>Mar Mar Aye – 298

>ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် အမှတ် ၂၉၈

ဖူးပွေ့လက်တင် နှင့် ရေယမုန်
မာမာအေး
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၉(ပန်းချီ – မင်းကျော်ခိုင်)

“ – – မဟာဂီတထဲမှာ အင်မတန့်ကို ရှားတဲ့ ကလေးချော့ပတ်ပျိုးလို့ ပြောရမယ့် ‘ရေယမုန်’ ပတ်ပျိုးကို လှိုင်သခင်မ ရေးသားခဲ့ပါတယ် – -”


သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်၊

မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ – ရှေ့တပတ်မှာ အိမ်ရှေ့မိဖုရား လှိုင်ထိပ်ထားနဲ့ ကြင်ယာ ကနောင် အိမ်ရှေ့ ကိုယ်တော်ကြီး ဘယ့်နှာကြောင့် ဒေါသမီးဖြာ ကဗျာဘောလယ် စပ်ဆိုတာဖြစ်တယ် လို့ ပြောနေတုန်း လှိုင်အချစ်တုံး မမုန်းပါမယ့်အရေး ‘နာဂဆဒ္ဒန်’ကို ပြန်ချေပေးတဲ့ ‘ဖူးပွေ့လက်တင်’ အစချီဘောလယ် ဆိုပြမယ်လို့ဟာ အချိန်က မကျန်တာနဲ့ နားလိုက်ရတယ်မို့လား။ ဒါကြောင့် လှိုင်နှမ ညိုမြလုပ်နေတာကို သိသိကြီးနဲ့ ချော့ရရှာတဲ့ ကနောင်မင်း ရေးစေတဲ့ ‘ဖူးပွေ့လက်တင်’ နဲ့ ဒီနေ့ စကြတာပေါ့နော်။

xxx ဖူးပွေ့လက်တင်၊ တွေ့မြင်ချင်ရေးငယ်နှင့်၊ နေ့စဉ်ပင် ဆွေးပါရ၊ ငေးငိုမိမှိုင်၊ လဲမလို့သဲညို့ခွေယိုင်၊ မပြေနိုင်ကြွမ်းတယ်လေး၊ လွမ်းဗျာထုဆိုင် xxx လက်သုံးတော်ဓားကိုလ – ယောင်မှားကာကိုင်၊ နိုင်ချင်လိုလို့၊ ဟုတ်ပါဘဲ၊ နှုတ်အာရဲတယ်လို့ အပြစ်တင်၊ အချစ်ပြင်ပြင်၊ ချစ်ရင်အကျိုးကိုလေး၊ ငြိုးမာန်ဖွဲ့ဆင် xxx

ကဲ ချစ်ဆွေတို့ မောင်မောင်ဘ ရေးပေးခဲ့တာ ရှင်းရှင်းကလေးပါနော်။ တွေ့ချင်မြင်ချင်လွန်းသတဲ့ လွမ်းပါသတဲ့။ ဓားကိုလည်း ယောင်တိယောင်ကန်း – ရမ်းသမ်း ကိုင်မိတာဆိုပဲ။ သတ်ရက်ပါတယ် ဆိုရင်လည်း သီလဝင်ဓားကို အပ်မယ်။ ကြိုက်သလို လုပ်ပါကွယ်ပေါ့ရှင်။ ဟုတ်တယ်မို့လား။

မာအေးတို့ လှိုင်မမကလည်း မတောင်းပန်လည်း ကျေမယ့်ပုံပါ။ သူ့ကဗျာ လင်္ကာတွေမှာ မာန်အားကိုးနဲ့ ရေးဖြစ်နိုင်တဲ့ ခုလို ဓားတွေ ဘာတွေ ပါလာတာမျိုးမှာတောင်မှ တိုင်တန်းတာလောက် စာအသွားအလာ ရှိပါတယ်။ မောင်တော်မလာလို့ မျှော်ရတဲ့ အကြောင်းတွေကို လှည့်ပတ် စပ်ဆိုတာ များပါတယ်။ ထူးထူးခြားခြား ချစ်သောကတွေကြားက ခွဲသွားတဲ့ တပုဒ်တော့ ရှိသေးတယ်ရှင့်။ မဟာဂီတထဲမှာ အင်မတန့်ကို ရှားတဲ့ ကလေးချော့ပတ်ပျိုးလို့ ပြောရမယ့် ‘ရေယမုန်’ ပတ်ပျိုးကို လှိုင်သခင်မ ရေးသားခဲ့ပါတယ်။ ဝိဇယကာရီ ပတ်ပျိုးကလေးလို့ မဟာဂီတ စာအုပ်မှာ ခေါင်းစဉ် ပေးထားတာ ဆိုတော့ ‘ဝိဇယကာရီ နန်းတွင်း ဇာတ်တော်ကြီး’ မှာ သုံးဖို့ ရေးခဲ့လေသလားပေါ့နော်။ နောက်ပြီးတော့ ထန်းတပင် မင်းသား နဲ့ နောက်သားတပါး ဖွားမြောက်ထားတဲ့ မယ်ဘုရား လှိုင်လည်း ဖြစ်နေတာမို့ ချစ်သားအတွက် ရေးတာလည်း ဖြစ်နိုင်ပါသေးတယ်ရှင်။ ‘ဣန္ဒာဝံသမင်းသား’ ရဲ့ အချစ်တော် မင်းသမီးလေး ‘ဘဂုတာရီ’ ဟာ လှိုင့်ကိုယ်ပွား ဖန်တီးထားတဲ့ ဇာတ်ရုပ် ဆိုရင် ကိုယ့်ကလေးငယ်တွေနဲ့ကို ကစားဦးမှာလို့ တွေးမိနေပါတယ်။

နန်းတွင်းမှာ ကြီးလာရတဲ့ မြကလေး အနောက်နန်းမတော်ရဲ့ သမီးလေးဟာ နန်းပြင်က မာတာမိခင်တွေလိုပဲ ငှက်ကလေးတွေ၊ ငါးကလေးတွေ၊ ကြက်တူရွေးနဲ့ ရေမှော်ပင်လေးတွေသာမက ကြောင်ညိုဖားက စားတတ်တယ် လို့ ရေးတယ် ဆိုတယ်။ ဆိုးလိုက်တာ လို့ ညည်းပေမယ့် မအော်၊ မငေါက်၊ ရေပေါ်မှာ ပေါက်လေတဲ့ ကန်စွန်းနွယ်ကိုပြ၊ နေမင်းကြီး ဝင်ရှာပြီ ကြည့်စမ်း ကြည့်စမ်း ဆိုတာမျိုး သဘာဝတွေကိုလည်း ပြရှာတယ်။ တိတ်ပါတော့ သက်လျာ၊ ဉာဏ်ရှာပြီးတော့ဖြင့် မဆိုးပါနဲ့။ စိတ်မကောင်းအောင် မလုပ်ပါနဲ့ နေညွန့်မျိုးရယ် လို့ တိုးလျှိုး ချော့တဲ့ပုံကတော့ ဒီလိုပါ၊ တပုဒ်လုံး မဆံ့ဘူးနော်။ ခွင့်လွှတ် နားဆင်ကြပါဦး။

xxx ရွှေဘုံသူကလေးငယ်ဘို့၊ ချိုအေးသံသာ၊ စုံဆယ်ဖြာ၊ စုံဆယ်လီ ရှိရင် ညောင်းတယ်၊ တောင်းယူခဲ့ပါ xxx နွဲ့နွဲ့မာန်ကိုးငယ်နှင့် အို ဆိုးလိုက်တာ မြမျက်ရည် ဂေါ်ဇင်ညာက ငိုရှာလုနီး၊ မောင်မောင်ကြီးငယ့် စိန်ကြိုးသွယ်၊ ဟာ တိတ်ပါ့ကွယ်၊ ကြောင်ညိုဖားငယ် စားတတ်လှတယ် xxx ရေပေါ်မှာ လွှမ်းပါတဲ့ ကန်စွန်းနွယ် ၊ ဒေါင်းဖလ်ဝါ ရောင်စုံကွယ်လို့ ခိုင်ရွှေနွယ်သီး၊ ဇမ္ဗူရည်ထီးမှာတဲ့၊ အညီးတော်ပြေ၊ ယိုလေသဲသာ၊ စိန်ရိုးညှာ လွှဲမယ်လေး၊ နွှဲဟန်လို့သာ xxx


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် www.bbcburmese.com]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts