>Di Let Myo – 36 Year Old Poem

>

ကျနော် ၃၆ နှစ်ပြည့်ပြီ မေမေ

ဒီလက်မျိုး
ဇန်န၀ါရီ ၂၅၊ ၂၀၁၀
ကျနော် ၃၆ နှစ်ပြည့်ပြီ မေမေ
ရန်သူကို ရန်သူလို့ စိန်ခေါ်ရင်း
ချစ်သူကို ချစ်သူ လို့ သတ်မှတ်ရင်း
ရင်နဲ့ရင်းခဲ့တဲ့ ဒါဏ်ရာက
အခါခါ နာကျင်ရင်း …
ကျနော် ၃၆ နှစ်ပြည့်ပြီမေမေ။
ခရေပန်းကလေးတွေ
ပွင့်လိုက်တာတဲ့
ဘယ်သူက ပွင့်တဲ့ခရေပန်းကို ခူးခဲ့လို့လဲ။
မွှေးလှတယ်ဆိုပြီး
ကြွေတဲ့ခရေကိုမှ
သီခဲ့ကြတာလေ။
ကြွေတာကိုမှ
မွှေးခြင်းပါပဲ မေမေရယ်
အဲ့ဒီလို
ကြွေမှ မွှေးခဲ့တဲ့ ပန်းကလေးကို
နမ်းခဲ့တဲ့ အမေ့သားဟာ
အခုတော့
၃၆နှစ်ပြည့်ပြီမေမေ။
မေမေရေ
၃၆ နှစ်ပြည့်ခဲ့တဲ့ မေ့မေ့သားဟာလေ
ရှင်ကြီးဝမ်းလဲ ၀င်ခဲ့တယ်
ရှင်ငယ်ဝမ်းလဲ ထွက်ခဲ့တယ်။
သောနုတ္ထို မုဆိုးဘ၀ကိုလည်းရောက်ခဲ့တယ်
စူလသုဘဒ္ဓါရဲ့ မျက်ရည်ခံလည်း ဖြစ်ခဲ့တယ်။
ဘာပဲဖြစ်ဖြစ် သားကတော့ ၃၆ နှစ်ပြည့်ပြီမေမေ။
မေမေရေ …
လူရမ်းကားတို့ရဲ့ ညနက်နက်တွေမှာ
ကျနော်ဟာ နတ်ဆိုးတပါးဖြစ်ခဲ့ဖူးသလို
လူယဉ်ကျေးတို့ရဲ့ မနက်ခင်းမှာတော့
တေးသီဖြစ်ခဲ့ ပါသေးရဲ့။
ဒါပေမယ့် မေမေရယ် …
သိုးဆောင်းတို့ရဲ့ တိုင်းပြည်ကတော့
ကျနော့်ကို ရက်စက်လွန်းတယ် မေမေ။
တခါက မေမေ့ရဲ့ညများ
တခါက ရန်ကုန်ညများ
တခါက နယ်စပ်ညများ
တခါက မေခလာညများ
အားလုံးဟာ ကျနော့်အတွက်
လွမ်းစရာတွေပေါ့။
သတိရတယ် မေမေရယ် … မေမေ့ကို သတိရတယ်
သူငယ်ချင်းတွေကို လွမ်းတယ် …
ပြီးတော့
ချစ်သူကိုလည်း တမ်းတတာပေါ့။
သူငယ်ချင်း မိုးကျော်ရေ
မောင်လွမ်းဏီရေ
မှတ်တမ်းမရှိတဲ့ ဧရာဝတီမြို့သားလေးရေ
ချင်းမိုင်ဝပ်ကျင်းထဲက အပြုံးမပျက်တဲ့ ဗိုလ်စံရေ …
ညဈေးညတွေက
ငါ့ဘေးမှာ ရောက်နေကြသလိုပဲကွယ်။
တခါတခါတော့
ဖြစ်ချင်တာကို မြင်ယောင်ကြည့်မိတယ်။
မေမေရယ် …
ကျနော်ရယ် …
သားလေး လရောင်ရယ်
ကျနော့်သူငယ်ချင်းတွေရယ်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀ပေါ့မေမေရယ်။
ပျော်လိုက်တာ
ပျော်လိုက်တာ
ပျော်လိုက်တာ
အပျော်တွေကနေ ဖြတ်ခနဲနိုးတော့
ကျနော် ၃၆ နှစ်ပြည့်ပြီ မေမေ။
အဲဒီလိုနဲ့ …
ပြီးခဲ့တဲ့ ၃၆ နှစ်က အရာတွေကို
တစိမ့်စိမ့် ပြန်တွေးရင်း
အခါခါ ရင်ခုန်ပျော်ရွှင်ရင်းနဲ့
၃၆ နှစ်ပြည့်သွားတဲ့မနက်ခင်းတခုမှာ
ကျနော်
ဆူရှီဆိုင်ကို သွားရတော့မယ်မေမေ။       ။
(၃၆နှစ်ပြည့်မွေးနေ့အမှတ်တရ)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts