International News

Min Zeya, Pyone Cho and Ant Bwe Kyaw visiting USA

မြန်မာပြည်က ၈၈ မျိုးဆက် – ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချို အမေရိကန်သို့ လာရောက်မည်

မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၂၊ ၂၀၁၃

လာမည့် ဇွန် ၂၃ တွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်သော ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချို၊ ၎င်းနောက် ဇွန် ၂၈ တွင် ကိုမင်းဇေယျာ တို့ အသီးသီး အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်ဘေးဧရိယာသို့ ရောက်ရှိလာမည်ဟု သတင်းရရှိသည်။

ပြည်ပတွင် ဖွဲ့စည်းထားသည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် ဒီိမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မီတီ၏ စီစဉ်မှုဖြင့် ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချိုတို့၏ အမေရိကန်ခရီးစဉ်ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု လုပ်ငန်းကော်မီတီဝင်တဦးဖြစ်သူ ကိုမောင်မောင်သိန်းက မိုးမခသို့ ပြောကြားသည်။

၎င်းတို့လုပ်ငန်းအဖွဲ့တွင် ကိုရဲထွဋ်၊ ကိုကျော်သန်း၊ ကိုစိုးလွင်၊ ကိုအောင်ကြည်ဦး၊ ကိုကျော်မြတ်ထူး၊  ကိုဇော်နိုင်ဝင်း အစရှိသည့် ၈၈ မျိုးဆက် ကျောင်းသားများ ပါဝင်သည်ဟု ဆိုသည်။ လာမည့် လတွင် ကျင်းပမည့် အမေရိကန်ပြည်နှင့် ကနေဒါတို့မှ ၈၈ မျိုးဆက် ညီလာခံများသို့  မြန်မာပြည်က ဧည့်သည်များ တက်ရောက်ကြလိမ့်မည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။ ကိုမင်းဇေယျာ၊ ကိုအံ့ဘွယ်ကျော်နှင့် ကိုပြုံးချိုတို့သည် ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူများ၊ မြန်မာနှင့် အမေရိကန်အဖွဲ့အစည်းများနှင့် အလွတ်သဘော မိတ်ဆုံ ဆွေးနွေးကြရန်လည်း အစီအစဉ်များ ရှိသည်ဟု ကိုမောင်မောင်သိန်းက ပြောကြားသည်။

ကိုမင်းဇေယျာသည် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်အရေးတော်ပုံမတိုင်ခင် ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြီး ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်း ခံခဲ့သည်။ ၎င်းနှင့်အတူ ၈၈ မျိုးဆက်ကျောင်းသား အများအပြား ဖမ်းဆီးခံခဲ့ရသည်တွင် ကိုအံ့ဘွယ်ကျော်၊ ကိုပြုံးချိုတို့လည်း ပါဝင်ခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံခဲ့ရသည်။ ယခုလက်ရှိတွင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်တို့နှင့်အတူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။

 (Photo – 2007, Before Saffron Movement, Ko Min Zeya marched together with Min Ko Naing, Ko Pyone Cho and other student activists, Rangoon)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts