>health care system in prison getting better: official

>

အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်ဟု အာဏာပိုင်တို့ ပြောကြား
မိုးမခအထောက်တော် အမှတ် ၀၀၉
ဇန်န၀ါရီ ၁၇၊ ၂၀၁၀
ဖေဖော်ဝါရီလထုတ် နရသိန်မဂ္ဂဇင်း မျက်နှာဖုံး


မြန်မာပြည်ထောင်များတွင် ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေများ အလွန် ကောင်းမွန်ကြောင်း အကျဉ်းဦးစီးဌာနက ယခုရက်ပိုင်းအတွင်း ဖြန့်သည့် နရသိန်မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

“အကျဉ်းသားများရဲ့ ကျန်းမာရေး ရပိုင်ခွင့်တွေ အပြည့်အ၀ ပေးထားပြီး ဖြစ်ပါတယ်” ဟူသော အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း၏ ပြောကြားချက်ကို ဆောင်းပါးတပုဒ်တွင် တွေ့ရသည်။

တအုပ် ၁၅၀၀ ကျပ်နဲ့ ရောင်းချနေသော ဖေဖော်ဝါရီလထုတ် ထိုမဂ္ဂဇင်းတွင် စိတ်ဝင်စားဖွယ်များကို ထည့်သွင်းထားသည်ဟု သိရသည်။

“ထောင်နဲ့ ပတ်သက်တဲ့ ဘာသာပြန်သတင်းတွေ၊ ထောင်အတွေ့အကြုံ ဆောင်းပါးဟောင်း၊ စာအုပ်များမှ ကောက်နှုတ်ချက်တွေ၊ လူထုဦးလှရဲ့ ထောင်နဲ့ လူသား အခန်းဆက် ပြန်လည်ဖေါ်ပြခြင်း စတာတွေ ထည့်သွင်းထားတယ်” ဟု ထိုမဂ္ဂဇင်းကို လေ့လာထားသည့် ရန်ကုန်မှ သတင်းသမားတဦးက ပြောသည်။

“အကျဉ်းထောင် နေထိုင်မှုဘ၀တွေ နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို လူတွေသိအောင်၊ အထက်က နအဖ ခေါင်းဆောင်တွေ သိအောင် ၀ါဒဖြန့်ချိရေး ရည်ရွယ်ချက်နဲ့ ထုတ်တယ်လို့ ယူဆနေကြတယ်” ဟု
သူက သုံးသပ်သည်။

နိုင်ငံရေးအကျဉ်းသားဟောင်း တဦးဖြစ်သူ နာမည်ကျော် စာနယ်ဇင်းသမားကြီး လူထုစိန်ဝင်း၏ ဆောင်းပါးကို စာပေ စိစစ်ရေးဌာနက ဆင်ဆာဖြတ်လိုက်သောကြောင့် ဖေဖော်ဝါရီလထုတ် မဂ္ဂဇင်းတွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

အကျဉ်းထောင်အတွင်း အခြေအနေများ ကောင်းမွန်ကြောင်း အာဏာပိုင်တို့က မဂ္ဂဇင်း ထုတ်ဝေပြီး ရေးသား ဖော်ပြနေသော်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများကမူ ထိုအချက်များ မှန်ကန်ခြင်း မရှိကြောင်း မိုးမခကို ပြောကြသည်။

ယနေ့နံနက် ဘီဘီစီ အသံလွှင့်ဌာနက ထုတ်လွှင့်လိုက်သည့် သတင်းတပုဒ်တွင် ကျန်းမာရေးမကောင်းသည့် နိုင်ငံရေးအကျဉ်းသားတဦးကို ထောင်ဝင်စာ တလ ပိတ်ထားကြောင်း ဖော်ပြထားသည်။

လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးသမားတဦးဖြစ်သူ ဦးတင်ယုကို ယခုလ ၁၂ ရက်နေ့က စတင်ပြီး ထောင်ဝင်စာ ပိတ်လိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုနေ့မတိုင်မီက အသက် ၅၀ ကျော် ဦးတင်ယုသည် အစာအိမ်ရောဂါကြောင့် ထောင်ဆေးရုံတွင် ရောက်ရှိနေသူဖြစ်သည်၊ အာဏာပိုင်တို့က ကျန်းမာရေး ချို့ယွင်းနေသော ဦးတင်ယုကို အလုံပိတ် တိုက်ခန်းအတွင်းသို့ ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သူ၏ သမီးဖြစ်သူကို ကိုးကားပြီး ဘီဘီစီက သတင်းထုတ်လွှင့်သွားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts