>Mar Mar Aye – 303

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၃

အမေရိကန် သမ္မတသို့ မင်းတုန်းမင်း ပေးပို့သောစာ
မာမာအေး
ဇန်နဝါရီ ၁၆၊ ၂ဝ၁ဝ


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – စာဆိုတော် မိဖုရား လှိုင်ထိပ်ခေါင်တင် ရာဇ၀င် နောက်ကြောင်း စုဆောင်း ပြောခဲ့တာ အတော်စုံပါပြီ။ ပြန်ကောက်ကြည့်ရင် လှိုင်မင်းသမီးကို သက္ကရာဇ် ၁၁၉၅ ခုနှစ်မှာ မွေးဖွားတယ်၊ သာယာဝတီ ရွှေဘိုမင်းနဲ့ စာဆို အနောက်နန်းမတော် မမြကလေးတို့ရဲ့ တဦးတည်းသော ချစ်မငြီးတဲ့ သမီး၊ ငယ်မည်က မဖွားကြီးပါ တဲ့။ အသက် ၄ နှစ်မှာ လှိုင်မြို့စား သနားခံရတာကြောင့် ‘လှိုင်ထိပ်ခေါင်တင်’ မည်တွင်လာတယ်။ သက္ကရာဇ် ၁၂၀၂ ခုနှစ်မှာ ခမည်းတော် ဘုရင် ‘ရာဇဘိသေက’ ဗုဒ္ဓာ ဘိသိတ်ခံတဲ့အခါ ‘သီရိသုမြတ်စွာ ရတနာဒေ၀ီ’ ဘွဲ့ ချည်ပေးခဲ့တယ်။ သူ့မယ်တော် မမြကလေး ရာဇ၀တ်ဘေးသင့်လို့ မိတဆိုးလေး ဖြစ်တဲ့အခါ အသက် ၁၂ နှစ်နဲ့ အထီးကျန်ခဲ့ရှာပါတယ်။ မင်းတုန်းမင်းသား မိဖုရားက သနားပိုက်ထွေး ရင်သွေးပမာ လမ်းအပြကောင်းတာနဲ့ ကဗျာလင်္ကာ နန်းတွင်းဇာတ်တော်မဟာ – ပန်တျာဂီတ သူ့မယ်တော်လို ဗီဇ ပြနိုင်ခဲ့တဲ့ အလှပင်တိုင်စံ တပါးလို့ ကျော်ကြားလာပါတယ်။ သက္ကရာဇ် ၁၂၁၄ ခုမှာတော့ မွေးစားဖခင် ဘုရင် မင်းတုန်း နန်းတက်ခဲ့ပြီး တနှစ်လောက်မှာ ညီတော် နန်းလျာ ကနောင်မင်းသားနဲ့ စုလျားရစ်ပတ် အိမ်ရှေ့မိဖုရားအရာ နှင်းအပ်ခဲ့ပါတယ်။ သည်အခါ ချစ်ရသူဘက်က ဝေဒနာခံစားရရှာလို့ ကနောင်ကို ချော့ဖို့ရာ သဘောလယ်စေတယ် ဆိုတဲ့ ‘ဘောလယ်’သီချင်း ရေးဆက်သွင်းပါတယ်။ ‘ကိန္နရာချောင်းခြား’ ‘မျှော်တော်ယောင်ပတ်ပျိုး’ များနဲ့ ကဗ္ဗည်းတင် လွမ်း ရင်ကိုလျှော့ ရွှေလည်မော့မော့ နေခဲ့တော့တာ ၁၂၂၈ ခုနှစ် အိမ်ရှေ့မင်း နတ်ထီးစံသည် အထိပါပဲ။ ဒီနောက်တော့ တပုဒ်မှ မှတ်တမ်းစာရင်းမှာ မတွေ့ရတော့ပါဘူးတဲ့လေ။ ၁၂၃၇ ခုနှစ်မှ အရှင်မ ခန္ဓာစဲရှာတာ ဆိုတော့ ၄၂ နှစ်ပဲ ရှိသေးပါလား လို့ သနားလိုက်တာ၊ အင်း – ဒါလဲ ကံဖယ်တာပေါ့ လို့ သက်သာအောင် ပြန်တွေးမိသေးတယ် သောတရှင်တို့ရဲ့။ လှိုင်ထိပ်တင်ရဲ့ မွေးသမိခင်နဲ့ ကြင်ယာတော်တို့ဟာ သူများလက်ချက်နဲ့ အသက်ထွက်ခဲ့ကြတာ မဟုတ်လား။ တကယ်လို့များ နောက် သုံးလေးနှစ် ဆက်ပြီး အသက်ရှည်ဦးမယ် ဆိုရင် ၁၂၄၀ ခုနှစ် သီပေါမင်း နန်းတက်စက မင်းညီမင်းသား မင်းသွေးများ ဖျောက်ဖျက်ပစ်ကြတဲ့ ကိစ္စမှာ သားတော်သည်းခြား ထန်းတပင် မင်းသား ပါသွားရှာလို့ ရင်ဆို့ရဦးမှာ။ သူကိုယ်တိုင်လဲ ဒီအထဲ ပါသွားနိုင်သေးတာမို့ ကံဖယ်တာလို့ ပြောချင်တာလေ။ ဒီအဖြစ်တွေက သံဝေဂ ရစရာလို့ ညည်းချင်ပါတယ်။

ဖော်မမှီ။ ဇော်ဂီလှိုက်မွေ့တဲ့ မြိုင်မြေ့ညာကြော့ ဖန်နှစ်ရေ ဆံကျစ်ကယ် ရမန်ခွေနှင့် ကြံလေလေ သံဝေရပါဘိ တောခချင်ပေါ့။ ။

ဘယ်စာဆို ရေးခဲ့မှန်း မသိပေမယ့် ကိုယ်နဲ့ စိတ်အထာမကျတဲ့အခါ သံဝေဂ ကဗျာ ရွတ်ဖို့ရာ သိမ်းထားတာလေးပါ။ ၀ါသနာက ကြီးတော့ မညည်းလဲ မနေနိုင်ဘူး ရှင့်။ ကိုယ့်စိတ်ကူးထဲမှာ ထူးတယ်လို့ ထင်ရင်လဲ ချစ်ဆွေတို့ကို ပြန်ပြောဖို့ ဟန်တပြင်ပြင် ကိုယ်လိုပဲ သိစေချင် ဖြစ်မိတယ်ရှင်။

တလောက စပရင်းဖီးလ် မြို့က ချမ်းမြေ့ဆရာတော်ကျောင်း ကထိန်အလှူ သွားရင်း “မင်းတုန်းမင်းကြီးက အမေရိကန် သမ္မတ James Buchanan ကို ၁၈၅၇ ခုနှစ် ဖေဖော်ဝါရီ လမှာ ရေးပို့ခဲ့တဲ့ စာ” မိတ္တူ တစောင် ရလာပါတယ်။ အဲဒါ ဖတ်ပြမလို့ပါ။ မြန်မာမင်းနဲ့ အမေရိကန် နိုင်ငံ ရှေးကတည်းက ဆက်ဆံလာတဲ့အကြောင်း သိဖို့ ကောင်းတယ် မဟုတ်ပါလားရှင်။

သုနာပရန္တတိုင်း၊ တမ္ပဒီပတိုင်း အစရှိသော အရှေ့မျက်နှာ တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်း အပေါင်းတို့ကို အစိုးရတော်မူသော ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင်။ ဆဒ္ဒန်ဆင်မင်းသခင် ။ ဆင်ဖြူများရှင် ။ အသျှင်ဘ၀ရှင်မင်းတရားကြီးဘုရား ။ ပဒုံမာကြာမှုံနှင့်တူသော ရွှေစက်တော်စုံကို အမြဲ ဦးထိပ်ရွက်၍ ။ တိုင်းရေးပြည်မှုကို စီရင်ရသော ။ အဂ္ဂမဟာ သေနာပတိ ၀န့်ရှင်တော် စစ်သူကြီးမင်းများ ကြားလိုက်သည်၊ ၀ါရှည်တံမြို့နှင့်တကွ အနောံမျက်နှာ တိုင်းကြီး ပြည်ကြီးများကို အစိုးရတော်မူသော ။ အမရီကံမင်း စစ်သူကြီးမင်းတို့ ။ ။ ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အသျှင်ဘ၀ရှင် မင်းတရားကြီးဘုရားသည် ။ ဘေးလောင်းတော် ။ ဘိုးလောင်းတော်တို့ အရိုက်အရာတော်ဖြစ်သော တိုင်းပြည် နိုင်ငံ အလုံးကို ။ ဆက်ခံ စိုးအုပ်တော်မူလျှင် ။ ရှေးဘုရားအလောင်း ။ မင်းကောင်းမင်းမြတ်တို့ ကျင့်ထုံးဖြစ်သော တရားများကို ။ အထူးသဖြင့် ကျင့်သုံးတော်မူ၍ ။ ဘေးလောင်းတော် ဘိုးလောင်းတော်တို့ လက်ထက်တော်က ရာဇမဟာမိတ်ဖြစ်သော ။ ပြည်ထောင်ဘက်မင်းတို့နှင့် ။ ရာဇမဟာမိတ်ဖြစ်မြဲဖြစ်စေသည်။ အမရီကံဆရာ ကင်းကိတ် ရွှေဖ၀ါးတော်အောံ လာရောံလျှင်လည်း အဆီးအတားမရှိ။ အတွင်းတော်သို့ ၀င်ထွက်စေပြီးလျှင် ရွှေမျက်နှာတော်ကို ဘူးမြော်စေ၍ အကြောင်းအရာများကို တင်လျှောက်စေသည် ။ တိုင်းတော်ပြည်တော်နှင့် အမရီကံမင်းတိုင်းပြည် ရာဇမဟာမိတ်ဖြစ်ကြရလျှင် ။ ၂တိုင်း ၂ပြည် သားတော်အစည် မြေးတော်အဆက် ၊ မြစ်တော်အညွန့် အဓွန့်ရှည်စွာ၊ ကုန်သည် ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ ။ ဆရာကင်းကိတ်ကို ။ စာပေးအပ်လိုက်သည် ။ စစ်သူကြီးမင်းတို့ကလည်း ၂တိုင်း ၂ပြည် ရာဇမဟာမိတ်ဖြစ်ကြရလျှင်။ သားတော်အစည် မြေးတော်အဆက်။ မြစ်တော်အညွန့် အဓွန့်ရှည်စွာ ကုန်သည် ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ အမရီကံ မင်းထံ ၊ ရာဇမဟာမိတ် ဖြစ်ကြရအောင် တင်လျှောက်မည်အကြောင်းကို ကြားလိုက်သည် ။

ကဲ – ရှေးမြန်မာတို့ ရေးပုံရေးနည်းနဲ့ အသုံးအနှုံးတွေ ကြားလိုက်ပြီနော်။ သောတရှင်များ ဗဟုသုတနဲ့ ပြည့်စုံကြပါစေရှင်။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts