>Maung Swan Yi – Unknown Book once written by Tin Moe
>
တင်မိုးရေးတဲ့ လူမသိသူမသိ စာတပုဒ်
မောင်စွမ်းရည်
ဒီဇင်ဘာ ၁၇၊ ၂၀၀၉
          နိုဝင်ဘာလ ၁၉ ရက်နေ့ဟာ တင်မိုးမွေးနေ့ပါ။ ဒါကြောင့် လူမသိသူမသိ သူရေးသားပြုစုဖူးတဲ့ စာအုပ်ကလေး တအုပ်အကြောင်းကို ဖေါ်ထုတ်လိုက်ချင်ပါတယ်။ ဒီလို ဖေါ်ထုတ်လိုက်တဲ့အတွက် တင်မိုးအကြောင်းလဲပိုသိရတဲ့အပြင် စစ်အစိုးရရဲ့ ပရမ်းပတာ ပညာရေး လုပ်ရပ်တွေ အကြောင်းကိုလဲ ပိုသိရပါလိမ့်မယ်။
          ကျနော်က မဆလ စစ်အစိုးခေတ်နောက်ပိုင်း ပညာရေးဝန်ကြီး ဦးကျော်ညိမ်း လက်ထက်မှာ ပညာရေးဝန်ကြီးဋ္ဌာန အခြေခံပညာ သင်ရိုးညွှန်းတန်း သင်ရိုးမာတိကာ နဲ့ ကျောင်းသုံးစာအုပ်ကော်မတီ မြန်မာစာသင်ရိုးအဖွဲ့ရဲ့ အတွင်းရေးမှုးတာဝန် ယူနေရဆဲ ကာလဖြစ်ပါတယ်။
          တင်မိုးလဲ မြန်မာစာသင်ရိုးအဖွဲ့မှာ တက္ကသိုလ်ကိုယ်စားလှယ် တယောက်အဖြစ် ပါဝင်နေပါတယ်။ သူ့ကို ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့က ထည့်သွင်းထားလို့ မဆလပညာရေး အဦးအစကတည်းက ဒီအဖွဲ့မှာ သူ ပါနေတာဖြစ်ပါတယ်။ ကျနော်က မဆလခေတ် ကုန်ကာနီးမှ ပါဝင်လာသူဖြစ်ပါတယ်။
          မူလတန်းကျောင်းသုံးစာအုပ်တွေမှာ တင်မိုးရေးထားတဲ့ ကဗျာလေးတွေ တော်တော်များများ ပါတယ်။ ကျနော် မရောက်ခင်ကတည်းက လုပ်ခဲ့ကြတာတွေကို ကျနော်သိပ်မသိဘူး။ အခြား ကဗျာဆရာတွေလဲ ရှိကြတော့ ဘယ်ကဗျာ ဘယ်သူ့ဟာလဲလို့ ကျနော်မသိတာတွေပါ ပါတယ်။ တချို့က စုပေါင်းစပ်ပေါင်းတွေပဲ ၀ိုင်းရေးကြတာ။ ဒါတွေကိုအားလုံးသိသူက နှစ်ဦးပဲ ရှိပါတော့တယ်။
          ပညာရေးတက္ကသိုလ် မြန်မာစာသင်နည်းဋ္ဌါန ပါမောက္ခ (အငြိမ်းစား) ဦးသန်းထွတ် နဲ့ ပျဉ်းမနား မောင်နီသင်း ခေါ် ပညာရေးသုတေသနဗျူရိုက သုတေသနအရာရှိ ဦးတင်ဝင်း တို့ပါပဲ။ သူတို့ကို ဘယ်ဟာ တင်မိုးရေးတာလဲ လို့ တင်မိုးရဲ့ သားသမီးတွေက မေးထားဖို့ ကောင်းပါတယ်။
          ကျနော် ရောက်သွားတော့ မူလတန်းစာအုပ်တွေကို သိပ်ပြန်မပြင်ရဘူး။ အထက်တန်းကျောင်းတွေကိုပဲ ပြန်ပြင်ရတာများပါတယ်။ ဒီလိုပြင်ရတာကလဲ ဗိုလ်နေ၀င်းရဲ့ အမိန့်ကြောင့် အဓိကဖြစ်ပုံရပါတယ်။
          စာရေးဆရာကြီးတွေထဲမှာက ဗိုလ်နေ၀င်းကို ကြည်ညိုသူ၊ စစ်အစိုးရကို အလွန့်အလွန် သဘောကျသူရှားပါတယ်။ ဒါကို ဗိုလ်နေ၀င်းက သိပါတယ် သူကလူပါးပဲကိုး။ ဒါကြောင့် ကျောင်းသုံးစာအုပ်တွေထဲမှာ ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀ ကြာတဲ့ စာရေးဆရာရဲ့ စာမူကိုသာ သုံးရမယ်လို့ အမိန့်ထုတ်တယ်။ မကွယ်လွန်သေးတဲ့ စာရေးဆရာရဲ့  စာမူ သုံးမိရင် အဲ့ဒီစာရေးဆရာက စီးပွားရေးလုပ်မှာစိုးလို့ ဘာဖြစ်လို့ ညာဖြစ်လို့ အကြောင်းပြ စော်ကားပါတယ်။ အမှန်တကယ်က သူကိုယ်တိုင်က မနာလို တိုရှည်ဖြစ်ပုံရပါတယ်။
          ဒါ့ကြောင့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ် နဲ့ စာရေးဆရာတော်တော်များများရဲ့ စာတွေကို အကုန်ပြန်ဖြုတ်ရပါတယ်။ အခြေခံပညာဆိုတာ ခေတ်စာ၊ ခေတ်စကား၊ ခေတ်အတွေး၊ ခေတ်အရေးက အဓိကမဟုတ်လား။ ခုတော့ ဗိုလ်နေ၀င်းကြောင့် ရှေးစာတွေချည်းလိုလို ဖြစ်ကုန်တယ်။ ကျနော်တို့က ဒီကြားထဲ သခင်ကိုယ်တော်မှိုင်း နဲ့ ဗိုလ်ချူပ်အောင်ဆန်းတို့ စာတွေကို မဖြစ်ဖြစ်အောင် ထည့်ခဲ့ ကြရပါတယ်။
          မြန်မာစာသင်ရိုးအဖွဲ့က ၁၁ တန်း စိတ်ကြိုက်မြန်မာစာ အတွက် ကဗျာစပ်နည်း စာအုပ် ထည့်မယ်။ ခေတ်နဲ့ညီအောင် အသစ်ပြုစုမယ်။ ဒီအတွက်ကတော့ တဖွဲ့လုံးဝိုင်းရေးလို့ ဖြစ်တာမျိုး မဟုတ်ဘူး။ တဦးတည်းပြုစုရမယ် ဦးဘဂျမ်း(တင်မိုး)ဟာ ရှေးကဗျာတွေကို ကျွမ်းကျင်သူ ဖြစ်တဲ့အတွက် သူ့ကိုပဲတာဝန်ပေးရမယ် လို့ အားလုံးသဘောတူတယ်။
           မြန်မာစာသင်ရိုးအဖွဲ့ ဥက္ကဋ္ဌ မြန်မာစာပါမောက္ခ ဒေါ်စီစီဝင်း၊ အဖွဲ့ဝင် ပါမောက္ခ ဦးဘိုးသင်းတို့ကလဲ မန္တလေးတက္ကသိုလ် မြန်မာစာဋ္ဌာနက လာကြတာဆိုတော့ တင်မိုး အကြောင်း ကောင်းကောင်းသိကြတာကိုး။ ဒါကြောင့် သူတို့က တင်မိုးကို စိတ်ချလက်ချ တာဝန်ပေးတယ်။
          နေ့ချင်းညချင်းဆိုသလို တင်မိုးကလဲ မကြုံစဖူး ၀ီရိယနဲ့ ပြုစုလိုက်လို့ စာအုပ်ကလေးဖြစ်လာတယ်။ စေတနာထားရှာလို့ပါ နာမည်ခံခွင့် မရှိပါ။
          မြန်မာကဗျာစပ်နည်း ကျောင်းသုံးစာအုပ်ကလေးထဲမှာ သံပေါက်၊ လေးလုံးစပ်၊ လင်္ကာ၊
ဒွေးချိုး လေးချိုး၊ တေးတပ်၊ တျာချင်း၊ အိုင်ချင်း စတဲ့ ရှေးရိုးကဗျာစပ်နည်းတွေအပြင် ကလေးကဗျာစပ်နည်း ဆိုတာလဲ ပါလာတော့ ဆရာကြီးမင်းသုဝဏ်ရဲ့ ကလေးကဗျာကလေးတွေ ဟာ မလွဲမသွေ ပါရတော့တာပေါ့။
          ဗိုလ်နေ၀င်း မျက်မုန်းကျိုးသူတွေထဲမှာ ခရစ်ယန်ကြီး (ဦးဖေမောင်တင်) ရဲ့ တပည့်ဆိုပြီး မင်းသုဝဏ်က ထိပ်ဆုံးကပါတယ်။ ဒါကြောင့် သက်ရှိထင်ရှား ရှိသေးတဲ့ စာရေးဆရာရဲ့ စာမူကို မသုံးရ ဆိုတဲ့ ဗိုလ်နေ၀င်းရဲ့ အမိန့်အရ ကလေးကဗျာကဏ္ဍကို မလွဲမရှောင်သာ ပယ်လိုက်ရပါတယ်။ တင်မိုးက ကျနော်တို့ကို ဆန္ဒပြတဲ့အနေနဲ့ အစည်းအဝေးကို သပိတ်မှောက်ထွက်သွားပြီး တက္ကသိုလ်အပန်းဖြေရိပ်သာထဲက အနုပညာအဖွဲ့ကိုသွားပြီး ကျောင်းသားတွေနဲ့ တနေကုန် တီးမှုတ်သီဆိုနေလိုက်ပါတော့တယ်။
          တင်မိုးပြုစုတဲ့ စာအုပ်ကလေးကို အဲ့ဒီတုန်းက မြန်မာစာသင်ရိုးအဖွဲ့ ၀ိဇ္ဇာဋ္ဌါနခွဲမှုး ဦးဘကောင်း (ကျောင်းသားခေါင်းဆောင်ဟောင်း) နဲ့ ကျနော်တို့ နှစ်ယောက် တာဝန်အရ တည်းဖြတ်ပြီး ချက်ချင်း စက်တင် ပုံနှိပ်ပါတယ်။ ကျနော်တို့ ကိုယ်တိုင် ပရုဖတ်ပါတယ်။ စာအုပ်ကလေး လှလှပပ ထွက်လာပါတယ်။ ၁၉၈၅ ခုနှစ်မှာပါ။ ပြီးလဲပြီးရော ၁၁ တန်း ပြန်ဖြုတ်စေလို့ ၀န်ကြီးက ပြန်လည်ပြင်ဆင်ပြန်ပါတယ်။
          ပညာရေးဆိုတာ ခု စာကလေးကြော်၊ ခုဆီထမင်း ဆိုသလို မှောက်ချည် လှန်ချည် လုပ်ရတာမှ မဟုတ်ဘဲကလား။ ကျနော်တို့ ကျောင်းဆရာတွေဟာ စစ်ပညာ မတတ်သလို၊ သူတို့ စစ်သားတွေလဲ ကျနော်တို့ပညာရေးလုပ်ငန်းကို မတတ်ပါဘူး။ ကျောင်းဆရာတွေကို စစ်တိုက်ခိုင်းရင် ရှုံးမှာပဲ။ စစ်ရှုံးတာက တိုက်ပွဲ တပွဲ နှစ်ပွဲ ပါပဲ။ ပညာရေးရှုံးရင် တသက်လုံးမှောက်ရမှာပါ။
          ဒီနေရာမှာ ဦးကျော်ညိမ်း တယောက်ထဲကို ကွက်ပြီး အပြစ် မပြောလိုပါဘူး။ စစ်အစိုးရဆိုတဲ့ အာဏာရှင်စနစ်ကြီး တခုလုံးရဲ့ အပြစ်ပါ။ တခုတော့ရှိပါရဲ့ … သူတို့စစ်ဗိုလ်တွေ အားလုံးလောက်ဟာ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ အရေးတွေမှာလဲ သူတို့လုပ်ရင် ဖြစ်ရမယ်လို့ ဘ၀င်မြင့်နေကြတာပါပဲ။ စစ်အစိုးရ အဆက်ဆက်မှာ ဗိုလ်ချုပ်မိသားစုတွေရဲ့ စီးပွားရေးသာ တိုးတက်အောင်လုပ်နိုင်ပြီး ပြည်သူတွေကတော ကြာလေ မွဲလေပါပဲ မြင်တဲ့အတိုင်းပါပဲ။
          တင်မိုးရဲ့ ကဗျာစာအုပ်လေးဟာ ခုအခါ ကျနော့်လက်ထဲမှာ ရှိနေပါတယ်။ စင်္ကာပူက မိတ်ဆွေကိုဇော်အောင် ယူလာပေးတာပါ။ အခြေခံပညာ အထက်တန်းကျောင်းသုံး စိတ်ကြိုက်မြန်မာစာ “ ကဗျာဖွဲ့နည်း စာအုပ်” တဲ့။ မြန်မာ အက္ခရာ အသံအသတ် စတာတွေကို အရင်ဖေါ်ပြပါတယ်။ ပြီးမှ သံပေါက၊် လေးလုံးစပ၊် လင်္ကာ၊ သံချပ်၊ ရတု၊ ဒွေးချိုး၊ ကြိချိုး၊ လေးချိုး၊ တေးထပ်၊ လွမ်းချင်း၊ တြာချင်း၊ အိုင်ချင်းစတဲ့ မြန်မာကဗျာဖွဲ့ နည်းစနစ်တွေကို တိုတိုနဲ့ လိုရင်းရှင်းလင်း တင်ပြထားပါတယ်။ လွယ်လဲလွယ်ပါတယ်။
          အခုကြားဖေါက်ပြီး သတိရလာတာရှိပါတယ်၊ ဆရာကြီး ဒဂုန်တာရာ ထောက်ပြတဲ့ မြန်
မာကဗျာ စပ်နည်းတွေရဲ့ သဘောသဘာဝနဲ့ ပတ်သက်တဲ့ အချက်တခုပါ။ လူငယ်ကဗျာဆရာများက ကာရန်မဲ့ကဗျာ အကြောင်းကို ရေးကြပြောကြတော့ မြန်မာကဗျာ ဖွဲ့နည်းစနစ်က ကာရန်စနစ်ဖြစ်တယ်။ အင်္ဂလိပ်ကဗျာ ဖွဲ့နည်း( ဗမာတွေ အသိများတဲ့ နိုင်ငံခြားကဗျာ ဖွဲ့နည်း)က အဖိ အဖေါ့ အလေးအပေါ့ အစီအစဉ်( ရစ်သံ) စနစ်ဖြစ်တယ်လို့ သာမန်ပဲ ခွဲခြားပြောမိုနေကြပါတယ်။
          ဒီမှာပဲ ဆရာတာရာက လေးချိုး တေးထပ် စတဲ့ မြန်မာကဗျာတွေမှာ “ ဂရု- လဟု” ဆိုတဲ့ အသံအလေးအပေါ့ စနစ်ရှိတယ်လို့ ထောက်ပြပါတယ်။ ဒါကြောင့် ဆရာတာရာကို ကျေးဇူးတင်ရပါတယ်။ ဒါပေမဲ့ အဲဒီ “ဂရု- လဟု” စနစ်မှာလဲ ကာရန်နဲ့ပဲ ဆုံးဖြတ်တာကို ထပ်မံ
သတိပြုမိရပြန်ပါတယ်။
          ကာရန်မဲ့ ကဗျာဆရာများက “ကျနော်တို့ဟာ ကဗျာမှာ ရစ်သံကို အဓိကထားပါတယ်”
လို့ ဆိုကြပြန်ပါတယ်၊ ဒါကို လက်မခံစရာမရှိပါ၊ ဒါပေမဲ့ မြန်မာကဗျာမှာ ကာရန်နဲ့ ရစ်သံနဲ့ ဖန်
တည်းခဲ့ပါတယ် ဆိုတာကိုလဲ ဆရာများက ထောက်ပြကြပါတယ်။
          ဒီသဘောတွေကို တင်မိုးရဲ့ “မြန်မာကဗျာ ဖွဲ့နည်း” စာအုပ်ကလေးမှာလဲ လေ့လာနိုင်ပါတယ်။ ကြည့်တတ်ရင် မြင်မှာပါပဲ။ အခြား မြန်မာကဗျာဖွဲ့နည်း စာအုပ်အမျိုးမျိုးမှာလဲ ဒီသဘောတွေ ပါရှိပြီးပဲ ဖြစ်ပါတယ်။
          မောင်သာနိုးက ကာရန်မဲ့ကဗျာမှာ
          “လွယ်လွန်းခြင်းဆိုတဲ့ ချောက်ကမ်းပါးကြီး ရှိလေရဲ့”
          … တဲ့။ သတိထားရင် မမှားပါဘူး။
၂၄၊ နိုဝင်ဘာ၊ ၂၀၀၉
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts