်းများစွာ အကြမ်းဖက် ချိုးဖောက်ခံနေရတဲ့ တိုင်းပြည်ပဲ။

အခုလို ပြန်လွတ်လာတဲ့ သူတွေထဲမှာ ၁၉၈၈ တုန်းက ဒီမိုကရေစီ အရေးအခင်းကို မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးခဲ့တဲ့ တောင်ဥက္ကလာက လောကနတ် ဦးဝင်းမြင့်လည်း ထောင်သက် ၂၁ နှစ်နဲ့ ပြန်လည် လွတ်မြောက်လာပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကို အနုပညာနဲ့ မှတ်တမ်းတင်ခဲ့လို့ စစ်အစိုးရက ဦးဝင်းမြင့်ကို သေဒဏ် အမိန့် ချမှတ်ခဲ့တာပါ။

စာပေမှာ လွတ်လပ်ခွင့် မရှိဘူး။ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် ဘယ်နေရာမှာမှ လွတ်လပ်ခွင့် မရှိတဲ့ တိုင်းပြည်ဟာ ကျနော်တို့ တိုင်းပြည်ပါ။ အဲဒီလို လွတ်လပ်ခွင့် မရှိတဲ့ တိုင်းပြည်မှာ လွတ်လပ်ခွင့်ရဖို့ ကျောင်းသားတွေ၊ ပြည်သူတွေဟာ စစ်အစိုးရ အဆက်ဆက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာပါ။

စစ်အစိုးရဟာ သူ့ရဲ့ ၀ါဒဖြန့် မုသာဝါဒ ပေါ်လစီ ယန္တရားတွေ အဖြစ်နဲ့ သတင်းစာ၊ ရေဒီယို နဲ့ ရုပ်မြင်သံကြားတွေကို တစ်ဖက်သတ် တွင်တွင်ကျယ်ကျယ် အသုံးချနေပါတယ်။ တစ်ဖက်က ပြည်သူလူထုရဲ့ လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဝေခွင့်ကိုတော့ အပြတ်အသတ် ဖိနှိပ် ပိတ်ပင်ထားတာပါပဲ။

စစ်အစိုးရက ပိတ်ပင်ထား၊ ဖိနှိပ်ထားတဲ့ ကြားကပဲ မရ ရတဲ့နည်းနဲ့ တိုက်ပွဲဝင် ကျောင်းသား လူငယ်တွေဟာ စစ်အာဏာရှင် ဖြုတ်ချရေး၊ အစိုးရ ဆန့်ကျင်ရေး၊ လှုံ့ဆော် စာရွက်စာတမ်း စာစောင်တွေကို သက်စွန့်ဆံဖျား လျှို့ဝှက် ထုတ်လုပ် ဖြန့်ဝေခဲကြပါတယ်။ ကျောင်းသား လူငယ်တွေဟာ ဘ၀နဲ့ ရင်းပြီး ဒီအလုပ်ကို လုပ်ကြရတာပါ။ တချို့ အဖမ်းခံရပြီး အစိုးရ အကျဉ်းထောင်ထဲမှာ စစ်အုပ်စုရဲ့ နှိပ်စက် ညှဉ်းပန်းမှုကို အလူးအလဲ ခံခဲ့ကြရပါတယ်။

မကြာသေးခင်က ကော့သောင်းမြို့ အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်က လူငယ်တစ်ဦးဖြစ်တဲ့ ကိုထွန်းမင်းအောင် ဆိုရင် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတုန်းက အစိုးရ ဆန့်ကျင်ရေး စာရွက်စာတမ်း ဖြန့်ဝေမှုနဲ့ ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်ခံခဲ့ရသူပါ။

မဆလ၊ န၀တ၊ နအဖ စစ်အာဏာရှင် ခေတ်အဆက်ဆက် အစိုးရ ဆန့်ကျင်ရေး လျှို့ဝှက်စာရွက်စာတမ်း ဖြန့်တာတွေ၊ လျှို့ဝှက်ကဗျာစာအုပ်ထုတ်တာတွေဟာ တော်လှန် တိုးတက်တဲ့ ကျောင်းသား လူငယ်တွေ ကြားမှာ ဘယ်တုန်းကမှ တိမ်ကောမသွားခဲ့ပါဘူး။

၁၉၇၄ အလုပ်သမား အရေးအခင်းနဲ့ ဦးသန့် အရေးအခင်း၊ ၁၉၇၅ ရွှေတိဂုံ အထွေထွေ သပိတ် ကာလတွေမှာ ရန်ကုန်တက္ကသိုလ်မှာ ‘အင်ကြင်း’ လို့ အမည်ရှိတဲ့ အစိုးရဆန့်ကျင်ရေး စာစောင်တစ်ခု လျှို့ဝှက် ပေါ်ထွက်ခဲ့ပါတယ်။ ကွယ်လွန်သူ ကဗျာဆရာ ကျော်ဝင်းမောင် (ရန်ကုန်တက္ကသိုလ်) တို့ရဲ့ အနုပညာ လက်ရာပါ။ အဲဒီအချိန်က ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း မျက်နှာဖုံးကို စစ်အစိုးက ပိတ်ပင် တားဆီး အရေးယူခဲ့ဖူးပါတယ်။

၁၉၇၆ မှိုင်းရာပြည့် ၀န်းကျင် တစ်ဝိုက်ဟာ ‘တပေါင်း’၊ ‘ရေပူစီးကြောင်း’၊ ‘အရှေ့လေ’ ဆိုတဲ့ အစိုးရ ဆန့်ကျင်ရေး မြေအောက် ကဗျာစာအုပ်တွေ ဆက်တိုက် ထွက်ပေါ်လာတဲ့ အချိန်ပါ။ မှိုင်းရာပြည့် အလွန်မှာလည်း ‘မီးမောင်း’ ဆိုပြီး အစိုးရဆန့်ကျင်ရေး စာစောင် ဖြန့်ဝေတဲ့ လှုပ်ရှားမှု ပေါ်ပေါက်ခဲ့ပါသေးတယ်။

အဲဒီလို အန္တရာယ်များလှတဲ့ စာစောင် ထုတ်ဝေမှုနဲ့ အဖမ်းခံရပြီး ထောင်ထဲရောက်သွားကြတဲ့ အခါမှာလည်း ကျောင်းသား လူငယ်တွေဟာ အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်တွေ မသိအောင် လျှို့ဝှက်ပြီး အစိုးရဆန့်ကျင်ရေး စာစောင်တွေ၊ သတင်းလွှာတွေ ထုတ်ခဲ့ကြတဲ့ သမိုင်းဟာ အခိုင်အမာ ရှိပါတယ်။

မနေ့တနေ့က ပြန်လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသမားတစ်ဦး (ကျွန်တော် အမည် မှတ်မထားလိုက်မိတာကို ခွင့်လွှတ်ပါ) သူဆိုရင် ထောင်ထဲမှာ မဂ္ဂဇင်း ထုတ်လို့ နောက်မှုတိုး၊ ထောင်ထပ်ကျပြီး နှစ်တွေ အများကြီး ပိုနေရခဲ့ရတယ်လို့ ဆိုပါတယ်။

မဆလခေတ်အလွန် န၀တခေတ်ဦး အင်းစိန် အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ လျှို့ဝှက်ထုတ်ဝေခဲ့ပြီး ဒီကနေ့အထိ လက်ဆင့်ကမ်း ထိန်းသိမ်းထားတဲ့ အဆင့်မြင့် လက်ရေးစာစောင်တစ်ခုကို ကျွန်တော် လွတ်မြောက်နယ်မြေက AAPP နိုင်ငံရေးအကျဉ်းသားများ ကာကွယ်စောင့်ရှောက်ရေးအသင်းမှာ တွေ့ခဲ့ရပါတယ်။

ဆရာဦးဝင်းတင်တို့၊ ဆရာဇင်လင်းတို့၊ ဆရာမျိုးမြင့်ညိမ်းတို့လည်း အကျဉ်းထောင်ထဲမှာ ရတဲ့နည်းနဲ့ မဖြစ်မနေ သတင်းစာ ထုတ်ခဲ့ကြတာကို ကျွန်တော်တို့ လေးစား အသိအမှတ် ပြုကြရမှာပါ။

ကျွန်တော်တို့ ကိုယ်တွေ့အရ ၁၉၈၉ အာဇာနည်နေ့ အရေးအခင်း နောက်ပိုင်း ပုသိမ် အကျဉ်းထောင်ထဲမှာ NLD အဖွဲ့ဝင်တွေရယ်၊ လူ့ဘောင်သစ် ပါတီက လူငယ်တွေရယ်၊ ဗကသ ကျောင်းသားတွေရယ်၊ ဗကပ ၄၈၂၈ ယူဂျီတွေရယ် လေးတံခါး အတွင်းဘက် ကြိုးတိုက်နဲ့ သီးခြားတိုက်တွေမှာ နေကြရတော့ ကျနော်တို့တွေ ရတဲ့ စက္ကူ၊ ရတဲ့ ဘောပင်နဲ့ ‘အောင်ဆန်းဂျာနယ်’ ကို တစ်ဆောင်ကနေ တစ်ဆောင်၊ တစ်တိုက်ကနေ တစ်တိုက် လျှို့ဝှက် လက်ဆင့်ကမ်း ဖြန့်ဝေပေးခဲ့ကြတာပါ။

အောင်ဆန်းဂျာနယ် အမှတ်စဉ် ၃ အထိ အောင်အောင် မြင်မြင် လုပ်နိုင်ခဲ့ပေမဲ့ ဂျာနယ် အမှတ်စဉ် ၄ ဖောင်ပိတ်နေတုန်းမှာပဲ ထောင်အာဏာပိုင်တွေနဲ့ စစ်ထောက်လှမ်းရေးတွေက မိသွားပြီး တာဝန်ခံလုပ်တဲ့ ကျွန်တော် လက်ပါးတိုက်မှာ အနူတွေကြား တိုက်ပိတ်ခံခဲ့ရပါတယ်။

၁၉၉၀ ကျွန်တော် ထောင်က ပြန်လွတ်လာတော့ ရွှေဂုံတိုင် NLD ဌာနချုပ်မှာ မမျှော်လင့်ဘဲ အဲဒီ အောင်ဆန်းဂျာနယ်တွေထဲက အမှတ်စဉ် ၁ ကို အမှတ်တရ သိမ်းဆည်း ပြသထားတာ တွေ့ခဲ့ရပါသေးတယ်။

ထောင်အုတ်ရိုး အပြင်ဘက်မှာ ဘာ စာပေ အနုပညာ လွတ်လပ်ခွင့်မှ မရှိပါဘူ.း။ ထောင်အုတ်ရိုး အတွင်းမှာတော့ ဆိုဖွယ်ရာ မရှိ၊ ပိုဆိုးပါတယ်။ အဲဒီ ဆိုးတဲ့ ကြားကပဲ ဘယ်ခေတ်မှာ ဖြစ်ဖြစ် ဘယ်အကျဉ်းထောင်မှာ ဖြစ်ဖြစ် ဦးမညွတ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အစိုးရ ဆန့်ကျင်ရေး လျှို့ဝှက် စာစောင်တွေကတော့ ထွက်ပေါ်နေဦးမှာပဲ မဟုတ်ပါလား။ ။

(၉-၂၈-၂၀၀၉)


[ မူရင်း – လွတ်လပ်တဲ့ အာရှအသံ / Radio Free Asia – www.rfa.org/burmese ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts