>Kyaw Thu and Volunteers marked 100 year of Burmese film icon U Thu Kha

>

ရုပ်ရှင်၊ ဂီတနှင့် စာပေအနုပညာရှင် ဒါရိုက်တာဦးသုခ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်
 ကျော်သူနှင့် နာရေးကူညီမှုအသင်းကြီးက အမှတ်တရ ဂါရ၀ပြု

မိုးမခ၊ ကိုးကား – ကျော်သူ့ချစ်သူများ ဖေ့စ်ဘွတ် စာမျက်နှာ
ဇန်န၀ါရီ ၁၅၊ ၂၀၁၀

         

       ယမန်နေ့ ဇန်န၀ါရီ ၁၄၊ ၂၀၁၀ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)ကို စတင်တည်ထောင် မျိုးဆက်ချပေးခဲ့သော စာရေးဆရာ၊ ဒါရိုက်တာ ဘဘဦးသုခ၏ နှစ်တစ်ရာပြည့် မွေးနေ့ဖြစ်ပါကြောင်း၊ ဤမွေးနေ့ အချိန်သမယ၌ ဘဘဦးသုခ လက်ဆင့်ကမ်းခဲ့သောအမွေကို စဉ်ဆက်မပြတ် ထိန်းသိမ်း စောင့်ရှောက်နေသော အနုပညာရှင်ဦးကျော်သူ၊ (ဇနီး) ဒေါ်မြင့်မြင့်ခင်ဖေ နှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ အသင်းသားများက ကောင်းမှုကုသိုလ်ပြုကာ ဘဘ၏ အုတ်ဂူအား ဆေးကြောသန့်စင်၊ မွန်းမံပြင်ဆင်၍ ဘဘကို ပူဇော်ကန်တော့ခဲ့ကြပါကြောင်း အဆိုပါ စာမျက်နှာ – http://www.facebook.com/reqs.php#/pages/Kyaw-Thu/174427511697?v=info မှာ ဖော်ပြထားသည်ကို တွေ့ရပါသည်။

          ထိုစာမျက်နှာတွင်ပင် နာရေးကူညီမှုအသင်းကြီး ထူထောင်သူ၊ အနုပညာသည်၊ ပရဟိတစေတနာ့ဝန်ထမ်း ကျော်သူက ၎င်း၏လမ်းပြကြယ်ဖြစ်သော ဆရာကြီးဦးသုခကို အောက်ပါအတိုင်း ရေးသားပြီး ဂုဏ်ပြု ဂါရ၀ပြုထားသည်ကို တွေ့ရသည်။

အဘလမ်းပြခဲ့တဲ့ …….. အမွေ
အဘလမ်းညွှန်ခဲ့တဲ့ ….. အမွေ
အဘဦးဆောင်ခဲ့တဲ့ ….. အမွေ
အဘမျိုးစေ့ချခဲ့တဲ့ ….. အမွေ
အဘရဲ့ အမွေ ….. အားလုံးနဲ့ ဆိုင်တဲ့အမွေ
……………………. အားလုံးပိုင်တဲ့အမွေ
ဒီ အမွေကို အပွန်းအပဲ့မခံနိုင်
အနိုင်ကျင့်မခံနိုင်
အစော်ကားမခံနိုင်။
တန်ဖိုးမဖြတ်နိုင်တဲ့……….. အမွေ။
အဘရဲ့အမွေကို တိုးပွါးအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အလုပ်။
အဘရဲ့အမွေကို မြင့်မားလာအောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ တာဝန်။
အဘရဲ့အမွေကို ဂုဏ်ရှိန်မြင့်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ ဝတ္ထရား။
အဘရဲ့အမွေကို သမိုင်းထူနိုင်အောင် လုပ်ဆောင်ရမှာ တမျိုးသားလုံးရဲ့ အဓိဌာန်။
ဒီ….. အမွေကို ထိပါးစော်ကား အနိုင်ကျင့်လာရင်တော့ ဗြဟ္မစိုရ်တရား
လက်ကိုင်မထားနိုင်တော့ ….
သွေး …… သွေးခြင်း
အသက် ……. အသက်ခြင်း
သမိုင်း ……. သမိုင်းခြင်း လဲရန်အသင့်။
အဘယ့်ကြောင့်နည်း ? ။ …. အဘရဲ့ အမွေသည် ဗုဒ္ဓရဲ့အမွေ ပင် ဖြစ်တော့သည်။
အဘရဲ့ အမွေသည် (၇)ရက်သားသမီး လူမျိုး ဘာသာ ၊ ဆင်းရဲချမ်းသာ ၊ မိတ်ဆွေရန်သူ မရွေး နာရေးကိစ္စ များကို အခမဲ့ကုသိုလ်ဖြစ် သဂြိုင်္လ်ပေးသော နာရေးကူညီမှုအသင်း (ရန်ကုန်) တည်းဟူသော အမွေပင် ဖြစ်တော့သည်။
အသက်တစ်ရာ ပြည့်ပြီဖြစ်သော အဘ (ဘဘ ဦးသုခ) (၁၄-၁-၁၉၁၀ – ၁၄-၁-၂၀၁၀) အဘသည် ….
ကျွန်တော်တို့၏ လူမှုရေး ….. လမ်းပြကြယ်
အဘသည် ….. ကျွန်တော်တို့၏ ဘာသာရေး ….. လမ်းပြကြယ်
အဘသည် ….. ကျွန်တော်တို့၏ နိဗ္ဗာန်ရောက်ကြောင်း ….. လမ်းပြကြယ်
ဘဘ မျိုးစေ့ချပေးခဲ့သော ကမ္ဘာမြေပြင်မှ ထွက်သွားသူတွေ ကျန်ရစ်သူတွေအတွက် အပူမီးများ ငြိမ်းအေး ရန် သောက ၊ ပရိဒေဝ ၊ ဒုက္ခ ၊ ဒေါမနဿမီးများ သက်သာမှုရရှိရန် မည်သည့် အကြပ်အတည်း ရှိပါစေ စေတနာ ၊ ဝါသနာ ၊ အနစ်နာ ၊ အကြင်နာ ဆိုသည့် “နာလေးနာ” ဖြင့် ဝိုင်းဝန်းလုပ်ဆောင်ပေးနေဆဲ ဖြစ်ပါသည်။
အဘပေးခဲ့တဲ့ အမွေထူး အမွေမြတ်ကို ထပ်မံတိုးပွါးစေရန် ရည်ရွယ်လျက် ကမ္ဘာမြေပြင်ပေါ် ကျန်ရစ်ခဲ့သော နာမကျန်းရောဂါဝေဒနာသည်များကို “ဆေးဖြင့် ရောဂါတို့ကို ဆေးကြောအံ့” ဟူသော ဆောင်ပိုဒ်အတိုင်း အခမဲ့ ကုသိုလ်ဖြစ် ကုသပေးလျှက် ရှိပါသည်။
ဤသည်ကား … သုခ ကုသိုလ်ဖြစ်ဆေးခန်း ဟူ၍ အမည် နာမတင် မြှောက်ခဲ့ပါသည်။
ထို့ပြင် … ကမ္ဘာမြေပြင်သို့ ရောက်ရှိကျင်လည်နေသော လူငယ်မျိုးဆက်သစ်များ အတွက် …
ဘဝရဲ့ …………… အလင်းတန်း
လူမှုရေး ……….. အလင်းတန်း
ပညာရေး ……… အလင်းတန်း
စာရိတ္ထ ………….. အလင်းတန်း
ကျန်းမာရေး ….. အလင်းတန်း
မျိုးချစ်စိတ် …… အလင်းတန်း
ဗုဒ္ဓရဲ့ …………….. အလင်းတန်း
စတဲ့ ….. အလင်းတန်းများရရှိတိုးပွါးလာစေရန် ရည်သန်လျက် အကျိုးရှိအကျိုးပြုစာပေများ လေ့လာ လိုက်နာ ကျင့်သုံး၍ ခံယူချက်များ မှန်ကန်စေမည့် စာပေခန်းလေးတစ်ခု ဖွင့်လှစ်ရန် ရက်ပိုင်းသာ လိုတော့သည်။
(၁၃ – ၂ – ၂၀၁၀) ဤသည်ကား ….. “သုခ အလင်းစာကြည့်ခန်း” ဟူ၍ အမည်နာမ တင်မြှောက်ခဲ့ပါသည်။
အဘ ရောက်ရှိနေသော မြင့်မြတ်သောဘုံမှ သာဓု … သာဓု … သာဓု … အကြိမ်ကြိမ် ခေါ်ဆိုပါလေတော့။
အဘရဲ့ အမွေကို အသက်နှင့်လဲ၍ တိုးပွါးထိမ်းသိမ်း စောင့်ရှောက်သွားမည့် …..
ကျော်သူ နှင့် သွေးသောက်များ ။
          ရင်ဖွင့်ချက်။ ။ “ကျော်သူ” ဟူသော ဓါတ်ပုံနှင့်အမည် နာမအဆုံး ပြည်တွင်းဖြစ် သတင်းစာ စာပေလောကတွင် တင်ပြခွင့်မရှိပါ၍ မိမိ၏ ရင်ထဲရှိသမျှ မှတ်တမ်းများကို မိမိ၏ FACE BOOK တွင် မှတ်မှတ်ရရ သိမ်းဆည်း တင်ပြမှုသာ ဖြစ်ပါကြောင်း … ။
             ဟူ၍ ဖော်ပြထားသည်။

          ကျော်သူနှင့်အတူ လူငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းသူများ၊ အနုပညာရှင်များ၊ စာပေနှင့် စာနယ်ဇင်းလောကသားများက နာရေးကူညီမှုအသင်း၊ ကုသိုလ်ဖြစ်ဆေးခန်းနှင့် အထွေထွေသော ပရိဟိတလုပ်ငန်းများ စေတနာဝန်ထမ်းအလုပ်များ လုပ်ဆောင်လျက်ရှိသည်။ ဇနီးသည် မြင့်မြင့်ခင်ဖေ၊ စာရေးဆရာမ (ဒေါ်) သန်းမြင့်အောင်တို့မှာ ထင်ရှားသော ဦးဆောင်သူများ ဖြစ်သည်။ ကျော်သူသည် ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးတော်ပုံတွင် သပိတ်မှောက်သံဃာများကို ဆွမ်းကွမ်း ကပ်လှူပြီး ထောက်ခံရပ်တည်ခဲ့သူဖြစ်သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းအရေးအခင်းကလည်း မုန်တိုင်းသင့်ဒုက္ခသည်များသို့ အစွမ်းကုန်သွားရောက် ကူညီခဲ့သည်။ စစ်အစိုးရက ဖမ်းဆီးပြီး ထောင်ဒဏ် အနှစ် ၃၀ ကျော် ချမှတ်ခြင်း ခံထားရသည့် အမျိုးသားရေးလှုပ်ရှားသူတဦးအဖြစ် ပြည်သူများက ချစ်ခင်သူ လူရွှင်တော် ဇာဂနာနှင့် အတူတွဲပြီး လူမှုရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်း စစ်အစိုးရက ကျော်သူ၏ သာရေး နာရေး ပရဟိတလုပ်ငန်းများကို စစ်တပ်အလိုတော်ရိများဖြင့် အနှောက်အယှက်ပေးခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts