>USDA promotion in Rangoon (follow-up news)

>

ကြံ့ခိုင်ရေးအသင်းက လူထုငွေကြေးဖြင့် နာမည်ကောင်းယူ
တောင်ဒဂုံတွင် လမ်းပြင်ရန် ငွေကောက်
ဝင်းမြတ်၊ ရန်ကုန်
နိုဝင်ဘာ ၃ဝ၊ ၂ဝဝ၉

သောကြာနေ့က ပြုလုပ်သည့် ကြံ့ခိုင်ရေးအသင်း နှစ်ပတ်လည် အစည်းအဝေး ညစာစားပွဲတွင် တွေ့ရသော အသင်းဝင်များနှင့် ဗိုလ်ချုပ်ကြီးများ


ကြံ့ခိုင်ရေးအသင်းက လမ်းပြုပြင်ရေး အတွက်ဟု ဆိုကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်း တစ်အိမ်ထောင်လျှင် ငွေကျပ်ခြောက်သောင်းစီ လိုက်လံ ကောက်ယူနေသည်ဟု သိရသည်။

`တစ်မိုးလုံး ဗွက်တောထဲ လျှောက်ခဲ့ရတာ။ သူတို့ကပဲ စေတနာနဲ့ လမ်းကို ပြင်ပေးတော့မလိုနဲ့၊ အခုလို ပိုက်ဆံ လိုက်ကောက်တော့ မပေးနိုင်ပါဘူး။ လူထုဆီက ပိုက်ဆံနဲ့ သူတို့က နာမည်ကောင်း လာလိုချင်လို့ ဘယ်ရမလဲ´ ဟု ဒဂုံတောင် ၁၈ ရပ်ကွက်အတွင်းမှ ၀န်ထမ်း အမျိုးသမီး တစ်ဦးက ပြောသည်။

လမ်းပြုပြင်ရန်အတွက် ပိုက်ဆံပေးရမည့်အပြင် တစ်အိမ်လျှင် လူတစ်ဦးစီ လုပ်အားပေးရဦးမည်ဟု ဆိုသည်။

ကုန်ခဲ့သော မိုးရာသီကတည်းက “ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းက လမ်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေသည်” ဟူသော ဆိုင်းဘုတ်များ လိုက်လံချိတ်ဆွဲခဲ့သည်။

၎င်းမြို့နယ်အတွင်း၌ ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ကြံ့ခိုင်ရေး အသင်းက တာဝန်ယူကာ လိုက်လံ တပ်ဆင်ပေးခဲ့သော သောက်သုံးရေ ပိုက်လိုင်းများမှာလည်း မိုးလွန်ကာလ အရောက်တွင် ရေမလိုက်တော့ကြောင်း ပြောကြသည်။

ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ JICA ၏ အလှူငွေများဖြင့် ဆောက်လုပ်ပေးခဲ့သော စာသင်ကျောင်းဆောင်သစ်များတွင်လည်း ကြံ့ခိုင်ရေးအသင်းက ဆောက်လုပ် လှူဒါန်းခဲ့ကြောင်း ဆိုင်းဘုတ်များ တင်ခဲ့သည်ဟု ၂၀ ရပ်ကွက်အတွင်း နေထိုင်သော အငြိမ်းစား ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

ဒဂုံတောင်မြို့နယ်မှ ယခင် ကြံ့ခိုင်ရေး အတွင်းရေးမှူးဟောင်းမှာ မြွေကိုက်ခံရပြီး ယမန်နှစ်က သေဆုံးခဲ့သည်။ ၄င်းသည် ကြံ့ခိုင်ရေးအာဏာဖြင့် ဆီကိုယ်စားလှယ် လုပ်ငန်း ဆောင်ရွက်ကာ ကြီးပွားလာခဲ့သူဖြစ်သည်။

ကြံ့ခိုင်ရေး အသင်းသည် ဗိုလ်ချုပ်ကြီးများ ဦးဆောင်သော အဖွဲ့အစည်းဖြစ်ပြီး လူမှုရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း ကြေညာထားသည်။ ဒေသအသီးသီးတွင် အသင်းရုံးခွဲများ ဖွင့်ပြီး ဆောင်ရွက်နေသည်။

ရန်ကုန်မြို့အတွင်းရှိ အချို့မြို့နယ်များတွင် လမ်းများအား စည်ပင်သာယာရေးကော်မတီ ဘတ်ဂျက်ငွေများဖြင့် ပြုပြင်ရာတွင်လည်း ကြံ့ခိုင်ရေး ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး ပြုပြင်ခဲ့သည်။

ယနေ့ထုတ် သတင်းစာများတွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်အတွင်း လမ်းပြုပြင် တည်ဆာက်မှုသတင်း ဖော်ပြထားသည်။ ထိုလုပ်ငန်းများသည် စည်ပင်သာယာရေး ကော်မတီ၏ နည်းပညာ ကူညီမှု၊ လူမှုရေးအသင်းအဖွဲ့ နှင့် ရပ်ကွက်ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အကောင်အထည် ဖော်ကြောင်း ရေးသားထားသည်။ မည်သည့်လူမှုရေးအသင်း ဖြစ်ကြောင်းကိုမူ အမည် ဖော်ပြထားခြင်း မရှိပေ။

ကြံ့ခိုင်ရေး အား ပါတီပုံစံပြောင်းလဲကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင် အနိုင်ယူရေးအတွက် ယခုကတည်းက လူထု စည်းရုံးရေးများ ဆောင်ရွက်ရန် အာဏာပိုင်များက အဆင့်ဆင့် ညွှန်ကြားထားသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts