>In Rangoon, Pagoda Festivals & Street Fairs become Unofficial Gambling Spots
>
ဈေးပွဲတော်အမည်ခံ လောင်းကစားပွဲများ
ဝင်းမြတ်၊ ရန်ကုန်
ဒီဇင်ဘာ ၂၂၊ ၂၀၀၉
ဘုရားပွဲနဲ့ ဈေးရောင်းပွဲကို အရေခြုံလိုက်လျင် …
          ရန်ကုန်မြို့တွင်ကျင်းပသော ဘုရားပွဲများ၊ ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲများတွင် လောင်းကစားဝိုင်းများ ပိုမိုပေါများ လာသည်ကိုတွေ့ရသည်။ သီတင်းကျွတ် ကာလမှစတင်ကာ ပွဲတော်များကို ခေါင်းစဉ်အမျိုးမျိုးဖြင့် ပြုလုပ်ကာ ဒေသအာဏာပိုင်များက ရံပုံငွေများရှာဖွေလေ့ရှိကြသည်။ ဘုရားပွဲမရှိသည့်နေရာများတွင် ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဟု အမည်တပ်ကာ ဈေးပွဲတော်များ ပြုလုပ်လေ့ရှိသည်ဟု ပွဲဈေးများတွင် ဈေးလိုက်ရောင်းသူများက ပြောသည်။
          “ပွဲဈေးလာတဲ့သူတွေက လောင်းကစားဝိုင်းတွေ့တော့ဝင်ကစားရင်းနဲ့ ပွဲဈေးတန်းမှာသုံးမယ့် ငွေတွေကကုန်သွားရော။ အဲဒီတော့ ပွဲဈေးမှာရောင်းတဲ့ ဈေးသည်တွေ အရောင်းထိုင်းကုန်တာပေါ့။ ကောင်းရောင်းကောင်းဝယ် လုပ်စားတဲ့သူတွေဆီက ငွေတွေ လောင်းကစားလုပ်တဲ့ သူတွေဆီရောက်ကုန်တာပေါ့”
          ဟု ၄င်းဈေးသည်ကပြောသည်။
ပွဲတော်မှာ သောင်းပြောင်းထွေလာ လောင်းစရာက များ
          ပွဲဈေးလာ ကလေး၊ လူကြီး၊ ယောကျာ်း၊ မိန်းမအားလုံးအတွက် လောင်းကစားဝိုင်းများက နည်းမျိုးစုံလှသည်။ ဖယောင်းတိုင်ကို ကော်လက်ကောက်ကွင်းများဖြင့် ပစ်စွပ်သည့် လောင်းကစားနည်းမှအစ၊ ကုန်ပစ္စည်းများအား ကံစမ်းမဲနှိုက်သည့်ပုံစံဖြင့် နံပတ် ဂဏန်းများပါရှိသည့် လက်မှတ်ရောင်းချခြင်း၊ အံကလုံဝိုင်းဟုခေါ်သည့် လိပ်၊ မြွေ၊ ဖား၊ ကြက် စသည့် အကောင်များရေးဆွဲထားသည့် အံစာတုံးအကြီးစားများ ပစ်လောင်းကစားခြင်းအထိ အစုံတွေ့ရသည်။
          “ထူပါရုံလမ်းပေါ်မှာ ဘာပွဲမှမရှိတော့ဘဲ လောင်းကစားဝိုင်းတွေလုပ်နေကြတာ။ လောင်းကစားဒိုင်တွေက ရှုံးလို့ဆိုပြီး ဆက်လုပ်နေကြတာ။ ရဲနဲ့ ရပ်ကွက်လူကြီးတွေကို ငွေပေးပြီးလုပ်ကြတာ။ အနီးနားကလူတွေက မခံနိုင်လို့တိုင်တဲ့အခါကျတော့ တိုင်တဲ့ဖုန်းနံပတ်ကိုမှတ်ပြီး ရပ်ကွက်ဥက္ကဌက ရန်ရှာတယ်”
          ဟုမြို့ခံ တက္ကသိုလ်ကျောင်းသားတစ်ဦးကပြောသည်။
          လောင်းကစားဝိုင်းများမှာ ပွဲကော်မတီသို့ ငွေပေးသွင်းရသည့်အပြင် ပွဲဈေးအတွင်း လှည့်လည်သွားလာနေသော ရဲများကိုလည်း ဆက်ကြေးအဖြစ်ပေးရသေးသည်ဟုဆိုသည်။
ရန်ပုံငွေပွဲ၊ ကုန်စည်ပြပွဲ မှသည် ဟိုတယ်တွင်း ဂီတပွဲတွေအထိ လောင်းကစားပွဲ ခြေဆန့်
          ယခုသီတင်းပတ်အတွင်း ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းတွင်ကျင်းပနေသော ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်ဟု အမည်တပ်ထားသော ပွဲဈေးတန်းတွင် လောင်းကစားဝိုင်း ငါးဆယ်ကျော်ရှိသည်ဟု ၄င်းပွဲဈေးတွင် ရောင်းချနေသော ဈေးသည်တစ်ဦးကပြောသည်။
          “ဟိုတစ်နေ့က အမျိုးသမီးတစ်ယောက် ကံစမ်းမဲနာမည်ခံပြီး ကုန်ပစ္စည်းတွေ မဲဖောက်ပေးတဲ့ဆီမှာ ၀င်လောင်းတယ်။ ကလေးတွေမုန့်စားချင်တယ်ဆိုတော့ပိုက်ဆံကမရှိတော့ဘူး။ ကလေးနှစ်ယောက်ကို မုန့်တစ်ခုပဲဝယ်ကျွေးနိုင်တော့တယ်”
          ဟု ပွဲဈေးအတွင်းမုန့်ရောင်းသူတစ်ဦးကပြောသည်။
          ယခုလို အင်္ဂလိပ် ပြက္ခဒိန် နှစ်သစ်ကူးညတွင် ရန်ကုန်ဟိုတယ်များအတွင်း တေးဂီတ စတိတ်ရှိုးများ ကျင်းပလျင် ထိုဝင်းအတွင်း လောင်းကစားဝိုင်းများကိုပါ ဆိုင်နေရာပေးပြီး ဖွင့်လှစ်လေ့ရှိသည်ဟု ရန်ကုန်မြို့ခံတဦးကပြောဆိုသည်။
          ပွဲဈေးများလုပ်ခြင်းသည် ဒေသအာဏာပိုင်များနှင့် ရဲများရံပုံငွေရှာခြင်းသာဖြစ်သည်ဟု အချို့ကသုံးသပ်ကြသည်။
ဓါတ်ပုံစာသား။              ။ ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့်တွင် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ လမ်းမတော် တန်ဆောင်တိုင်ပွဲမြင်ကွင်း
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts