>Looking Back 2009 – Face Book among Burma

>

၂၀၀၉ ကို ပြန်ကြည့် – ရေပန်းအစားဆုံး ဆိုရှယ်နက်ဝေါ့ခ် ၀က်ဆိုက် www.facebook.com
တင့်လွင်
ဒီဇင်ဘာ ၂၁၊ ၂၀၀၉
          ၂၀၀၉ခုနှစ်မှာ မြန်မာနိုင်ငံ အင်တာနက် သုံးစွဲသူများအကြား ရုတ်တရက် အသုံးများလာတဲ့ ဆိုရှယ်နက်ဝေါ့ခ် (မိတ်ဆွေဖွဲ့ ကွန်ရက်) ၀က်ဆိုက်ကတော့ facebook.com ပဲဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာစတင်ခဲ့တဲ့ အဆိုပါ ဆိုရှယ်နက်ဝေါ့ခ် ၀က်ဆိုက်ဟာ မြန်မာနိုင်ငံအင်တာနက် သုံးစွဲသူများအကြား ၂၀၀၈ အကုန် ၂၀၀၉ ထဲမှာတော့ ပိုမိုလူသိများလာခဲ့ပြီး အချို့သုံးစွဲသူများ ဆိုရင် နေ့စဉ် နာရီနဲ့ချီ မသုံးရရင် မနေနိုင်လောက်အောင် စွဲလမ်းတဲ့အဖြစ်တွေ အထိရှိပါတယ်။ စွဲလမ်းစေတဲ့ အကြောင်း အချက်တွေထဲမှာ ဂိမ်းတွေက အဓိကပါဝင်ပြီး ဒုတိယအနေနဲ့ ဥာဏ်စမ်းပုစ္ဆာ ဖြေဆိုတာ၊ အဲဒီနောက်မှာတော့ တယောက်နဲ့တယောက် အပြန်အလှန်ရေးသားကြတဲ့ ပို့စ်(post) တွေမက်ဆေ့ခ်ျတွေ ဖြစ်ပါတယ်။
          ဖေ့စ်ဘွတ်ရဲ့ မားဖီးယား ဂိမ်းနဲ့ လယ်စိုက်တဲ့ ဂိမ်းတို့ဟာ စွဲလမ်းဆုံး နှစ်ခုဖြစ်တာကိုတွေ့ရပါတယ်။ မြန်မာနိုင်ငံမှ အင်တာနက်သုံးစွဲသူများအနေနဲ့ အချို့သောနိုင်ငံတွေမှာလို ဖေ့စ်ဘွတ်ကို မေးလ်အစားထိုး ဆက်သွယ်ရေး ၀က်ဆိုက်အဖြစ်တော့ သုံးစွဲတာမတွေ့ရသေးပါဘူး။ အများနည်းတူ ဓါတ်ပုံတင်တာနဲ့ မိမိဖတ်မိတဲ့ အထဲက နှစ်သက်တာ ဝေမျှလိုတာတွေကို လင့်ခ်ပေး ထင်မြင်ချက်ရေးပြီး ပို့စ်လုပ်ကြတာတွေ့ရပါတယ်။
          မြန်မာနိုင်ငံမှာ အင်တာနက်လိုင်းသုံးစွဲသူ ၆သောင်းကျော်ရှိနိုင်မယ်လို့ မကြာသေးမီက ပြုလုပ်တဲ့ ဆက်သွယ်ရေးဝန်ကြီးဌါနက ရှင်းလင်းပွဲတခုမှာပြောဆိုခဲ့ပါတယ်။ ထိုလိုင်း၆သောင်းကျော်ကိုသုံးစွဲသူ သိန်းဂဏန်းနဲ့ ရှိမှာတော့ သေချာပါတယ်။ အဲဒီအထဲမှာ ဖေ့စ်ဘွတ်သုံးစွဲသူ သောင်းနဲ့ချီရှိမှယ်လို့ ခန့်မှန်းရပါတယ်။
          Facebook ရဲ့သြဇာမြန်မာနိုင်ငံကို လျင်မြန်စွာလွှမ်းမိုးလာခဲ့တာကို အံ့သြစရာကောင်းလှပါတယ်။ facebook မှာကျောင်းတုန်းက သူငယ်ချင်းတွေ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းဟောင်းတွေကို နာမည်နဲ့ ဖြစ်စေ သူငယ်ချင်းတဆင့် တဆင့်နဲ့ ဖြစ်စေ ပြန်အဆက်အသွယ်ရကြတာဟာလည်း ရေပန်းစားရခြင်း အကြောင်းတချက်ပါ။ မိမိရှာလိုတဲ့ သူငယ်ချင်းဟောင်း၊ မိတ်ဆွေဟောင်းရဲ့ အမည်ကိုရိုက်ထည့်ရှာရုံနဲ့ သူသာ facebookသုံးနေမယ်ဆို မတွေ့စရာအကြောင်းမရှိလောက်အောင် ရှာလို့လွယ်ကူပါတယ်။
          ပိတ်ရာ ဆို့ရာမှာ နာမည်ကြီးလှတဲ့ မြန်မာနအဖ အစိုးရက facebook ကိုအမြင်ကပ်ပြီး ပိတ်မှာလည်းစိုးရပါတယ်။ အခုတောင် ဖေ့စ်ဘွတ်အဓိကစာမျက်နှာမဟုတ်ပဲ facebook ရဲ့inbox လင့်ခ ကိုပိတ်ထားပါတယ်။ မိမိ အကောင့်ထဲကို တစုံတယောက်က မက်ဆေ့ခ်ျပို့ထားပြီး ထိုအကြောင်းကို အသိပေးတဲ့ အီးမေးလ်က ကိုယ့်ရဲ့ email inbox ထဲရောက်နေတယ်ဆို အဲဒီလင့်ခကို ကလစ်လုပ်ရင် တားမြစ်ထားတယ် Access Denied ဆိုတဲ့ သတိပေးစာမျက်နှာ တက်လာပါတယ်။ အဆိုပါစာမျက်နှာကို ကြည့်ချင်ရင် ဒီအတိုင်းကြည့်လို့မရပဲ လင့်ခကိုကော်ပီလုပ်ပြီး ပရောက်စီကျော်ထားတဲ့ ၀က်ပေ့ခ်ျကနေ သွားကြည့်ရမယ့်သဘောပါ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts