>ငြိမ်းချမ်းရေးစာပေများနှင့် နိုင်ငံရေးအမြင်

> နိုင်ငံရေးနဲ့ စာပေအနုပညာ (၅ဝ)

ငြိမ်းချမ်းရေးစာပေများနှင့် နိုင်ငံရေးအမြင်
ထိန်လင်း
ဒီဇင်ဘာ ၁၃၊ ၂ဝဝ၉


နိုင်ငံရေးလှုပ်ရှားမှုဆိုတာ လွတ်လပ်မှု၊ ညီမျှမှု စတဲ့ အခွင့်အရေးတွေအတွက် ပေါ်ပေါက်တဲ့ အရာဖြစ်ပါတယ်။ အဲဒီလို လိုအပ်ချက်တွေ တောင်းဆိုခြင်းဟာ ဆိုးရွားတဲ့အနေအထား တခုခု ဒါမှမဟုတ် ဆိုးရွားမှုတွေက ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။ ဒါတွေအားလုံးရဲ့ အဆုံးသတ်ကတော့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။

ငြိမ်းချမ်းရေးဆိုတဲ့အရာဟာ လူတိုင်းလိုချင်တဲ့အရာ ဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ငြိမ်းချမ်းရေး အကြောင်းကို ရေးမယ်ဆိုရင် တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေတွေ၊ ဝေဖန်သုံးသပ်ချက်တွေကို ရေးခွင့်ရမှာမဟုတ်ဘဲ ငြိမ်းချမ်းရေးသီအိုရီတွေကိုသာ ချရေးနိုင်တဲ့အခြေအနေဖြစ်ပါတယ်။

ခုကာလမှာ အဲဒီလိုဖြစ်နေရပေမယ့် ဟိုအရင်ခေတ်တွေမှာတော့ ဒီထက်လွတ်လပ်တာတွေ ရှိခဲ့လို့ ငြိမ်းချမ်းရေးစာပေသာမကဘဲ နိုင်ငံရေးစာပေတွေပါ ထွက်ရှိခဲ့ပါတယ်။ အဲဒီလို စာအုပ်တွေထဲက ‘သုံးရောင်ချယ် ကဗျာများ’ဆိုတဲ့ ကဗျာစာအုပ်ကလေးအကြောင်း ပြောပြချင်ပါတယ်။ (သတ်ပုံအရ သုံးရောင်ခြယ် ဖြစ်ပေမယ့် မူရင်းစာအုပ်အမည်အတိုင်း သုံးထားပါသည်)

ဒီကဗျာစာအုပ်ကလေးကို ၁၉၇ဝ ပြည့်နှစ် ဇွန်လမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အမှတ်တရ ထုတ်ဝေခဲ့တာဖြစ်ပြီး ကဗျာဆရာ ၄၄ ဦးရဲ့ ကဗျာ ၄၄ ပုဒ် ပါဝင်ပါတယ်။ ကဗျာ အတော်များများက ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို တိုင်တည်ရေးသားထားပါတယ်။ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ‘အဘိုးသို့တိုင်တည်ခြင်း’ ကဗျာကို ကြည့်ရင် ဘယ်လို တိုင်တည်ထားကြတယ်ဆိုတာ မှန်းဆနိုင်ပါလိမ့်မယ်။

အဘိုးသို့ တိုင်တည်ခြင်း
မောင်စိန်ဝင်း (ပုတီးကုန်း)

“နောင်သို့တကဲ့ အောင်ဘို့တပဲ့တွေနဲ့
အော် … မောင်တို့ရဲ့ တက္ကသိုလ် သခင်ကျောင်း”ဟု
ကောင်းချီဂုဏ်ပြု၊ ကျောင်းသားထုကို
တစုတဝေး၊ ထိန်းမတ်ပေးခဲ့။

ဒို့အဘိုးကား၊ အမျိုးသားစိတ်
စီးယိုဖိတ်ခဲ့၊ နယ်ချဲ့နှုတ်ခမ်း
မနမ်းလိုပေ၊ ငွေကိုမမင်
အမျိုးခင်၏၊ သခင်မျိုးဟေ့
မေ့လို့မဖြစ်၊ တိုင်းပြည်ချစ်၏
နွံနစ်မခံ၊ နယ်ချဲ့ရန်ကို
တော်လှန်တိုက်ထုတ်ခဲ့လျက်။

စိတ်ဓာတ်သတ္တိ၊ စုစည်းမိအောင်
ကလောင်ကိုင်ကာ၊ ကဗျာတပုဒ်
စာတပုဒ်ဖြင့်၊ ထိန်းချုပ်ညွှန်ပြခဲ့ရင်း။

နယ်ချဲ့စနစ်၊ စစ်ဆိုလျှင်မုန်း
လုံးလုံး ဆန့်ကျင်၊ တိုက်ပွဲဝင်ကာ
ငြိမ်းချမ်းပါရန်၊ များစွာဆန္ဒ ရှိခဲ့သည်။

အဘိုးဆန္ဒ၊ ပြည့်ဝသလား
ကျောင်းသားပြည်သူ၊ လူထုခပ်သိမ်း
ငြိမ်းချမ်းသလား၊ စစ်မီးပွားဒဏ်
ခံနေသလား၊ ဘဝခြားသည်
မြသားဗိမာန်၊ ထက်နိဗ္ဗာန်မှ
ဧကန်သိမည် ယုံပါကြောင်း။ ။

တကယ်တော့ ငြိမ်းချမ်းရေးဆိုတာ နဂိုကတည်းက ရှိနေပြီးသားအရာပါ။ မူလရှိနေတဲ့အရာကို ပျက်စီးအောင်၊ ပျောက်ပျက်အောင် လုပ်လိုက်လို့သာ ပျောက်ဆုံးသွားရတာဖြစ်ပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို လိုလားတယ်၊ ငြိမ်းချမ်းရေးကို တောင်းဆိုတယ် ဆိုတာက မရှိသေးတဲ့အရာကို ဖန်တီးပေးအပ်ဖို့ တောင်းဆိုတာ မဟုတ်ဘဲ ရှိပြီးသားအရာကို နဂိုအတိုင်း ပြန်ထားဖို့ တောင်းဆိုတာသာ ဖြစ်ပါတယ်။ ဒါက လွယ်အောင်လုပ်ရင် လွယ်သလောက် ခက်အောင်လုပ်ပြီဆိုမှဖြင့် အခက်တကာ့ အခက် ဖြစ်နေတတ်ပါတယ်။

ဒီသဘောပါဝင်တဲ့ ‘မငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းခြင်း’ ဆိုတဲ့ကဗျာမှာ ကဗျာဆရာ ကျိုက်ထို-ဝေလွင်က အခုလို ရေးဖွဲ့ထားပါတယ်။

မငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းခြင်း
ကျိုက်ထို-ဝေလွင်

ချိုးဖြူနေရာ
လင်းတ လာ၏။

လူ့ချွေးနေရာ
လူ့သွေး ဖြာ၏။

လူ၏ တေးသံ
မလွင့်ပျံနိုင်။

လူများညည်းသံ
တညံညံသည်

နဘံ ထိုးဖောက်လုပါပြီ။

စစ်ကိုရပ်စဲ၊ စားပွဲဝိုင်းမှာ
ပြဿနာကို၊ မျက်နှာစုံညီ
အပြေလည်သာ၊ အဖြေရှာလျှင်
ကမ္ဘာကြီး ငြိမ်းချမ်းမည်တကား။ ။

ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းမှာ ထိုင်ဖို့ဆိုတာက ခေတ်တိုင်း စနစ်တိုင်းမှာ ငြိမ်းချမ်းရေးလိုလားသူတွေ မျှော်လင့်တဲ့ကိစ္စ ဖြစ်ပေမယ့် သမိုင်းတွင်မယ့် စားပွဲဝိုင်း ဆွေးနွေးပွဲတွေက အာဏာကိုင်စွဲထားသူရဲ့ စိတ်စေတနာ ပြောင်းလဲ ကောင်းမွန်ပါမှ ဖြတ်တတ်တာပါ။

ကဗျာဆရာ လေးခိုင်ကတော့ စာပေသမားတွေက ဘယ်လိုတိုက်ပွဲဝင်ရမယ်ဆိုတာ အခုလို တိုက်တွန်းထားပါတယ်။

စာပေစစ်မျက်နှာ ဖွင့်ကြစို့
လေးခိုင်

အမှန်တရားအတွက်
လက်တွေ့တိုက်ပွဲဝင်ရမယ်။

အမှန်တရားအတွက်
လက်တွေ့တိုက်ပွဲဝင်ရမှာ၊ ဘယ်သူတွေပါလဲ
ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်တော့။

အမှန်တရားအတွက်
လက်တွေ့တိုက်ပွဲ ဝင်ရမှာက
ကမ္ဘာ့ပစ္စည်းမဲ့ လူတန်းစား။

သည်လူတန်းစားထဲ
စာပေသမားတွေလည်း အပါအဝင်ပဲ။

စာပေလောကမှာ၊ ပေါ်ပြူလာဖြစ်ဖို့
အချို့ .. ကိုယ့်ကိုယ်ကို ဆေးနီဆိုးထားတယ်၊
တပါးသူရဲ့ ဆေးဆိုးခြင်း ခံကြတယ်။

နီတယ်ဆိုလည်း ရဲခနဲ၊ အသည်းနှလုံးပါ နီရမယ်။

နှုတ်ပါးစပ်ပြောက အနီရောင်
လုပ်ရပ်သဘောက နီကြောင်ကြောင်
ဒါဟာ .. အချောင်သမားဝါဒပဲ။

လက်သီးကို ကျစ်ကျစ်ဆုပ်
အပြောတကယ် ဟုတ်သော်လည်း
အလုပ် လက်တွေ့မဲ့ပြန်က
ဟန်သမားသက်သက်လို့ ဆိုရမယ်။

အချိန်အားဖြင့် ယခုမူ
ပြည်သူအတွက် ကလောင်သွားထက်ထက်နဲ့
လက်တွေ့အခန်းက နေပြီး၊ ရှေ့တန်းစစ်မျက်နှာ ဖွင့်ရမှာပဲ။

သည်အထဲ .. သင်လည်း ပါစေချင်ရဲ့
မပါရင်လည်း နေရစ်ခဲ့။ ။

သုံးရောင်ချယ် ကဗျာများစာအုပ်မှာ ‘ကန်တော့ပန်း’ ဆိုတဲ့ကဗျာကို ရေးသားခဲ့တဲ့ ဆရာ ဖျာပုံ-နီလုံဦး၊ ‘အရောင်ကြောင်’ဆိုတဲ့ ကဗျာကို ရေးသားခဲ့တဲ့ ကဗျာဆရာ ပေသီး၊ ‘တော်လှန်သော အခန်းဆက် အောင်ပွဲ’ကဗျာကို ရေးသားခဲ့တဲ့ ဆရာ အောင်ဇင်မင်း တို့ကတော့ ဒီကနေ့အထိ ထောင်အကြိမ်ကြိမ်ကျရင်း စစ်ထောက်လှမ်းရေးတွေရဲ့ အနှောက်အယှက်ပေးမှုတွေကို ကြံ့ကြံ့ခံရင်း သူတို့ရဲ့ ငြိမ်းချမ်းရေးသီချင်းတွေ သီကျူးနေဆဲ ဖြစ်ပါတယ်။ ကဗျာဆရာ လေးခိုင်ရဲ့ ကဗျာထဲမှာ ဆိုထားသလို ဘယ်သူတွေ ပါကြမယ်၊ ဘယ်သူတွေ ချန်ခဲ့မယ်ဆိုတာကလည်း ဆက်လက်ပြီး မှတ်တမ်းတင်ကြရမှာဖြစ်ပါတယ်။

မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ကျေးဇူးတင်ပါတယ်။ ။

ထိန်လင်း (၁၂ ၊ ၈၊ ၂ဝဝ၉)

၂ဝဝ၉ ခုနှစ် သြဂုတ်လ ၂၁ ရက် နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts