>old life in new year

>

နှစ်တနှစ် သစ်ပေမယ့် သစ်မလာနိုင်သေးတဲ့ ဘဝတခု
ဝင်းမြတ်၊ ရန်ကုန်
ဇန်နဝါရီ ၁၊ ၂ဝ၁ဝ “ဒီကရရှိတဲ့ ငွေလေးတွေ စုဆောင်းပြီး အထည်ဆိုင်လေးတစ်ဆိုင်၊ ဒါမှမဟုတ် အမှန်တကယ် အလှပြင်တဲ့ဆိုင် တစ်ဆိုင်လောက် ဖွင့်လှစ်လုပ်ကိုင် ချင်တယ်”


သုံးတန်းအထိသာ ကျောင်းနေခဲ့ဖူးတဲ့ ကြယ်စင်(၁၉နှစ်) ဟာ ဟက်ပီးနယူးရီးယားလို့ သူမရဲ့ ဧည့်သည်တွေကို နှုတ်ဆက်တတ်ပေမယ့် တကယ်တမ်း သူမအတွက်တော့ ပျော်ရွှင်ရတဲ့ နှစ်သစ်ကူး မဟုတ်ပါဘူး။

သူမရဲ့နှစ်သစ်ကူး အစီအစဉ်ကတော့ မီးရောက်မှိန်မှိန် ထွန်းထားတဲ့ အခန်းကျဉ်းလေးထဲမှာ အမူးသမား ဧည့်သည်ကို နှိပ်နယ်ပေးရင်း ရုပ်မြင်သံကြားက ထွက်ပေါ်နေတဲ့သီချင်းကို တိုးတိုးလေး လိုက်ညည်းနေရခြင်းသာ ဖြစ်တယ်။

စပ်စုတတ်တဲ့ ဧည့်သည်ရဲ့မေးခွန်းတွေကို ပြုံးပြီး `ဘာလို့ အရက်တွေ အများကြီး သောက်ရတာလဲ´ ဆိုတဲ့ မေးခွန်းနဲ့ တုံ့ပြန်တတ်တယ်။

သူမရဲ့သွယ်လျတဲ့ လက်တွေက သွက်လက်ပြီး သူ့အလုပ်ကို ကောင်းကောင်း ကျွမ်းကျင်ကြောင်း သက်သေပြနေကြတယ်။

သူဟာ ကရင်လူမျိုး တစ်ယောက် ဖြစ်ပြီး သူရဲ့ မိခင်က အရက်ကိုအလွန် အကျွံ သောက်တာကြောင့် အသည်းရောဂါနဲ့ ဆုံးပါးသွားတယ်လို့ သူ့ရဲ့ ဇာတ်ကြောင်းကို ပြန်ပြောပြတယ်။ ကျန်နေတဲ့ အဖေကလည်း အရက်စွဲနေတာကြောင့် သူ့မိသားစုအတွက် ကောင်းကျိုးမပေးခဲ့တဲ့ အရက်ကို သူမက စိတ်နာတယ်လို့ဆိုတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမှာ မွေးဖွားခဲ့ပြီး ငယ်စဉ်က ယောက်ျားလေးလို နေတတ်ခဲ့တဲ့ ကြယ်စင် ၁၂ နှစ်အရွယ်မှာ အိမ်ရဲ့စားဝတ်နေရေးကို တစ်စိတ်တစ်ပိုင်း ထောက်ပံ့နိုင်ဖို့ သူတို့အိမ်အနီးနားက ရဲဝန်ထမ်း လင်မယားနှစ်ယောက် နေတဲ့အိမ်ကို အိမ်ဖော်အဖြစ် ရောက်ရှိသွားတယ်။

အဲသည့်အိမ်မှာ နေထိုင်လုပ်ကိုင်ရင်း အိမ်ရှင်ရဲဝန်ထမ်းက သူ့အမျိုးသမီး မရှိတဲ့ ညတစ်ညမှာ ကြယ်စင်ရဲ့ ယောက်ျားလျာလို နေထိုင်တတ်တဲ့ သဘာဝကို အပြောင်းလဲကြီး ပြောင်းလဲစေခဲ့တယ်။

အပျိုစင်ဘဝကို ဆုံးရှုံးသွားတဲ့ အဲသည့်အချိန်မှာ သူမရဲ့အသက်က ၁၅ နှစ်သာ ရှိသေးတယ်။

`အဲဒီအကြောင်းတွေကို အိမ်ကအစ်ကိုတွေ အဖေတွေကို ပြန်မပြောပြရဲဘူး။ အိမ်က ထွက်ပြေးပြီး နေပြည်တော်ဘက်ကို အလုပ် သွားလုပ်တယ်။ အရမ်းပင်ပန်းတယ်။ အဲဒီမှာ သုံးနှစ်လောက် လုပ်လိုက်ပြီး အလုပ် အတူတူလုပ်တဲ့ အစ်မတစ်ယောက်နဲ့ ဆက်စပ်ပြီး ရန်ကုန်ကိုပြန်ရောက်လာတာ´
လို့ သူမရဲ့ဘဝအကြောင်း ပြန်ပြောပြတယ်။

သူမရဲ့ ပထမဆုံး ရန်ကုန်အတွေ့အကြုံက ဟံသာဝတီ ကားပွဲစားဝိုင်းနားက အနှိပ်ခန်းတစ်ခု ဖြစ်ခဲ့တယ်။ အမူးသမားတွေ ရမ်းကားပြီး လက်သရမ်းတာကြောင့် သုံးလခန့်သာ လုပ်ကိုင်ခဲ့ပြီး လက်ရှိ အနှိပ်ခန်းကို ပြောင်းရွှေ့လာတာဖြစ်တယ် လို့ ဆိုတယ်။

ရန်ကုန်မြို့ပေါ်မှာဖွင့်လှစ်ထားတဲ့အနှိပ်ခန်းတွေမှာ လုပ်ကိုင်တဲ့ အမျိုးသမီးငယ်အများစုဟာ ရန်ကုန်မြို့ဆင်ခြေဖုံး ရပ်ကွက်တွေနဲ့ နယ်မြို့တွေကနေ လာရောက် လုပ်ကိုင်သူတွေဖြစ်ကြတယ်။ လူမျိုးပေါင်းစုံတွေ့နိုင်သလို မြန်မာနိုင်ငံမြောက်ဖျား ပူတာအိုကနေ လာရောက်လုပ်ကိုင်တဲ့ တိုင်းရင်းသူတွေအထိ တွေ့ရတယ်။ သူတို့ရဲ့မိသားစုတွေမှာ ငွေကြေးအကြပ်အတည်းနဲ့ အဆင်မပြေမှုတွေ ရှိနေတတ်ပြီး နေ့စဉ် ကြုံတွေ့နေရတဲ့ စားဝတ်နေရေး အကျပ်အတည်းကို တောင့်ခံနိုင်ဖို့ အင်အား နည်းပါးလှတဲ့အပြင် စားဝတ်နေရေးကို လုံခြုံမှု ပေးနိုင်မယ့် အလုပ်အကိုင် အခွင့်အလမ်းတွေဟာလည်း သူတို့နဲ့ အလှမ်းကွာဝေးလှတယ်။

သူတို့ထဲကရုပ်ရည်အတန်အသင့် ရှိတဲ့သူတွေဟာ ခေတ်ပေါ် အဝတ်အစားတွေရဲ့ဆွဲဆောင်မှုနဲ့ ဘီယာဆိုင်တွေပေါ်မှာ သီချင်း ဆိုတတ်လာခဲ့တယ်။ အဲသည့်တစ်ချိန်တည်းမှာ ရန်ကုန်မြို့မှာ ပေါများလာတဲ့ အလှပြင်ခန်း အမည်ခံ အနှိပ်ခန်းတွေဟာ အတန်းပညာ သိပ်မတတ်လှတဲ့ သူတို့တွေအတွက် အလွယ်တကူ ဝင်ငွေရှာဖွေနိုင်မယ့် နေရာတွေ ဖြစ်လာတယ်။

`ကျွန်တော်မှတ်မိသလောက် ၂ဝဝ၅ ခုနှစ်နောက်ပိုင်းမှာ မာဆတ်(massage)တွေ ပိုများလာတယ်။ အလုပ်ထဲက ကောင်မလေးတွေလည်း ဝင်လိုက် ထွက်လိုက် ပြောင်းလိုက်ရွှေ့လိုက်နဲ့ တော်တော်ကလေးကို များလာတယ်´ လို့ ပုဇွန်တောင်မြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ အနှိပ်ခန်း တစ်ခုရဲ့ မန်နေဂျာ တစ်ဦးက ပြောပြတယ်။

သူ့ရဲ့သူဌေးက အနှိပ်ခန်းသုံးခု ဖွင့်လှစ်ထားပြီး သူက လှည့်ပတ် ကြီးကြပ်ရတယ်လို့ ဆိုတယ်။ အနှိပ်ခန်း အားလုံးတော့ မဟုတ်ပေမယ့် အများစုက နှိပ်ပေးရုံ သက်သက်ထက် ပိုတဲ့ ဝန်ဆောင်မှုမျိုးတွေ ပေးတတ်လာခဲ့ကြတယ်။ ဈေးကွက်ရဲ့ တောင်းဆိုမှုလား၊ အနှိပ်ခန်းတွေရဲ့ဝင်ငွေ လိုအပ်ချက် မြင့်လာတာကြောင့်လား၊ အာဏာပိုင် အဖွဲ့အစည်းတွေကို ပေးနေရတဲ့ ဆက်ကြေး မြင့်လာတာကြောင့်လားတော့ မသေချာပါဘူး။

ကြယ်စင်ရဲ့ လခဟာ ကျပ် ၂ဝ,ဝဝဝ သာ ရှိပေမယ့် ဧည့်သည်တွေဆီက ရရှိတဲ့ မုန့်ဖိုးတွေကြောင့် တစ်လကို ငွေကျပ် တစ်သိန်းဝန်းကျင် ဝင်ငွေရှိပါတယ်။ တစ်နာရီ ဆက်ရှင် ဝင်ရင် ကျပ်ငါးရာ ကော်မရှင် အဖြစ် ရပါတယ်။ ဒီကရရှိတဲ့ ငွေလေးတွေ စုဆောင်းပြီး အထည်ဆိုင်လေးတစ်ဆိုင်၊ ဒါမှမဟုတ် အမှန်တကယ် အလှပြင်တဲ့ဆိုင် တစ်ဆိုင်လောက် ဖွင့်လှစ်လုပ်ကိုင် ချင်တယ်လို့ သူက ပြောတယ်။

ဒါပေမယ့် လောလောဆယ် အခြေအနေအရ ကေတီဗီကို အလုပ်ပြောင်းလုပ်ချင်တယ် လို့လည်း ဆိုပါတယ်။ နာဂစ်မုန်တိုင်းကြောင့် ပြိုသွားတဲ့ ရွာကနေအိမ်ကို ပြန်ဆောင်ပေးချင်သေးတဲ့ ဆန္ဒလည်း သူ့မှာ ရှိနေသေးတယ်။

`အသိ အစ်မကြီး တစ်ယောက်က ကေတီဗီမှာလုပ်တယ်။ ဆိုင်ရှင်က ဧည့်သည်တွေနဲ့ ဆက်ရှင်ဝင်ရင် အသားတစ်ပွဲ အသီးတစ်ပွဲ မှာအောင် လုပ်ရမယ်လို့ ပြောတယ်။ စား ရသောက်ရတယ်၊ သီချင်း ဆိုရတယ်။ မာဆတ်မှာက ကိုယ့်ဖက်က သည်းမခံနိုင်ရင် ပြဿနာ တက်နိုင်သေးတယ်´ လို့ ကြယ်စင်က ပြောပြတယ်။

၂ဝဝ၉ ခုနှစ်စက်တင်ဘာလအတွင်းက ရန်ကုန်တိုင်းရဲမှူး အပြောင်းအလဲ ကာလမှာ အနှိပ်ခန်းတွေကို စီမံချက်နဲ့ လိုက်လံဖမ်းဆီးခဲ့တာကြောင့် နောက်ဖေးပေါက်ကနေ ထွက်ပြေးခြင်းနဲ့ ပြီးဆုံးခဲ့ရတဲ့ သူမရဲ့ ၁၉ နှစ်ပြည့် မွေးနေ့ ကိုလည်း မမေ့သေးပါဘူး။ အဲသည့် နောက်ပိုင်းမှာလည်း အရင်ကလောက် အလုပ်အကိုင်တွေ သိပ်မကောင်းတော့ဘူးလို့ ပြောပါတယ်။

အလုပ် စလုပ်တတ်ကတည်းက ပြည်သူ့ရဲလို့ နာမည်တပ်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကြောင့် ဘဝ အပြောင်းအလဲတွေ ဖြစ်ခဲ့သလို ဘဝတစ်လျှောက်မှာ ခြောက်လှန့်နှိပ်စက်ခံနေရတယ်လို့လည်း သူကခံစားနေရတယ်။ ဒါပေမယ့် ဒီအခန်းကျဉ်းလေးထဲက ရုန်းထွက်နိုင်ဖို့ ဒီအခန်းကျဉ်းလေးထဲမှာပဲ အရင်းအနှီးကို သည်းခံပြီး ရှာရမယ်လို့ ဆိုပါတယ်။

မြို့ပြမှာအလုပ်လုပ်ရတယ် ဆိုပေမယ့် တကယ်တမ်း သူနေ့စဉ် ထိတွေ့နေရတာ တိုက်ခန်းကျဉ်းလေး တစ်ခုနဲ့ အမြဲလိုလို အရက်မူး နေတတ်တဲ့ ဧည့်သည်တွေပါပဲ။ နေ့လည်နေ့ခင်း အပြင်ထွက်တဲ့အခါ လူတွေကသူတို့ကို ဘယ်လိုထင်လေမလဲ ဆိုတဲ့စိတ်က သူ့ကို အမြဲ မလုံမခြုံ ဖြစ်နေစေပါတယ်။

ဧည့်သည်က သူမရဲ့လက်ထဲကို တစ်ထောင်တန် နှစ်ရွက် ထည့်ပေးလိုက်တဲ့အခါ လိပ်ပြီး ဂျင်းဘောင်းဘီအိတ်ထဲကို ထိုးထည့်လိုက်တယ်။ တံခါးကို ဆွဲဖွင့်ပေးပြီး နောက်တစ်ခါလည်း အလည်လာဖို့ ဧည့်သည်ကို ဖိတ်ခေါ်ရင်း အပြုံးနဲ့ နှုတ်ဆက်လိုက်တယ်။

`ဟက်ပီးနယူးရီးယား…´။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts