>Goshail – Chrismas Thought

>

ခရစ်စမတ်နေ့ အတွေး
ဂေါ်ရှယ်
ဒီဇင်ဘာ ၂၅၊ ၂၀၀၉
          သင်တန်းတက်စဉ် ရွှေဂုံတိုင်မိဘမဲ့ဂေဟာမှာ လက်တွေ့ဆင်းခဲ့ရတယ်။ အဲဒီအချိန်တုန်းက ရွှေဂုံတိုင်မိဘမဲ့ဂေဟာမှာ မွေးကင်းစကလေးအရွယ်ကစပြီး အသက်လေးနှစ်အရွယ်အထိ သူ့အရွယ်အလိုက် အတန်းခွဲထားပေးတယ်။ မိဘမဲ့ဂေဟာက ကလေးတွေဟာ ပုံစံအမျိုးမျိုးးနဲ့ ရောက်ခဲ့ကြတယ်။  မိဘရှိရက်နဲ့ အခြေအနေအမျိုးမျိုးကြောင့် ကလေးကို သွားပစ်ထားခဲ့တာတွေ၊ ဖခင်က ဘယ်သူမှန်းမသိဘဲ မိခင်က အမျိုးသမီးထိန်းသိမ်းရေးကျောင်းမှာရှိနေပြီး ရောက်လာတဲ့ ကလေးတွေ ရှိသလို၊ အမှန်တကယ် မိဘမရှိတာတွေ၊ ရင်နင့်သနားဖွယ်ရာ ကလေးငယ်တွေ အများကြီးတွေ့ခဲ့ရပါတယ်။
          သင်တန်းသူတွေအနေနဲ့ အောက်ခြေသိမ်း မလုပ်ခဲ့ရပေမယ့်၊  ဝန်ထမ်းတွေနဲ့အတူ ကလေးတွေကို အစာကျွေးပေးရတယ်၊ ရေချိုးပေး အဝတ်လဲပေး ရတယ်၊ အိပ်ရာလဲပေးပြီး ကလေးအိပ်ဖို့ သိပ်ပေးရတယ်။
          ခေါ်စရာ မိခင် ဖခင်မရှိတဲ့ ကလေးလေးတွေမို့ ကလေးအများစုဟာ လာလည်တဲ့ဧည့်သည်ကို တွေ့တာနဲ့ ချီခိုင်းတော့တာပါပဲ။ ရင်ခွင်ကို ငတ်မွတ်နေကြတဲ့ ကလေးတွေလေ။ သူတို့တွေက ရင်ခွင်ထဲမှာ ထွေးထားတာကိုလည်း နှစ်သက်ပုံ ရတယ်။ ဒါကြောင့် လာတွေ့ တဲ့ ဧည့်သည်တွေ ပြန်တော့မယ်ဆိုရင် ဧည့်သည်တွေရဲ့ ကိုယ်ပေါ်ကမဆင်းချင်တော့ဘဲ အတင်းဖက်တွယ်ထားတတ်ကြတယ်။ ဒါပေမဲ့ အဲဒီကလေးငယ်ဟာ ဧည့်သည်ပြန်ပြီဆိုရင် ချီခိုင်းရကောင်းလား၊ ဖက်တွယ်ထားရကောင်းလား ဆိုပြီး အရိုက်ခံရတော့တာပါပဲ။
          နံနက်တိုင်းမှာ ကလေးတွေကို နွားနို့နဲ့ မုန့် နံနက်စာကျွေးပြီး၊ အဟာရ ချို့တဲ့တဲ့ ကလေးငယ်တွေအတွက် ကြက်ဥပြုတ်တလုံးစီကျွေးဖို့ ဆရာဝန်ညွန်ကြားထားပေမယ်၊့ ကြက်ဥပြုတ်တွေဟာ ၁၀ မိနစ်အတွင်း ကလေးတွေ မစားလိုက်ရဘဲ ဇလုံလိုက် ပျောက်သွားတော့တာပါပဲ။ ကလေးတွေကတော့ ဘာမှကို မသိလိုက်တာပါ။
          ကလေးတွေကိုကြည့်တဲ့ ဝန်ထမ်းတစ်ချို့တွေဟာ ကလေးကိုချစ်လို့လား၊ ပျော်စရာလို သဘောထားတာလားတော့ မသိဘူး။ ဝန်ထမ်းအချင်းချင်း ကလေးလေးတွေကို ဟိုဖက် ဒီဖက် ပစ်ကစားကြတယ်။ ကလေးရဲ့ လက်နှစ်ဖက်ကိုဆွဲပြီး ပတ်ပတ်လည်လှည့်ပြီး ကစားကြတယ်။ ကလေးတွေက ကြောက်လန့်ပြီး အော်ငိုရင် သူတို့တွေ အရမ်းပျော်နေတတ်ကြပါတယ်။
          ညဖက် အိပ်မောကျရင်း ၀မ်းသွားမိတဲ့ကလေးဆိုရင် အိပ်မောကျနေတဲ့ကလေးကို နိုး၊ နိုးလာရင် ၀မ်းသွားရကောင်းလား ဆိုပြီး ရိုက်တော့တာပဲ။ အိပ်ချင်မူးတူးနဲ့ အရိုက်ခံရတဲ့ကလေး၊ ရေလောင်းခံရတဲ့ ကလေးဟာ ဘယ်လောက်များ ရင်တုန်နေမလဲ။ ဘယ်လောက်များ ကြောက်ရွံ့နေရှာမှာလဲ။
          မျက်စိနောက်စရာကောင်းလောက်အောင် အငြိမ်မနေနိုင်ဘဲ ဆော့တတ်တဲ့ကလေးတွေရဲ့ သဘာဝမို့၊ သူတို့လေးတွေရဲ့ ငြိမ်ဆေးက ၇ လက်မ အရှည် လုံးပတ် ၁ လက်မစီရှိတဲ့ တုတ်တိုပိုင်းနဲ့ ကလေးတွေရဲ့ခေါင်းကို တန်းစီ ခေါက်လိုက်တာနဲ့ ကလေးတွေဟာ သူ့အလိုလို ငြိမ်သက်စွာနဲ့ ပြန်ထိုင်နေပြီးသားပါပဲ။
          မေတ္တာဖြန်းမှ လန်းဆန်းမယ့် မိဘမဲ့ကလေးတွေဟာ မေတ္တာမခံစားရတဲ့အပြင် နှိပ်စက်မှု နည်းပေါင်းစုံနဲ့ ကြီးပြင်းလာခဲ့ကြရမယ်ဆိုရင် အနာဂတ်အတွက် တကယ့်ကို မတွေးဝံ့စရာပါ။  ကလေးတွေဘဝရဲ့ စိန်ခေါ်မှုကို ဘယ်လိုလျှောက်လှမ်းကြမှာလဲ။
ဒီဇင်ဘာ ၂၀၊ ၂၀၀၉

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts