>19th Anniversary of Passing of Khayan U Tin Maung Win marked with friends and families

>

အင်န်အယ်ဒီပါတီ၏ ခရမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း

၁၉ နှစ် နှစ်လည်ဆွမ်းကျွေး ကျင်းပ
မိုးယံမခ၊ ရန်ကုန်
ဇန်န၀ါရီ ၁၈၊ ၂၀၁၀

          အင်န်အယ်ဒီ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း ကွယ်လွန်ခြင်း ၁၉ နှစ်ပြည့် နှစ်လည်ဆွမ်းကျွေးအခမ်းအနားကို အမှတ် ၁၇၊ ဗိုလ်ဉာဏလမ်း၊ ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်ရှိ နေအိမ်မှာ ယနေ့ နံနက်က ကျင်းပခဲ့ပါတယ်။

          ဦးတင်မောင်ဝင်းကို မြန်မာသက္ကရာဇ် ၁၃၀၂ (၁၉၄၀) တန်ဆောင်မုန်းလဆန်း ၁၀ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ခရမ်းမြို့ဇာတိဖြစ်ပါတယ်။ ခရမ်း အထက၊ ရေကျော် မက်စဒစ်နဲ့ မြို့မအမျိုးသားကျောင်းတို့မှာ ဆယ်တန်းအောင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး ၁၉၅၇ – ၁၉၅၈ – ရန်ကုန်တက္ကသိုလ်မှာ တက်ရောက်သင်ကြားပါတယ်။ ခရမ်းကျောင်းသားသမဂ္ဂ အတွင်းရေးမှူး၊ တက္ကသိုလ်ခရမ်းမြို့နယ်အသင်း၊ ဟံသာဝတီခရိုင်အသင်း၊ ကလောင်ရှင်အသင်း၊ သဟာယနှင့် စာဖတ်အသင်းတို့မှာ ရှေ့တန်းက ပါဝင်ခဲ့ပါတယ်။
          ဗကသများအဖွဲ့ချုပ်နဲ့ တကသအဖွဲ့ဝင်၊ ကျောင်းသားညီညွတ်ရေးတပ်ဦး တွဲဖက်အတွင်းရေးမှုးနှင့် သဘာဝတီအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်အရေးတော်ပုံမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားအခွင့်အရေး ကာကွယ်မှုတိုက်ပွဲကော်မတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၆၃ မှ ၁၉၇၀ အထိ လုံခြုံရေးပုဒ်မ ၅ နဲ့ အထိန်းသိမ်းခံခဲ့ရပါတယ်။
          ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ စစ်ပြီးခေတ်နှင့် လွတ်လပ်ရေးခေတ် ကျောင်းသားသမဂ္ဂ၀င်ဟောင်းများ ကော်မတီမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဦးတင်မောင်ဝင်းဟာ အင်န်အယ်ဒီပါတီရဲ့ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်အဖြဟစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ခရမ်းမြို့နယ် အမှတ် ၂ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အကိုအရင်းဖြစ်သူ (မဆလပါတီဝင်လူဟောင်း) တစညပါတီကိုယ်စားလှယ် ဦးဇော်ဝင်း (အငြိမ်းစားဗိုလ်မှူးကြီးဇော်ဝင်း)နဲ့ ယှဉ်ပြိုင်အရွေးခံရာတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
          ဦးတင်မောင်ဝင်းဟာ စစ်အစိုးရရဲ့ ဖမ်းဆီးနှိပ်စက်မှုကြောင့် ၁၉၉၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် စစ်အစိုးရ၏ အကျဉ်းစခန်းတွင် သူရဲကောင်းပီသစွာ ကျဆုံးခဲ့ရပါတယ်။ ကွယ်လွန်ချိန်မှာ ဇနီး ဒေါ်ကြူ (စာရေးဆရာမ ခင်လှိုင်ကြို) နဲ့ သမီးတယောက်၊ သားတယောက် ကျန်ရစ်ခဲ့ပါတယ်။

(ဓာတ်ပုံ – ၀ါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့က သခင်သိန်းမောင်)

(သခင်အုန်းမြင့်နဲ့ သခင်စိုးမြင့် (အင်န်အယ်ဒီဗဟို))

ဒေါက်တာသန်းငြိမ်းနဲ့ ဆရာမ ခင်လှိုင်ကြူ

စာနယ်ဇင်းသမားများ၊ အတိုက်အခံနိုင်ငံရေးသမားများ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts