ဆောင်းလူ

Saung Luu – My name is Ba Nyunt (Essay)

ကျနော့်နာမည် မောင်ဘညွှန့် (၅)
ဆောင်းလူ
ဇွန် ၂၆၊ ၂၀၁၃


တကယ်တမ်း အမှတ်ရမယ်ဆိုရင် ..
မန်းရှာထိုးတဲ့ ၀ါးစားပွဲပေါ်မှာ
လက်ထောက်တွေ အလီလီပြောင်း
သလွန်ညောင်စောင်း ဒီကုတင်ဟောင်းက
အမှန်တိုင်းပြောရမယ်ဆိုရင်
ကျူပ်တို့အတွက်တော့
မ,ရတာ တကယ်လေးလွန်းတော့လည်း
အဟောင်းဈေးနဲ့ ရောင်းချင်လှတယ် …။

မောင်ဘညွှန့်တို့ သတင်းစာတိုက်ကြီးမှာကလည်း အမှတ်ရစရာတွေကလည်း အများသား …။ သတိရစရာတွေကလည်း အများသား …။ ရီစီဗာမကောင်းတဲ့ စလောင်းကြီးတို့ … လေး ငါး သောင်းနဲ့ အင်ထုခံလိုက်ရတတဲ့ ၃၂၄ တို့ …။ ဗမာငွေ သိန်းကျော်တန်လောက်အောင် ပေးလိုက်ရတဲ့ စက်ရုပ်လိုလို ..စပေ့ရှစ်ခ်လိုလို (spaceship) အိုင်ဝါကြီးတို့ …။ နောက် ဟိုအကောင်လေးတွေရဲ့ ဆီတွေ လွှမ်းနေတဲ့ ဒယ်အိုးကြီးလည်း သတိရပါတယ် ..။ မနက်တိုင်း ထမင်းကျော်ရင် သူနဲ့ချည်း နှစ်ပါးသွားရတာ …။ မောင်ဘညွှန့်တောင် ကိုဝေယံ (အမေရိကား) လက်ချက်နဲ့ အဆီတုံးလေးတတုံး ၀ါးခဲ့မိဖူးတယ် …။ 
ဒီနေရာမှာ ဖဒိုမန်းရှာရဲ့ ၀ါးစားပွဲလေးကလည်း အပါအ၀င်ပေါ့ …။ တဆင့်စကား နားနဲ့ကြားဖူးတာတော့ .. ဒီဝါးစားပွဲလေးက အတော်ကြာပါပြီ။ မောင်ဘညွှန့်တို့ အနှီသတင်းစာတိုက်ကြီးဆီ မရောက်ခင်ကတည်းကပါ။ ဒီ ၀ါးစားပွဲလေးဟာ ဖဒိုမန်းရှာရဲ့ လက်နဲ့ ကိုယ်တိုင်လုပ်ထားတဲ့ ၀ါးစားပွဲလေးပါ ..။ စားပွဲလေးက နှစ်ဆင့်ပါပါတယ် …။ မောင်ဘညွှန့် မှတ်မိတာကတော့ အဲ့အချိန်က ၀ါးစားပွဲပိုင်ရှင်က ဦးဗလ။ (အယ်ချုပ်နဲ့ အမျိုးတော်ပါတယ်။ ခုတော့ ပြင်သစ်) ပါ။ နိုင်ငံတကာသ တင်းအယ်ဒီတာပေါ့။ 
အဲ့စားပွဲလေးပေါ်မှာ မောင်ဘညွှန့်တွေ့မိတာတော့ နိုင်ငံခြားဖြစ် ထိုင်းလုပ် မီးအိမ်လေးရယ် … ။ ဗမာပြည်ကထုတ်တဲ့ အထူဆုံး အင်္ဂလိပ်အဘိဓာန်ရယ် … ။ တခြား မောင်ဘညွှန့်တို့နားမလည်တဲ့ ပေါ်လစီရေးရာ .. နိုင်ငံတကာရေးရာ စာအုပ်တွေပါပဲ …။ နောက် အိမ်ရှင်ကပေးထားတဲ့ ကျွန်းသလွန်ကုတင်နဲ့ဆိုတော့ ဖထီးရဲ့ စားပွဲလေးနဲ့ တွဲလိုက်ရင် ဆရာ့ ဆရာတွေသာပေါ့ …။ အဲ့ဒီဗိမ္မာန်မှာနေဖူးတာက .. ဦးဗလ (ယခုပြင်သစ်)၊၊ ကိုဝင်းသိန်းနိုင် (အမေရိကား- ဦးပီတာလင်းပင်ရဲ့တူလို့လည်း ဆိုတယ်)၊ မောင်နေသွင် (ယခု ထိုင်း) ပေါ့။ 
မောင်ဘညွှန့်နဲ့ စောဒီထူးကတော့ အဲ့ဗိမ္မာန်ရဲ့အရှေ့က ကွက်လပ်ကို အပိုင်စားတော်မူတယ် …။ လူများများလာမှာစိုးလို့ .. အဲ့အချိန်က ရေဆေးတွေကို ရေနဲ့ဖျော် .. ကဲန်းဗတ်စ်တွေ၊ စက္ကူစတွေပေါ် ဟိုပက် ဒီပက် ..။ အခွိုင်းလစ်တွေကို ဟိုခြစ် သည်ခြစ် .. .. ဒီကြားထဲ ဆေးထိုးအပ်နဲ့ ထည့်ပြီး ကျဲတာတောင် ပါသေး …။ မသိရင်တော့ အတ်ခ်ျ ပေါ့ဗျာ ..။ ပန်းချီကားလို့အမည်တပ်ထားတာတွေကလည်း စိတ္တဇလိုလိုဆိုတော့ … အနားလူမကပ်တော့ပါဘူး …။ 
ခုတော့ နှစ်တွေ အလီလီ တော်လှန်ရေးလမ်းခုလတ်မှာ မန်းရှာလည်း ကျဆုံးခဲ့ရသလို (မန်းရှာဈာပနာမှာ ၀ီနဲဗား ဆလမ်းဒါး , ၀ီနဲဗား ဂစ်အပ်ခ်ျ (We never surrender, we never give up) ဆိုပြီး အမေရိကားရောက်သွားသူတယောက်ကိုလည်း သတိရလိုက်တာဗျာ။ မောင်ဘညွှန့်တို့လည်း မျက်နှာဖြူစကားနားမှမလည်တာ။ ဘာပြောမှန်းတောင်မသိဘူး .. ။ အယ်ချုပ်မောင်းချလိုက်တာပဲ သိလိုက်ရတယ် …။ နောက်ပိုင်းနှစ်တွေကြာလာမှသာ .. အော် ..အမေရိကားမှာ လက်နက်သွားရှာတာဖြစ်မှာပါလေဆိုပြီး ဖြေတွေးလေး တွေးရတာပေါ့) ..သူ့လက်ရာ စားပွဲလေးလည်း ဘယ်ရောက် ဘယ်ပေါက်ဆိုတာ မောင်ဘညွှန့်လည်း မသိတော့ပါဘူး ….။
++++++


ပိတ်ရက်တွေ ပိတ်ရက်တွေ
လေထိုး လေလျှော်နဲ့
အရက်တစ်လုံး ဘေးချ
ထန်းပင်စိုက် အုန်းသီးစိုက်နဲ့
ဂျက်ကွင်း ..ကင်းတွေမှာ..
ဂျိုကာတွေ မျက်ဖြူလန်
ပုလင်းတွေသာ ပုံလာပြန်လို့
ဘ၀ဟာ သိက္ခာကို ကျလွန်းလှတယ် …။

မောင်ဘညွှန့်တို့ သတင်းစာတိုက်ကလည်း ပိတ်ရက်ရှိပါတယ်။ အမှန်တော့ ကိုယ်ထူကိုယ်ထဆိုတော့ ပိတ်ရက်မရှိပါဘူး။ သို့ပေမယ့် ကိုယ့်ဘာသာကိုယ် ပိတ်ရတာပေါ့ဗျာ .. ။ အဓိကတော့ အလုပ်ပြီးမြောက်ကြောင်းပေါ့ .. ။ အလုပ်ပြီးရင် တစ်ရက် နှစ်ရက်လောက် ဂလေရိုက်နေရင် အယ်ချုပ်က ဘာမှ မပြောပါဘူး ..။ အဲ့ထက်ကျော်ရင်တော့ မျက်ထောင့်နီကြီးနဲ့ ..။ နဲနဲများလာပြီဆိုရင်တော့ .. ငါကိုင်တုတ်တော့တာပါပဲ …။ မောင်ဘညွှန့်တို့က အမြဲခံနေကျဆိုတော့ အရေထူနေပါပြီ …။ ထုဟယ် နှက်ဟယ်ဆိုရင်လည်း သီအိုရီအရ မသိမသာ အလိုက်သင့်ရွှေ့လျားပေးလိုက်ပါတယ်။ အထိမနာအောင်ပါ။ မသိသူဆို မျက်ရည် ဗူးသီးလုံးလောက်တောင် ကျသွားနိုင်ပါတယ် ..။ 
ပုံမှန်ဆို မောင်ဘညွှန့်တို့ ပိတ်ရက်တွေမှာ ယစ်ရွှေရည်မှီဝဲတာပေါ့ …။ စားစရာသာ မရှိတာ ..သောက်စရာကတော့ ဘယ်က ဘယ်လိုထွက်လာမှန်းမသိဘူး ..။ 
မောင်ဘညွှန့်တို့ဆီမှာ ဦးဂျမ်းတွေရှိပါတယ်။ ဦးဂျမ်းတွေကလည်း ဦးဂျမ်းဆိုတဲ့အတိုင်း အဌာရသမျိုးစုံတတ်ပါတယ်။ မောင်ဘညွှန့်တို့က ပညာရှာသူတွေပေါ့။ ခါတိုင်း ပုံမှန်ဆို ယစ်ရွှေရည်ပဲ မှီဝဲတာပါ။ နောက် ပေါက်ပေါက်ဖောက်ကြတာပဲ …။ သူကောင်းတယ် .. ငါကောင်းတယ် ..။ သူကတော့ ဘာ .. ငါကတော့ ဘာ .. ဟိုကောင်က ဒီလို .. ဒီကောင်က ဟိုလို .. စသည်ဖြင့် သတင်းလုပ်ကြတာပေါ့။ 
ဒီတခါတော့ … နောက်တနည်းတတ် နည်းတာမှတ်လို့ဆိုပြီး … ကိုရေချမ်း (ဗမာပြည်)၊ ကိုညဏ်လင်းထွန်း (အမေရိကား)၊ ဦးတင်ညို (ဦးဂျမ်း)၊ စောဒီထူး (နယူးဇီလန်) နဲ့ မောင်ဘညွှန့်တို့ ၀ိုင်းဖွဲ့ပြီး ကုလား ကြည့်ကြတယ်ဗျာ …။ မောင်ညဏ်နဲ့ ဦးတင်ညိုက ဆရာတွေပါပဲ .. ။ ထန်းပင်စိုက်တွေရော အုန်းသီးစိုက်တွေရော စုံနေတာပဲ .. ။ မောင်ဘညွှန့်နဲ့ ကျန်သူတွေကတော့ .. အသစ်လေးတွေပေါ့ ..။ ကြေးကလည်း လေထိုး လေလျှော်ပါ။ တကယ်ပေးရမယ်ဆိုလည်း ချူးတပြားတောင်မရှိပါဘူး .. ။ ကြက်ဖတောင် သူများချူးနဲ့ အငှားစီးရတဲ့ဘ၀ဆိုတော့ ..။ 
တနေကုန် တနေခမ်း မောင်ဘညွှန့်တို့လည်း သင်တော့ သင်တာပါပဲ .. ဒါပေမယ့် စိတ်က ဘေးက ပုလင်းဖြူလေးတွေပေါ်ပဲ ရောက်နေလို့လားလည်း မသိပါဘူး။ ဖြစ်ထွန်းအောင်မြင်မှု မရခဲ့ဘူးဆိုပါတော့။ နောက်ဆုံးတော့ .. မောင်ဘညွှန့်တို့တွေလည်း ပုလင်း ဖက်ပြီး ၀မ်းလျားမှောက်ကုန်ကြတော့တာပါပဲ ..။ ဖြစ်နိုင်တာတော့ မောင်ဘညွှန့်တို့ သင်္ချာညံ့တာဖြစ်မှာပါ။ ဘာပဲပြောပြော အဌာရသ တမျိုးကို အကြောင်းအမျိုးမျိုးကြောင့် မောင်ဘညွှန့်် လက်လွှတ်ခဲ့ရပါတယ် ..။ 
+++++

အခါတော်ပေးသလိုပဲ …
တစ်ရာသီပြီး တစ်ရာသီ
သီးထပ်တွေ သီးညှပ်တွေနဲ့
ယာခင်းဘေးက ဆူးပုတ်အို ငုတ်တိုခမျာလည်း
အမောင်တို့ နောက်နောင်များ
ယောင်လို့တောင် မလာဖို့
တောင်းပန်နေသလားလို့ …။

မောင်ဘညွှန့်တို့သတင်းစာတိုက်ကြီးဟာ မောင်ဘညွှန့်တို့ ရောက်တဲ့အချိန်ကစလို့ ကိုယ်ထူ ကိုယ်ထပါပဲ …။ တရာသီပြီး တရာသီမှာ .. သီးထပ်တွေ သီးညှပ်တွေ စိုက်ရပါတယ် ..။ ဒါမှ နေ့စဉ် မောင်ဘညွှန့်တို့ ရိက္ခာအတွက် လိပ်ပတ်လည်မှာပါ။ လူကလည်းများဆိုတော့ .. ဟင်းချက်ရင်တောင် .. အငံလေး ကဲရပါတယ်။ အစပ်လေး ကဲရပါတယ်။ 
မောင်ဘညွှန့်တို့ ကိုယ်ထူကိုယ်ထ စိုက်ခင်းတွေမှာ မောင်ဘညွှန့်တို့ ရိက္ခာအတွက်.. ဘူး၊ ဖရုံ၊ ကန်စွန်း၊ ချဉ်ပေါင်၊ ငရုတ် …အဲ့ကလို ရာသီပေါ် သီးနှံလေးတွေစိုက်သလို .. ဈေးကွက်တင်ဖို့ ဖရဲ၊ ပန်းဂေါ်ဖီ၊ စပါး စတဲ့ ဈေးကွက်ဝင် သီးနှံတွေလည်း စိုက်ခဲ့ဖူးပါတယ်။ 
မောင်ဘညွှန့်တို့ လယ်စိုက်ဖို့ အကြောင်းဖန်လာပုံက .. ရှမ်းသူဌေး အဘိုးကြီးက သူ့လယ်ကွက်တွေကို ပေးပြီး မင်းတို့ ၀မ်းရေးအတွက် စိုက်ကြဆိုပြီး စိုက်ကြတာပါ။ အမှန် အဲ့လယ်ကွက်က အကြမ်းထည်ကြီးပါ ..။ လယ်သမားစကားမောင်ဘညွှန့်တို့ နားမလည်ပေမယ့် .. ဒီတနှစ် ထွန်းရေးတွေ ညက် .. စပါးတွေ စိုက်ပြီးသွားရင် နောင်နှစ်မှာ ဒီမြေဟာ ယဉ်ပြီး ကျက်သွားပြီဆိုတာတော့ သိနေပါတယ် ..။ နောက်နှစ်တော့ ပေးမစိုက်တော့ပါဘူး .. ။ သူ့ဟာသူပဲ စိုက်ပါတော့တယ် …။ 
မောင်ဘညွှန့်တို့ လက်ချက်နဲ့ပဲ .. လယ်ကန်ဇင်းဘေးမှာ ခြံဝင်းလေးနဲ့ စီတန်းစိုက်ထားတဲ့ ဆူးပုတ်တွေလည်း အနုတွေ .. အရွတွေ ပုရစ်ဖူးတွေ … ငုတ်တိုဘ၀နဲ့ ကျန်ခဲ့ရတာချည်းပါပဲ …။ ဆူးပုတ်နုနုလေးနဲ့ .. ဒုက္ခသည်စခန်းတွေဆီက ရောက်ရောက်လာတတ်တဲ့ ပဲဝါလေးတွေနဲ့ ရောပြီး ပဲဟင်းချိုတမျိုး …။ ရောက်ရောက်လာတတ်တဲ့ ငါးပိနဲ့တွဲဖက်ဖို့ ဆူးပုတ်
ရေနွေးဖျောလေးနဲ့ တဖုံ ..။ ခြံစည်းရိုးကပ်ပေါက်နေတဲ့ အလေ့ကျ ကင်းမွန်ရွက်နုနုတွေနဲ့ ရောလို့ … ကြော်ချက်ဆိုပြီး ဟင်းလေးကတသွယ်နဲ့ .. အမျိုးမျိုးအဖုံဖုံ … လွေးခဲ့ရတာပါ။
ခုချိန်များတော့ အဲ့ဒီဆူးပုတ်နုလေးတွေကို လွမ်းသလိုတော့ ရှိသား …။ ခုနေများ ငါးပိရည်း စိမ်းစိမ်းလေးနဲ့ တို့မြှုပ်ပြီး စားလိုက်ရင်ဖြင့်ဆိုပြီး အတိတ်ကိုလည်း လွမ်းသလိုလိုရှိသား ..။ အဲ့အချိန်က လူများသလောက် ပြသနာကလည်း ခဏ ခဏဖြစ်တယ် ..။ ဒါပေမယ့် တာဝန်ကျစာဖိုမှူးရဲ့ everybody လို့ ခေါ်လိုက်တဲ့အသံအောက်မှာ .. ထမင်းပူပူ .. အတို့ပူပူ ငါးပိရေကျဲကျဲအောက်မှာ အားလုံးကတော့ ချွေးတဖြိုက်ဖြိုက် သံတဖြိုက်ဖြိုက်နဲ့ …ငါးပိရည်ခွက်ထဲက ဇွန်းကလေးလည်း လက်မလည်လောက်အောင်နဲ့ ပူပါတယ်ဆိုတဲ့ လောကကြီးကိုတောင် မေ့လို့ ..။ 
++++

ဘယ်သူက ဘယ်လို စလိုက်တယ်မသိဘူး…။
ဒီကွက်ကြားလေး လက်ထဲရောက်ရင်
ဟိုရောက်မယ်လိုလို … ဒီရောက်မယ်လိုလိုနဲ့
လက်ဆင့်ကမ်းသယ်ဆောင်
လက်နှီးစုတ်လောက်မှ အရောင်မထွက်တဲ့
အင်္ကျီဟောင်းတထည်ကို
ကျကျနန ခေါက်ရိုးကျိုး မီးပူထိုးလို့
ဝတ်ခဲ့ဖူးသေးတယ် …။
အခုများတော့ စုတ်စမြှုပ်စပေါ့ …။

မောင်ဘညွှန့်တို့ဆီမှာ အစိမ်းနဲ့ အ၀ါနုလေးကွက်ထားတဲ့ အင်္ကျီလေး တထည်ရှိတယ် …။ မူလပိုင်ရှင်ကတော့ ကိုငြိမ်းချမ်းထင်တယ် …။ နောက်တော့ သူက အမေရိကားကို ပညာတော်သင်ဘ၀နဲ့သွားရမယ်ဆိုတော့ … သူ့ရှိတဲ့ အဟောင်းထည်လေးတွေ ထားခဲ့ရတာပေါ့ ..။ ရှိသူများကလည်း သူ့ကို အကောင်းထည်လေးတွေ ပြန်မျှပေါ့ ..။ ရှိသူများဆိုလို့ တော်တော်ရှိတယ်ထင်မနေနဲ့ဦး …။ အလွန်ဆုံးရှိလှမှ တစ်စုံပေါ့။ ပွဲတက်ဝတ်စုံအနေနဲ့ထားတာ။ 
ဒီနေရာမှာ အမှတ်ရတာ ဦးအောင်စောဦး (အမေရိကား) ..။ သူက မောင်ဘညွှန့်တို့ သတင်းစာတိုက်ရဲ့ ဒု အယ်ချုပ်ဆိုလား … သေချာတော့ မသိပါဘူး ..။ သူလာရင် အင်္ကျီ အ၀တ်အစားတွေ ပုဒ်ပြတ်ဝယ်လာတယ်ထင်တယ် ..။ ဒီရောက်ရင် မောင်ဘညွှန့်တို့ မဲနှိုက်ရပြီ ..။ ပုဒ်ပြတ်ဆိုတော့ သိတဲ့အတိုင်းပဲလေ …။ ရောနှောပြီး ပါလာတာများပါတယ် ..။ မိန်းမ၀တ်တွေ ပါလို့ပါ ..။ တခါတလေ သူ့နိုင်ငံက လူတွေနဲ့တိုင်းချုပ်ထားတဲ့ .. ဆိုဒ်အကြီးကြီးတွေနဲ့ ..။ ဒါပေမယ့် မောင်ဘညွှန့်တို့အတွက်တော့ အသုံးဝင်ပါတယ် …။ 
မောင်ဘညွှန့်လည်း ကိုငြိမ်းချမ်းဆီက ဂျင်းဘောင်းဘီဟောင်းလေးတထည် ရလိုက်သလို .. မောင်ဘညွှန့် ကျိုက်ထီးရိုးခရီးစဉ်က ၀ယ်လာခဲ့တဲ့ .. တထည်ထဲသော အကောင်းစား ဖျင်ထည်အင်္ကျီလေး ပြန်ပေးလိုက်ပါသေးတယ်။ 
နောက်ပိုင်း အဲ့အကွက်ကျားလေးကို ဦးဗလ၀တ်သလို ..သူ ပြင်သစ်သွားခါနီးတော့ မောင်နေသွင်လက်ထဲ ထားခဲ့တယ်ထင်တယ် ..။ နဲနဲသတိမူမိလာတာပေါ့ …။ ဒါလေးဝတ်ဖူးရင် ဟိုရောက်မလိုလို ဒီရောက်မလိုလိုနဲ့ တောင်တွေး မြောက်တွေးပေါ့။ နောက်ပိုင်း မောင်နေသွင်လည်း ချင်းမိုင် သတင်းစာဆရာသင်တန်းအသွား .. မောင်ဘညွှန့်လက်ထဲကျန်ခဲ့တာပါပဲ …။ ဟိုရောက်မယ် ဒီရောက်မယ်စိတ်ကူးလေးတွေနဲ့ မီးပူလေးအကျအနထိုးပြီး ၀တ်ခဲ့ဖူးပါတယ် …။ 
မောင်ဘညွှန့်လက်ထဲ ရောခဲ့ပြီးနောက်ပိုင်း .. မောင်ဘညွှန့်လည်း ထိုင်းမှာတင် ဆယ်စုနှစ်တခုလောက် သောင်တင်နေတော့တာပဲ ..။ ဘယ်မှလည်း မရောက်ပါဘူး ..။ ဘယ်မှလည်း မသွားရပါဘူး ..။ ဟိုပြောင်း ဒီရွှေ့နဲ့ ဒီကြားထဲ အမိမြေကို တိတ်တဆိတ် ပြန်သွားခဲ့တာတခုနဲ့တင်ပဲ .. အနှီကွက်ကြားလေးလည်း ဘယ်ရောက်လို့ ဘယ်ပျောက်သွားမှန်း မောင်ဘညွှန့်လည်း မသိတော့ပါဘူး …။

ဆက်လက်ရေးပါဦးမည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts