>Maung Swan Yi – 3 Wild Geese

>

ငန်းရိုင်းသုံးကောင်
မောင်စွမ်းရည်
ဇန်န၀ါရီ ၂၆၊ ၂၀၁၀
 ငန်းရိုင်းသုံးကောင်
ရင်ဘောင်တန်းရင်း
တောတန်း တောင်လျှိုး၊ မိုးကိုဖေါက်ဝင်
အပျံသင်ခဲ့
ကောင်းကင်မှုန်မှိုင်း၊ မုန်တိုင်းတွေနဲ့
မိုးကြိုးနဲ့။
မီးလျှံတွေနဲ့၊ မီးခိုးနဲ့။
ငန်းရိုင်းသုံးကောင်
တကောင်ထိုးထွက်
သန်လျက်တောင်ပံ၊ ဟူးဟူးညံခဲ့
ကန္တာရရိုင်း၊ သဲမုန်တိုင်းမှာ
ရေလှိုင်းရှာရင်း၊ သဲလှိုင်းတွင်းမှာ
ပျောက်ခဲ့ရှာပေါ့။
ငန်းရိုင်းနှစ်ကောင်
တကောင်ထိုးထွက်
သန်လျှက်တောင်ပံ၊ ဟူးဟူးညံခဲ့
တောင်ယံတောကြီး
တောမီးဟုန်းဟုန်း၊ တရှုန်းရှုန်းနဲ့
မီးလုံးတွေကြား၊ မီးခိုးကြားမှာ
အားမာန်အံခဲ၊ အဖေါ်ရှာဆဲမှာ
အဖေါ်ကွဲခဲ့၊ မီးလျှံဝဲမှာ
ပျောက်ခဲ့ရှာပေါ့။
ငန်းရိုင်းတကောင်
နှစ်ကောင်အရိပ်၊ တကောင်မြိတ်က
ခွန်အားမျှလျက်၊ နှစ်ဆပျံအား
အရှိန်မြှားဖြင့်
တောကြားကိုတိုး၊ တောင်ရိုးကိုဖေါက်
သဲခြောက်ကန္တာ၊ ကျော်ဖြတ်ပါအံ့၊
တေးမြသံသာ၊ လင်္ကာဖူးဝေ
ပွင့်လန်းမြေသို့
နေခြည်မိုးသောက်၊ မုချရောက်အံ့
ကြယ်ပြောက်မိုးစွန်၊ တိမ်တံခွန်က
လမ်းညွှန်အကြိုထောက်စေသား။        ။
ဇွန်၊ ၄ ၊ ၀၉ (N Y)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts