>Mar Mar Aye – 301

> ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၃ဝ၁

ကိန္နရာချောင်းခြားအစ
မာမာအေး
ဇန်နဝါရီ ၃။ ၂ဝ၁ဝ


(photo – burma today)
သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – အရင်တပတ်က ကိန္နရီမောင်နှံရဲ့ အလွမ်းနဲ့ သိမ်းခဲ့တယ်နော်။ အဲဒီနောက်မှာ သီချင်းက တဝက်လောက် ကျန်ပါတယ်။ ဒါပေမယ့် ပတ်ပျိုးသံစဉ်က ထွက်ပြီး ဒိန်းသံထဲ ရောက်သွားမှာ ဆိုတော့ မဆက်တော့ပါဘူး။ တခါက မာအေး ဒိန်းသံအကြောင်း ပြောရင်းနဲ့ ဆိုပြခဲ့ပြီးသား ဖြစ်နေလို့ပါရှင်။ ထားဝယ်ဒိန်းသံရော မဟာဂီတဝင် ဒိန်းသံ ဆိုတာရော ချစ်ဆွေတို့ မှတ်ရော မှတ်မိသေးရဲ့လား။ ဒိန်းသံဟာလည်း တေးထပ်တို့ ဘောလယ်တို့လိုပဲ ပုံသေ မူချထားတဲ့ တေးသွားအလိုက် ရှိတဲ့သီချင်းမျိုး ဖြစ်ပါတယ်။ ထားဝယ်နဲ့ မြန်မာဒိန်းသံဟာလည်း မတူပါဘူးလို့ ပြောခဲ့တဲ့အကြောင်း သတိပြန်ရလိုက်ပါနော်။

မာအေး လေးစားတဲ့ စာဆိုတော် ရှင်မိဖုရား လှိုင်ထိပ်ထားဟာ သူ ၁၂ နှစ်သမီး အရွယ်လေးမှာ မယ်တော် အနောက်နန်းမိဖုရား မမြကလေး ရာဇဝတ်ဘေးသင့်ခဲ့လို့ မိတဆိုးဘဝနဲ့ အထိမ်းအမတွေကြားမှာချည်း ကြီးပြင်းလာရှာတဲ့သူပါ။ အရပ်စကားနဲ့ ဆိုရရင် တကောင်ကြွက်မကလေးပေါ့။ ရွှေဘိုမင်းနဲ့ မမြကလေးမှာ လှိုင်တပါးသာ စာရင်း ပေါ်ပါတယ်ရှင်။ ဒါကြောင့်မို့ မောင်တော်သခင် ကနောင်အရှင်ကို အားကိုး ချစ်ခင်မေတ္တာသက်ဝင်နေမှာပေါ့လေ။ မေတ္တာရေး လက္ခဏာမှာ ဗွေပါတော်မူမယ် ထင်ရတဲ့ အိမ်ရှေ့မင်းသား ကြွမလာငြားတာကိုပင် ဘုရင့်ဆီ တင်တဲ့ လှိုင်ထိပ်ထား ဖြစ်သွားတာသာ ကြည့်ပေရော့။

၁၂၂၈ ခုနှစ် ဒုတိယ ဝါဆိုလမှာတော့ မြင်ကွန်းမင်းသားနဲ့ မြင်းခုံတိုင်မင်းသားတို့ ပုန်ကန် စီးနင်း တိုက်ခိုက်ကြတဲ့ အရေးအခင်းကြီး ဖြစ်ပွားခဲ့တာကြောင့် လှိုင်ထိပ်ခေါင်တင် အရှင်မရဲ့ ကြင်ယာတော် ကနောင်မင်းသား ကျဆုံးသွားခဲ့ပါတယ်။ အိမ်ထောင်သက် ၁၃ နှစ်မှာ ချစ်ခင် အားကိုးလာခဲ့တဲ့ လှိုင်ခမျာ သူ မဖြေနိုင်ရှာလို့ ထင်ပါရဲ့ လင်္ကာမငဲ့ စာမဖွဲ့တော့တာ အဲဒီကတည်းကပါပဲရှင်။

မာအေးလည်း ဖြေနိုင်ပေါင် ပတ်ပျိုးကို လှိုင်ထိပ်ခေါင်တင် ရေးတာ လို့ သိလာတဲ့အခါက မောင်တော်ဘုရားနဲ့ ခွဲရချက် မသက်သာလို့ ဒီ ကိန္နရာချောင်းခြား ရေးဖြစ်လေသလား တွေးမှားမိသေးတာပေါ့ရှင်။ သေချာချင်တာမို့ ရှာလို့ချည်းနေဖြစ်တဲ့ အချိန်မှာ တွေ့လာရတဲ့ အသိကတော့ ကိန္နရာချောင်းခြား မဟာဂီတ သီချင်းများ တခြား စာဆိုတော်တွေလည်း ရေးခဲ့သေးတာပါလားပေါ့ရှင်။

ရှေ့မှာ မာအေးပြောခဲ့တယ်မဟုတ်လား။ ကိန္နရီချင်း တူပေမယ့် လာရှိတဲ့ ဇာတ်တော်ချင်း၊ အဖြစ်ချင်း မတူဘူး ဆိုတာလေ။ နောင် ကြုံတော့ ပြောတာထက် စကားစဉ်ဆက်ရှိတုန်း ပြောရရင် ပိုမှတ်ကောင်းမယ် ထင်လို့ ဆက်လိုက်ပါရစေနော်။

ကိန္နရီမောင်နှံ ချောင်းခြားတဲ့ အဖြစ်က တကယ့် အစစ်ကြီး ချစ်ဆွေတို့ရဲ့။ သီချင်း သတင်းကျော်အောင် ဇာတ်လမ်းဆင်တာမျိုး မဟုတ်ပါဘူးရှင်။ ဒါကြောင့်မို့လည်း တပူးပူး တတွဲတွဲ မခွဲမခွာ ချစ်ပွဲဝင်လိုကြတဲ့ ချစ်ဖူးသူတို့ အကြားမှာ စံထား ရည်ညွှန်းလာကြတာပေါ့။ မဟာ ဂရုဏာတော်ရှင် ဗုဒ္ဓ၊ နှုတ်ဟတော်မူပြီးချိန်က စလာတဲ့ ဒီဇာတ်လမ်းကို ဘိုးတော်ဘုရား လက်ထက်က တွင်းသင်းမင်းကြီး လို့ ထင်ရှား ကျော်ကြားခဲ့တဲ့ တွင်းသင်းတိုက်ဝန် မဟာစည်သူဘွဲ့ခံ မောင်းထောင်ရွာသား ဦးထွန်းညိုကလည်း ‘ဘလ္လတိယပျို့’ ရေးလို့ မှတ်တမ်းပြုခဲ့ပါတယ်။ ကာလပေါ် ရေဒီယို ရွှေခေတ်မှာလည်း ‘ပုံပမာ’ ဆိုတဲ့ သီချင်း အဖြစ် တသစ်ဆန်းခဲ့ပါသေးတယ်။ နည်းနည်းတော့ ဆိုပြဦးမယ်နော်။ ဝါသနာကို မတားနဲ့တော့ရှင်ပေါ့။ နားဆင်ဖို့ ပြင်ထား၊ စန္ဒရားတော့ မပါနိုင်ဘူး။ ထုံးစံအတိုင်း အသံရွတ်ပဲပေါ့နော်။

xxx ယုံပါခင်ရယ်၊ ပုံမာ တင်ပြမယ်၊ ဟိုရှေးခါဝယ် တောမြိုင်ကြီးအလယ် စန္ဒ ကိန္နရီ မောင်မယ် ချစ်ရည်လူး ပျော်မြူးကြစဉ်ဝယ် လေပြင်းမုန်တိုင်း မဆိုင်းအမြန်တကယ် တိုက်ခတ်ပါလို့ တောတောင်ထဲဝယ် ထိုမောင်နှံနှစ်သွယ် တကယ်ပင် ဝေးကွာသွားကြတယ်။ လွမ်းအားတွေလည်း ကြွယ်၊ တညဝေးတာကိုပင် ရက်ပေါင်း ၇၀၀ ဆွေးရတယ်။ မောင့်မှာ ခင်နဲ့ ဝေးတာဖြင့် ကြာပါပြီကောကွယ်၊ မိုးတွေညို့ရင် မျက်ရည်စို့တယ်၊ မျှော်မှန်းကာလည်း မောင့်မှာ တဝဲလယ်လယ် xxx

ကဲ အဲဒါလည်း ကာလပေါ် ကိန္နရာချောင်းခြား သီချင်းလို့ ပြောရမှာပဲ။ အဲ – မာအေးလည်း ဗုဒ္ဓက ဘာကြောင့် နှုတ်ဟ မြွက်ကြားတော်မူတာလဲ ဆိုတာဖြင့် မပြောရသေးဘဲနဲ့ ဆိုပြချင်စိတ် စောပြီး နောက်ကဟာ ရှေ့ရောက်တွေ ဖြစ်ကုန်ပြီ ထင်တယ်။ ဒီလိုရှင့် – ကောသလမင်းကြီး ဆိုတာ ချစ်ဆွေတို့ ကြားဖူးတယ် မဟုတ်လား၊ ကောသလ အိပ်မက် ၁၆ချက် လို့ မြန်မာတိုင်း ပြောကြ သိကြတာပဲ။ အဲဒီ ဘုရင်ကြီးကြောင့် ဒီဇာတ်လမ်းက ပေါ်လာတာလို့ ပြောမယ်လို့ရှင့်။

ကောသလဘုရင်ကြီးဟာ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်အပေါ် အင်မတန့် အင်မတန် ခင်မင် ကြည်ညို အမျိုးလို သဘောထားတဲ့သူ ဖြစ်လေတော့ သူ ဘာလုပ်လုပ် သူဘာဖြစ်ဖြစ် သူဘာကြားကြား ဘုရားရှင်ထံ သွားပြီး ရွှေနားတော်သွင်းလေ့ ရှိသတဲ့။ တခါမှာတော့ ဘုရင်ကြီးနဲ့ မိဖုရား မလ္လိကာနဲ့ အကြီးအကျယ် ပြဿနာ တက်ကြပါရော။ ဒေါသ မပြေနိုင်သေးဘဲ မြတ်ဘုရားကျောင်းတော်ထဲ ရောက်သွားပြီး ထုံးစံအတိုင်း ကောသလမင်းက လျှောက်ထားတော့တာကိုး။ ဒါနဲ့ ဟိုး ကိန္နရာမောင်နှံဘဝတုန်းက လေဒဏ် မိုးဒဏ် မုန်တိုင်းဒဏ်ကြောင့် ချောင်းရေလျှံခြား တညကလေးကွဲသွားရုံမျှနဲ့ သတိရတိုင်း ရင်ဆူလှိုင်းကြွ ငိုကြွေးကြတာ ရက်ပေါင်း ၇၀၀ ပြန်တွေးပါလို့ ကြေရာကြေကြောင်း ကောသလတို့ ဘဝဟောင်းကို ဇာတ်ပေါင်းပေးတော်မူကြောင်းပါရှင်။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts