>On 61st Human Rights Day, SFSU Student Arrsted for protest

>

၆၁ နှစ်မြောက် လူ့အခွင့်အရေးနေ့ ဆန်ဖရန်တက္ကသိုလ်ကျောင်းသားများကို ပုလိပ်က ဖြိုခွဲ

မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၁၀၊ ၂၀၀၉
ယနေ့ ၆၁ နှစ် မြောက် ကမ္ဘာ့လူ့အခွင့်အရေးနေ့အဖြစ် နိုင်ငံတကာက မိသားစုများ ပွဲလမ်းသဘင်နှင့် အထိမ်းအမှတ်များ ဆင်နွှဲနေစဉ်မှာ အမေရိကန်၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို စတိတ်ယူနီဗာစီတီ (ဆန်ဖရန်တက္ကသိုလ်) ကျောင်းသားများကို ရဲများက ကျောင်းဆောင်တခုကို ပိတ်ဆို့ သိမ်းပိုက်ထားလို့ ၀င်ရောက် ဖြိုခွဲခဲ့ကြပါတယ်။

ယမန်နေ့ကတည်းက တက္ကသိုလ်ရဲ့ စီးပွားရေးပညာဆိုင်ရာကျောင်းအဆောက်အဦကို ကျောင်းသားတွေက ၀င်ရောက် သိမ်းပိုက်ပြီး ပိတ်ဆို့လိုက်ကာ တက္ကသိုလ်နဲ့ အစိုးရ အာဏာပိုင်များရဲ့ ပညာရေးစာရိတ်များ တိုးမြှင့်မှု၊ ကျောင်းသင်တန်းများ လျှော့ချမှုတို့ကို ကန့်ကွက်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ယခုလာမည့်နှစ်မှာ ကျောင်းစာရိတ်ကို ၂၀ % အထိ မြှင့်မယ်၊ စာသင်တန်းများ လျှော့ချမယ်၊ ကျောင်းသားတွေကို လျော့ချပြီး လက်ခံမယ် စတဲ့ ပညာရေး ၀န်ဆောင်မှုတွေ၊ အသုံးစာရိတ်တွေကို စီးပွားပျက်ကပ်အကြောင်းပြပြီး ဆောင်ရွက်နေတာကို မကျေနပ်လို့ ဆန္ဒပြပွဲကို လုပ်ဆောင်တာလို့ ကျောင်းသားတွေက ပြောပါတယ်။

 ထောင်ချီတဲ့ ကျောင်းသားတွေရှိတဲ့ ကျောင်းပရ၀ဏ်မှာ ကျောင်းသား ၁၀၀ ခန့်က ဆန္ဒပြခဲ့ကြင်္ပြီး ယနေ့နံနက် ၃ နာရီမှာ ကျောင်းသားတွေ သိမ်းပိုက်ထားတဲ့ စာသင်ဆောင်ကို ပုလိပ်တွေက အင်အားသုံး ၀င်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ ကျောင်းသား ၃၃ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အချို့ကျောင်းသားတွေက လမ်းတွေ ပိတ်ဆို့ပြီး ပုလိပ်တွေကို တားဆီးလို့ သူတို့ကို ခေတ္တ ထိန်းသိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။

 
“ကျောင်းသားတွေကို ဖမ်းတဲ့အမှုတွေက ပိုင်နက်ကျုးကျော်တာကို သံသယရှိလို့၊ ထိန်းသိမ်းတာကို အာခံလို့၊ စည်းကမ်း ဥပဒေတွေ ဖောက်ဖျက်လို့ ဆိုတာတွေနဲ့ ဖမ်းဆီးတယ်လို့ ဆိုပါတယ်။ အခုတော့ အဲသည် ကျောင်းဆောင်မှာ စာသင်ခန်းတွေ ဖွင့်လိုက်ပြီ လို့ ဆိုတယ်။ တိုင်းပြည်ကို စော်ကားလို့တို့၊ အကြမ်ဖက်လို့တို့၊ သူပုန်ထလို့ တို့ဆိုတဲ့ ရာဇ၀တ်မှုကြီးတွေနဲ့ မစွပ်စွဲပါဘူး”
ဟု တက္ကသိုလ်စာကြည့်တိုက်တွင် အိုင်တီနည်းပညာရှင်အဖြစ် ဆောင်ရွက်နေသူ မြန်မာဝန်ထမ်းတဦးက မိုးမခသို့ ပြောသည်။
“ ကျောင်းသားတွေကလည်း လူတွေကို သိသွားစေချင်တယ်။ ဒီကိစ္စတွေ မတရားဖူး ထင်တယ်ဆိုတာကို  ဒါကို ဆွေးနွေးလို့ မရတော့ ဆန္ဒြုပပြီးတော့ တင်ပြရတာပဲ။ အစိုးရဖက်ကလည်း ပညာရေးကို ဖြတ်တောက်တာက ရှေ့တိုးသည်ထက် တိုးလာပြီ။ အခုလို ပုလိပ်တွေနဲ့ ဖြေရှင်းရတာဟာ သူတို့နိုင်ငံနဲ့ အသိုင်းအ၀ိုင်းအတွက် ရှက်စရာ၊ မျက်နှာပျက်စရာ ဖြစ်တယ်။ ယူနီဗာစတီအော့ဖ် ဘာကလေမှာလည်း လွန်ခဲ့တဲ့လက ဖြစ်ခဲ့ပြီးပြီ။ အခု သည်မှာ ဖြစ်တယ်။

မြန်မာပြည်နဲ့ ယှဉ်ရင် – ကျနော်တို့ဆီမှာက အိမ်ထဲမှာ လင်မယား ရန်ဖြစ်တာ၊ ကလေးကို ရိုက်တာ အော်ဟစ်ဆူညံလို့ ၇ အိမ်၊ ၈ အိမ်ကြားလို့ ရတယ်။ လက်ခံတယ်။ ဒီမှာက မရဘူး။ ပတ်ဝန်းကျင်မှာ ရှက်စရာ။ ပြီးတော့ ပုလိပ်တွေ စစ်သားတွေ ၀င်ရောက်လာရတယ် ဆိုတာမျိုးက ကျောင်းတွေအတွက် အလွန် သိက္ခာကျတယ်။ မိဘတွေ ကျောင်းသားတွေက ဒီလိုကျောင်းမျိုးကို ရွံတယ်။ တခြားကျောင်းသားတွေကလည်း စာသင်မပျက်ပါဘူး။ ဆန္ဒပြတဲ့သူက ပြပေါ့။ သူတို့ကလည်း တခြားအတန်းတွေ တက်ချင် သွားတက်နေတာပဲ။” လို့ ၎င်းက ပြောပါတယ်။
(ဓာတ်ပုံ – မိုးမခ၊ ယမန်နေ့က ကျောင်းသားများ ဆန္ဒပြနေစဉ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts