>MoeMaKa Appreciation for 2009

>

၂၀၀၉ ခုနှစ်အတွက် မိုးမခ ချစ်သူများ စာရင်း
မိုးမခ
ဒီဇင်ဘာ ၂၀၊ ၂၀၀၉
          ယခင်နှစ်များက မိုးမခချစ်သူများ စာရင်းကို မိုးမခမိတ်ဆွေများ အချင်းချင်းသာ အသိပေးပြီး ထုတ်ပြန်လေ့ရှိရာမှ ယခု ၂၀၀၉ ခုနှစ်တွင် မိုးမခချစ်သူများ (မိုးမခလေးစားချစ်ခင်သူများ) စာရင်းကို မိုးမခပရိသတ်သို့ အသိပေးတင်ပြရန် မိုးမခ၀ိုင်းတော်သားများက စဉ်းစားစေလိုကြောင်း မောင်ရစ်က အဆိုတင်သွင်းထားပါသည်။         
          မိုးမခချစ်သူများမှာ အခြေခံအားဖြင့် မြန်မာပြည်ဒီမိုကရေစီရေး နိုင်ငံရေးလှုပ်ရှားမှုနှင့် စာနယ်ဇင်း လွတ်လပ်စွာထုတ်ဖော်ခွင့်တို့တွင် အများပြည်သူလူထု၏ မျက်နှာကိုသာ ကြည့်သော ပုဂ္ဂိုလ်များ၊ မျက်နှာစာများထဲက အမှတ်တရတို့ကို ထုတ်ဖော် ပြောဆိုရန် ဖြစ်သည်ဟု သတ်မှတ်ထားပါသည်။   
မိုးမခချစ်သူများ – အဖွဲ့အစည်း
အင်န်အယ်ဒီပါတီ – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ အားလုံး         
          ၂၀၀၉ ခုနှစ်အတွင်း အဓိကနိုင်ငံရေးလှုပ်ရှားမှုကြီးတခု ဖြစ်သော စစ်အုပ်စုက အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင် ချုပ်နှောင်ပြီး တရားစီရင်ရန် ကြိုးစားသည့် စစ်အစိုးရ၏ လုပ်ကြံမှု အရေးအခင်းတွင် – ရဲရဲဝံ့ဝံ့ ရပ်တည်သူ ဒေါ်အောင်ဆန်းစုကြည်၊ လက်နက်မဲ့ အားကိုးရာမဲ့ ပြည်သူတို့နှင့်အတူ လမ်းပေါ်တွင် ပင်ပန်းဆင်းရဲစွာ ရပ်တည်ခဲ့သူ ဦးဝင်းတင် နှင့် ဥပဒေကြောင်းအရ တရားနည်းလမ်းမျိုးစုံ သုံးစွဲပြီး စစ်အစိုးရ တရားရုံးကို တည်ငြိမ်ရင့်ကျက်စွာ တစုတစည်းတည်း ရပ်တည်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေပညာရှင်များဟူ၍ မိုးမခချစ်သူများအဖြစ် မည်သူကို ရွေးချယ်ရန် သင့်မည်ဟု စဉ်းစားခဲ့ရာ – အဖိနှိပ်ခံ ပြည်သူများရှေ့တွင် ရပ်တည်ပြီး ဒေါ်အောင်ဆန်းစုကြည် အင်းစိန်တရားရုံး အရေးအခင်းကို ရင်ဆိုင်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်များမှသည် ပါတီဝင်များ အားလုံးကို မိုးမခ ချစ်သူများအဖြစ် တစုတပေါင်းတည်း အလေးအမြတ် ပြုလိုပါသည်။
          ထိုသို့သော အဖြစ်အပျက်များကို စောင့်ကြည့်နေတဲ့ အန္တရာယ် အသွယ်သွယ်ကြားမှ မြန်မာသိအောင် ကမ္ဘာသိအောင် နည်းလမ်းမျိုးစုံသုံး၍ သတင်းပေးပို့ခဲ့ကြတဲ့ ကြေးစား (Professional) မီဒီယာသမားနဲ့ စီတီဇင်ဂျာနယ်လစ်တွေကိုလည်း လုပ်ဆောင်ခဲ့မှုများအတွက် အသိအမှတ်ပြု မှတ်တမ်းတင်လိုပါသည်။ အချို့သော အခြေအနေများမှာ သတင်းဓါတ်ပုံဗီဒီယိုများကို လက်ကိုင်အိတ်ထဲမှ၎င်း၊ စက်ဘီးပေါ်မှ၊ ဆိုက်ကားပေါ်မှ ခိုးရိုက်ပြီး တင်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။   
မိုးမခချစ်သူများ – စာရေးဆရာ
လူထုစိန်ဝင်း၊ မောင်ဝံသ         
          ၂၀၀၈ နှစ်ကုန်ပိုင်းကနေ ၂၀၀၉ တနှစ်လုံးလုံးမှာ မိမိစိတ်ထဲမှာ ရှုမြင်သိရှိထားသည့်အတိုင်း မြန်မာပြည်၏ လက်ရှိခေတ်ပြိုင် လူမှုရေး၊ နိုင်ငံရေး အကြောင်းအရာများကို ပြောဆိုခြင်း၊ စာပေစိစစ်ရေး၏ ဖိနှိပ်ထားသော ဘောင်အတွင်းကပင် စာဖတ်ပရိသတ်နှင့် နိုးကြားလာသူ မျိုးဆက်သစ် လူငယ်တို့ကို မြန်မာလွတ်လပ်ရေးနောက်ပိုင်း သမိုင်းဖြစ်ရပ်များ၊ အာဘော်များကို ထုတ်ဖော်ခြင်းနှင့် ၂၀၁၀ ရွေးကောက်ပွဲအလားအလာနှင့် ပတ်သက်ပြီး အများပြည်သူတို့ အဆင်သင့်ဖြစ်နေစေမည့် သတင်းအချက်အလက်များကို ရေးသားခြင်းတို့ကို ပြုလုပ်ခဲ့သူများအဖြစ် အသိအမှတ်ပြုလိုပါသည်။          
          အချို့သော စာရေးသူများက စစ်အုပ်စုနဲ့ စာဖတ်သူများအကြား အကြားအမြင်တို့ကို ရှုပ်ထွေးစေရန်၊ေ၀၀ါးသွားရန် အားထုတ်ခဲ့ကြသည့် စာပေအရေးအသား အများအပြား ထွက်ပေါ်နေချိန်မှာ ယခု ထိုနိုင်ငံရေးအကျဉ်းသားဟောင်း၊ စာနယ်ဇင်းသက်ကြီးပညာရှင် ၂ ဦးက အတတ်နိုင်ဆုံး ပြတ်သားသော အတွေးအမြင်များ ပေးခဲ့သည်ဟု  ထင်မြင်မိပါသည်။ သူတို့၏ အမြင်အတွေ့အကြုံ အချို့ကိုသဘောထားကွဲလိုက ကွဲလွဲနိုင်သော်လည်း အများပြည်သူခံစားချက်ကို ကိုယ်စားပြုပြီး ရိုးသားစွာတင်ပြခဲ့ပြီး အဂတိတရား ၄ပါးကိုလည်း တတ်နိုင်သမျှ ရှောင်ရှားခဲ့သည်ဟု နားလည်သဘောပေါက်မိပါသည်။   
မိုးမခချစ်သူများ –  မဂ္ဂဇင်း
အတွေးအမြင်
          သက်တမ်း ၂၅ နှစ် ရှိ၊ ကြော်ငြာမထည့်သည့် ဆောင်းပါးပေါင်းချုပ်မဂ္ဂဇင်း ကို ရွေးချင်ပါသည်။ မောင်ဝံသ၊ ကြည်သာဦးနဲ့ အခြား အတွေ့အကြုံရင့်ကျက်သည့် အယ်ဒီတာများ ကြီးကြပ်ခဲ့ဖူးပြီး ယခု ဦးသိန်းဝင်း ဦးဆောင်သည့် အတွေးအမြင်မဂ္ဂဇင်းမှာ လစဉ် စာဖတ်သူများကို မြန်မာပြည်နှင့် ပတ်သက်ပြီး သိသင့်သိထိုက် တွေးသည့် မြင်ထိုက်သည့် အတွေးအမြင်စာပေများကို ရွေးထုတ်တင်ဆက်နေသည့် စာစောင်တခုဖြစ်သည်။ အတွေးအမြင်တွင် ရေးနေသည့်၊ ရေးသားခဲ့သည့်၊ အတွေးအမြင်က မွေးထုတ်ခဲ့သည့် ကလောင်ရှင်များနှင့် ၎င်းတို့၏ စာများသည် စာဖတ်သူတို့ကို အဆိပ်မဖြစ်စေသည်က အထင်ရှားဆုံး မှတ်ကျော်ဖြစ်သည်ဟု ဖြတ်သန်းခဲ့သော အနှစ် ၂၀ ကျော်က စာများနဲ့ ၎င်းစာရေးသူများစာရင်းကို ကြည့်ပြီး ရဲရဲ ပြောနိုင်ပါသည်။         
          အခြား ခေတ်ပြိုင် ဆင်တူရိုးမှား လစဉ်ထုတ်များထဲတွင် ယခု ၂၀၀၉ အတွင်း ထုတ်ဝေခဲ့သမျှ အတွေးအမြင်စာအုပ်များကို စာဖတ်သူများက တခုတ်တရ ရှာဖွေ စုဆောင်း ဖတ်ရှုလာသည်ကို တွေ့ရသဖြင့်လည်း ၂၀၀၉ အတွက် အတွေးအမြင်ကို ရွေးချင်တာ ဖြစ်ပါသည်။         
          ၎င်းအတွေးအမြင်မဂ္ဂဇင်းနှင့်အတူ အခြား မဂ္ဂဇင်းများကို မိုးမခချစ်သူများအဖြစ် ရွေးချယ်လိုသော်လည်း ယခု ၂၀၀၈၊ ၂၀၀၉ အတွင်းမှ အပြိုင်းအရိုင်း ဖြစ်လာစ ဖြစ်နေသဖြင့် အထူး အသေးစိတ် ထုတ်ဖော် မပြောတော့သော်လည်း ခေါင်းစဉ်လောက်တော့ စာတို့ထားလိုက်ပါမည်။          
          ၎င်းတို့မှာ – ပိတောက်ပွင့်သစ်၊ မြန်မာသစ်၊ စတိုင်သစ်၊ ရနံ့သစ်၊ ချယ်ရီ၊ စပယ်ဖြူ၊ နွယ်နီ တို့ ဖြစ်ပါသည်။ ပိုမို အောင်မြင်ကြပါစေ။  
မိုးမခချစ်သူများဆုက ဘာပေးမှာလဲ         
          ပြည်ပကနေပြီး ပြည်တွင်းကို ပေးဖို့ဆိုတာက အခက်အခဲတွေ ရှိတာမို့လို့ ဘာမှ မပေးနိုင်ပါလို့ပဲ ပြောနိုင်ပါသည်။ ဒါမှာမဟုတ် – မိုးမခချစ်သူ မိတ်ဆွေကြီးများက ကြိုက်တာ တောင်းပါ။ မိုးမခကလည်း ပေးနိုင်တာ အစွမ်းကုန် ကြိုးစားပြီး ပေးပါမည် ပေါ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts