>Ei Kyar Kway – The Braveheart – Poem

>

တိုက်ပွဲပျော်

ဓနုဖြုကျော်ထွန်း (အီကြာကွေး) ၁၉၃၈ – ၂၀၀၉
ဒီဇင်ဘာ ၂၁၊ ၂၀၀၉
ပုခက်ထဲက၊ “အူဝဲ” ဟစ်ကာ
စစ်ကျေညာပြီး၊ လောကကြီး၏
ခါးသီးတွေ့ကြုံ၊ အလုံးစုံကို
မဖြုံအံခဲ၊ ပွဲဆက်နွှဲယင်း
လူလဲ တော်တော်ကြီးခဲ့ပေါ့။
မိုက်လဲ မိုက်လို့၊ တိုက်လဲ တိုက်ခဲ့
ရှုံးလိုက်တာလဲ၊ အသေင်္ချေ။
ရဲလဲရဲလို့၊ နွှဲလဲနွှဲခဲ့
အောင်ပွဲတွေလဲ အနန္တ။
သည်လိုပဲပေါ့
တိုက်ပွဲဆိုတာ၊ သာချင်သာသည်
တိုက်ပွဲဆိုတာ၊ နာချင်နာမည်
ဘယ်မှာ ခန့်မှန်း သိနိုင်မလဲ။
နာ နာ သာသာ
ဘာမှ မဖြုံ၊ စိတ်လုံခြုံရင်
မတုန်မလန့်ဖျပ်ပါဘူး
အဟုန်မတန့်တတ်ပါဘူး။
ရှေ့ကဆီး၍ ခရီးလမ်းထဲ
သစ်ပင်လှဲမလား …
ရှေ့က ကန့်၍ အဟန့်အတား
ဆူးတွေ ထားမလား …
“ယောကျာ်းဟေ့နော်၊ တိုက်ပွဲပျော်”
ကျနော် တိုက်ယင်း တက်မှာဘဲ။
၁၉၆၆ စက်တင်ဘာလ၊ ရှုမ၀မဂ္ဂဇင်း အဖွင့်ကဗျာ
စာရေးဆရာ ဓနုဖြူကျော်ထွန်း (အီကြာကွေး) ၏ ကျော်ကြားသော ကဗျာအဖြစ် ပြန်လည် တင်ဆက်လိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts