>Articles and Photos from MoeMaKa – free to use as long as credit is give to MoeMaKa

>

မိုးမခက စာနှင့် ဓာတ်ပုံများ ကိုးကားလိုက ခွင့်ပြုချက် တောင်းရန်မလိုပါ။ 
မိုးမခက လို့သာ ညွှန်းဆိုပါ

မိုးမခ
ဒီဇင်ဘာ ၁၈၊ ၂၀၀၉
          မိုးမခ စာနယ်ဇင်းအဖွဲ့က စာများ၊ ရုပ်ပုံများနှင့် ဓာတ်ပုံများကို ခွင့်ပြုချက် တောင်းစရာမလိုဘဲ လွတ်လပ်စွာ ကောက်နုတ်သုံးစွဲနိုင်ပါသည်။ မိုးမခစာနယ်ဇင်းမှာ စီးပွားရေးအကျိုးအမြတ်နှင့် ပုဂ္ဂိုလ်ရေးခံစားခွင့် လုံးဝမရဘဲ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် မြန်မာစာဖတ်ပရိသတ်တို့အတွက် သတင်းနှင့် အချက်အလက်များ အမှန်ကန်ဆုံး အထိရောက်ဆုံး ပေးနိုင်ရန် ဆောင်ရွက်နေသော စေတနာဝန်ထမ်းလုပ်ငန်းတခု ဖြစ်သဖြင့် ထိုရည်ရွယ်ချက်ကို မထိခိုက်သ၍ ကန့်ကွက်စရာ လုံးဝ မရှိပါ။ ကြိုတင်ပြီး တားမြစ်ကောင်းသော ကိစ္စမဟုတ်ဟုလည်း ယူဆပါသည်။
          ယခုတလောတွင် ပြည်တွင်းဂျာနယ်အချို့တွင် မိုးမခက ဓာတ်ပုံတို့ ကူးယူသုံးစွဲထားသည်ကို တွေ့ရပါသည်။ ကန့်ကွက်စရာ မရှိပါ။ အကယ်၍များ မိုးမခစာနယ်ဇင်း စာမျက်နှာမှတဆင့်ဟု သိခဲ့ပါလျင်သာ “မိုးမခ” ကလို့ ညွှန်းပေးစေချင်ပါသည်ခင်ဗျား။ အင်တာနက်ပေါ်က ဓာတ်ပုံများမှာလည်း မူရင်းကို ခြေရာခံဖို့ ခက်သည်ကိုလည်း နားလည်ပါသည်။
          ၂၀၀၇ သံဃာ့အရေးတော်ပုံ၊ ၂၀၀၈ နာဂစ်အရေးအခင်းနှင့် ၂၀၀၉ ဒေါ်စုနှင့် အင်းစိန်တရားရုံးချိန်း သတင်းများတွင် ပြည်တွင်းစာနယ်ဇင်းသမားများ၊ လူငယ်များက ၀ိုင်းဝန်းပေးပို့ခဲ့သော သတင်းဓာတ်ပုံများနှင့် မိုးမခက သတင်းပို့ပေးနိုင်ခဲ့သည် ဖြစ်ရာ အားလုံး၏ သဘောတူညီချက်ဖြင့် ဓာတ်ပုံ – မိုးမခ ဟူ၍ ဘုံအမည်တခုဖြင့် သုံးစွဲခဲ့သည်။ ထိုဓာတ်ပုံများကို မြန်မာအမျိုးသားရေးအကျိုးရှိမည့်နေရာများတွင် လွတ်လပ်စွာ အခမဲ့သုံးစွဲခွင့် ပေးခဲ့သည်။ ယခုလည်း သည်သဘောအတိုင်းပဲ ရှိပါသည်။
          ထို့အတူ ပြည်တွင်း ပြည်ပက စာများ၊ ဓာတ်ပုံများကို ငွေကြေးအကျိုးအမြတ်နှင့် ပုဂ္ဂိုလ်ရေးခံစားခွင့်မပါသော၊ သတင်းအချက်အလက် မျှဝေလိုသည့် စေတနာသီးသန့်ဖြင့် မိုးမခတွင်ထပ်ဆင့်ကူးယူဖော်ပြခြင်း ကိုလည်း အပြန်အလှန် ခွင့်ပြုကြစေလိုကြောင်း မေတ္တာရပ်ခံလိုပါသည်။ မည်သည့်အရပ်က မည်သူ့ဆီက ကူးယူသည်ကိုတော့ မိုးမခက လက်လှမ်းမီသမျှ ညွန်းဆိုပေးမည် ဖြစ်ကြောင်း အသိပေးလိုက်ပါသည်။

(ဓာတ်ပုံ – လွန်ခဲ့သည့် ၂ ရက်က ဂျာနယ်တစောင်တွင် ဖော်ပြထားသည့် မိုးမခဓာတ်ပုံသတင်းတခုက ဓာတ်ပုံ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts