>Aung Din – Welcome to 2010 – Poem


>

နှစ်ထောင့်တစ်ဆယ် ကို ကြိုဆိုတဲ့ကဗျာ
အောင်ဒင်
ဇန်နဝါရီ ၄၊ ၂၀၁၀

 
မင်္ဂလာပါ နှစ်ထောင့်တစ်ဆယ်
မင်းကို ကြိုဆိုပါရဲ့…၊ 
မနေ့ကအထိတော့ မင်းဟာ
ပြက္ခဒိန် စာရွက်ပေါ်က
အဖြူသန့်သန့် လေးထောင့်ကွက်များသာ
ဒီကနေ့ကစလို့၊ နေ့စဉ်နဲ့အမျှ
လောကလူသားတွေက
အဲဒီ လေးထောင့်ကွက်တွေကို ဆေးရောင်ချယ်သ
သူတို့ရဲ့ ဘဝတွေနဲ့၊
မင်းကို အလှဆင်ကြလိမ့်မယ် …
ပျော်ရွှင်ကြည်နူးကြတဲ့အခါ
အဲဒီ နေ့ရက်တွေဟာ… အပြာ
ဝမ်းနည်းကြေကွဲကြတဲ့အခါ
အဲဒီ နေ့ရက်တွေဟာ… ဗလာ
တခါတရံမှာ မှောင်မှောင်မည်းမည်း
ဒေါသထွက်တဲ့အခါ အနီရဲရဲ
မျှော်လင့်ချက်များနဲ့
အကြိမ်ကြိမ်ကြို စောင့်ခဲ့ရတဲ့နေ့တွေ
အိပ်မက်တို့ ပျက်ပြယ်သွားတဲ့အခါ ကြက်ခြေခတ်
နောက်ထပ်ပြန်မကြည့်ချင်ကြတော့ပေ …
ဘဝမှာ
လမသာတဲ့ ညများ
မိုးမရွာတဲ့၊ နှင်းမကျတဲ့ နေ့များ
လေဆန် ရေဆန်ကို ဖြတ်သန်းရတဲ့ ကာလများ
ရင်နှင့်အမျှ ခံစား
မင်း ခန္ဒာကိုယ်ပေါ်မှာပဲ မှတ်သားကြလိမ့်မယ် …
အောင်မြင်သူတွေကတော့
ပြက္ခဒိန်ကိုရွှေချ
မော်ကွန်းလှလှ ရေးကြလိမ့်မယ်
သမိုင်းဆိုတာ အနိုင်ရသူတွေက ရေးတာ … ဆိုလား
ကြေကွဲပြိုကျ၊ အရေးနိမ့်ရ သူတွေကတော့
ပြက္ခဒိန်ကို ဆုတ်ဖြဲချေမွ
အဲဒီနေ့တွေကို (အဲဒီ တနှစ်လုံးကိုတောင်) မေ့ချင်ကြလိမ့်မယ်
မင်း အပြစ်မဟုတ်ပါဖူးကွယ့် … 
ဒီလိုနဲ့
အစမှာ လာခြင်းကောင်းခဲ့တဲ့ မင်း
အဆုံးမှာ ပြန်ခြင်းလည်း ကောင်းလိမ့်မယ်လို့
အခိုင်အမာကြီး ယုံကြည်မထားနဲ့ပေါ့
လောကမာယာ ရဲ့ လှည့်ဖျားမှုအောက်
တို့လူသားတွေ လမ်းပျောက်ခဲ့ကြ၊ လမ်းပျောက်နေကြ
ငါတို့ဘဝတွေ မငြိမ်းချမ်းကြဖူးကွယ် …
သူများတွေ ကြိုသလို
ငါလည်း မင်းကို ကြိုပါတယ်
ကြိုတဲ့အကြောင်း ကဗျာလည်း ရေးမိပါတယ်
မင်း မကြိုက်ရင်ဖြင့် တောင်းပန်ပါရဲ့ …. ။ 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts