>MoeMaKa Letter – How about Test Drug Abuse in Burma

>

အစမ်းသပ်ခံ ဆေးဝါးများနဲ့ ဓားစာခံလူနာများလည်း ကြည့်ကြပါအုံး
မိုးမခထံ ပေးစာ၊ ကွမ်းယာဆိုင်လူနာ
ဒီဇင်ဘာ ၄၊ ၂၀၀၉
          မိုးမခ ခင်ဗျား … သတင်းစာတွေထဲမှာ ဆရာဝန်တွေ၊ ဆေးခန်းတွေကို လူနာတွေအပေါ် ပေါ့လျော့မှု၊ ပျက်ကွက်မှုတွေနဲ့ အရေးယူလိုက်တယ်၊ သတိပေးလိုက်တယ်လို့ ကြားတော့ ၀မ်းသာပါကြောင်း၊ သတင်းသမားများက ယခုလို ထုတ်ဖော်ကြတဲ့အတွက် စာဖတ်တဲ့ ပရိသတ်ကြီးလည်း ပိုမိုနိုးကြားလာပါကြောင်း ပြောလိုပါတယ်။ ရန်ကုန်က ဂျာနယ်တွေ၊ သတင်းစာတွေမှာ ဒီထက်ပိုပြီး အခုလို မတရားမှုတွေ ဖော်ထုတ်တဲ့ သတင်းတွေ အခင်းတွေ တင်ပြနိုင်ပါစေ၊ ဖတ်ရှုခွင့် ရပါရစေလို့ ဆုတောင်းလိုက်ပါတယ်။

          နောက်ပြီးတော့ ဆေးဝါးကုမ္ပဏီတွေဆီက ဥဒဟို ၀င်ရောက်လာတဲ့ အစမ်းသပ်ခံ ဆေးဝါးတွေကို ဆေးခန်းတွေ၊ ဆရာဝန်တွေက လူနာတွေအပေါ်မှာ စောင့်ကြည့် စစ်ဆေး အသိပေးမှု မရှိဘဲ လက်တည့်စမ်းနေကြတာကိုလည်း ရေးကြစမ်းပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။ ဆေးရုံကြီးတွေကအစ ဆေးခန်းငယ်တွေ အဆုံး၊ အချို့နေရာ တော်တော်များများမှာ ဆရာဝန်တွေ၊ ဆေးပေးသူ ဆေးကျွမ်းကျင်သူတွေက Test Drug တွေ၊ အာမခံချက် မပေးတဲ့ စမ်းသပ်ဆေးတွေကို လူနာတွေကို ပေးနေတာတွေ၊ တစုံတခု လွဲချော်သွားခဲ့ရင်လည်း ၎င်းတို့နှင့် မဆိုင်သလို နေကြတာတွေ၊ လူနာတွေနဲ့ လူနာရှင်တွေမှာ ဆေးအတွက်ကြောင့် လေးကြရတဲ့အခါ ဆောက်တည်ရာမရ ဒုက္ခပင်လယ်ဝေကြ၊ ခိုကိုးရာမဲ့ ဖြစ်ကြရတာတွေကို ကျနော်တို့တတွေ ကြိတ်ပြီး ခံစားနေကြရတာ စစ်အစိုးရရဲ့ စည်းမဲ့ကမ်းမဲ့ တခါးဖွင့် ဈေးကွက်စီးပွားရေး စ ကျင့်သုံးကတည်းကပါ။
          အထူးကုဆေးခန်းတွေမှာ ဆရာဝန်ကြီးတွေအဆင်သင့် ကုနိုင် ကြည့်နိုင်ဖို့ လူနာတွေက တန်းစီပြီး အားလုံးတပြိုင်နက် ဖင်လှန် စောင့်နေကြရတာတွေ၊ ပေးတဲ့ဆေးတွေကို သောက်ပြီး လိမ်းပြီးတော့ တကိုယ်လုံး မီးဟုန်းဟုန်းတောက်နေတာတောင် ကံကြမ္မာကို ယိုးမယ် ဖွဲ့ပြီး၊ ဆေးရုံ ဆရာဝန်နဲ့ ဆေးကို မေးခွန်း မထုတ်ရဲလို့ ကိုယ့်ရဲ့ ခေလှတဲ့ ကုသိုလ်ကံကို အပြစ်တင်ခဲ့ရတာတွေ များလှပါပြီ ခင်ဗျား။
          ခင်ဗျားတို့ ၀က်ဆိုက်ထဲမှာ ဘာတဲ့ … ကုသိုလ်ဖြစ် မယ်တော်ဆေးခန်းက ဆရာဝန်မကြီး ဒေါ်စင်သီယာမောင် အသက် ၅၀ ပြည့် မွေးနေ့အခမ်းအနား လုပ်မယ် ကြားပါတယ်ခင်ဗျား။ ကျနော်တို့ ပြည်တွင်းမှာလည်း ကုသိုလ်ဖြစ်ဆေးခန်းတွေ အနှောက်အယှက် ကင်းကင်းနဲ့ ထွန်းကားဖို့၊ လူနာတွေ မျက်နှာ မငယ်ကြစေဖို့၊ စေတနာရှင် မေတ္တာရှင် ဆရာဝန်ကြီးတွေ၊ ဆေးဝါးလုပ်ငန်းတွေ၊ ဆေးရုံကြီးတွေအကြောင်း လူနာတွေ၊ ပရိသတ်တွေ ရွှန်းရွှန်းဝေအောင် သိရှိလာကြစေဖို့လည်း လိုအပ်ပါတယ် ခင်ဗျား။
          မိုးမခ ၀ိုင်းတော်သားများ နေကောင်း ကျန်းမာကြပါစေ။ ကျနော်တို့ဆီမှာတော့ အသက်ကို ဉာဏ်စောင့်ပါတယ်။ ကျနော်တို့အသက်ကို ဘယ်သူ့လက်ထဲမှ မထည့်ရဲလို့ ကွမ်းယာဆိုင်က ဆေးမြီးတိုလေးပဲ အားကိုးရမလိုလို၊ ဆရာတော်ကြီးတွေရဲ့ ရေဆူပရိတ်ရည်တွေပဲ သောက်ရမလိုလို ဖြစ်နေရပါတယ်။ ကျန်းမာခြင်းသည် လာဘ်တပါးပါ ခင်ဗျား။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts