>passports for six Burmese horses

>

မြန်မာပြည်မှ မြင်း ၆ ကောင် ပတ်စ်ပို့ရပြီ
မိုးမခအထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂ဝဝ၉
(photo: wallpapergate.com)


မြန်မာပြည်ရှိ ပြိုင်မြင်း ၆ ကောင်အတွက် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးလိုက်သဖြင့် နိုင်ငံတကာ မြင်းစီးပြိုင်ပွဲများသို့ သွားရောက်နိုင်တော့မည်ဖြစ်ကြောင်း ယမန်နေ့က ထုတ်ဝေသည့် 7 Day သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

“မြင်းကို ပတ်စ်ပို့လုပ်တာ ဒါ ပထမဆုံးပဲ။ အရင်က ပတ်စ်ပို့ မရှိလို့၊ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေ အနေနဲ့ မြန်မာမြင်းနဲ့ မပြိုင်ရတော့ ဟိုမှာ အခက်အခဲ ကြုံရတယ်။ ခု ဒီက မြင်းတွေမှာ ပတ်စ်ပို့ ရှိထားပြီ ဆိုတော့ ဘယ်နိုင်ငံမှာ ပြိုင်ပွဲလုပ်လုပ် ကိုယ့်မြင်းနဲ့ကိုယ် ပြိုင်ရုံပဲ” ဟု မြန်မာနိုင်ငံ မြင်းစီး အားကစား အဖွဲ့ချုပ် (MEF) ဒုဥက္ကဋ္ဌ ဦးကျော်ငြိမ်းက 7 Day ကို ပြောသည်။

မြင်းများ တရားဝင် ပြည်ပထွက်ခွင့်ရရေးအတွက် အပြည်ပြည်ဆိုင်ရာ မြင်းစီးအားကစား အဖွဲ့ချုပ် အသိအမှတ်ပြု ဆရာဝန်များက ပြီးခဲ့သည့်လအတွင်း မြန်မာပြည်သို့ လာရောက် ဆောင်ရွက်ပေးသွားသည်ဟု ဆိုသည်။

ပတ်စ်ပို့ ရရှိသွားသော စိန်ဘယက်၊ ရွှေဥက္ကာ၊ ပုဂံမင်းသမီး၊ ရွှေဆယ်၊ လှသိင်္ဂီ၊ Peach စသည့် မြင်း ၆ ကောင်၏ အရေပြားအောက်တွင် မိုက်ကရိုပြားများ ထည့်သွင်းထားသဖြင့် သက်ဆိုင်ရာမြင်း၏ ကုတ်နံပါတ်ကို စစ်ဆေးနိုင်သည်ဟု ဆိုသည်။

ပြိုင်မြင်းများအတွက် နိုင်ငံကူးလက်မှတ် လိုအပ်ကြောင်း သတ်မှတ်ထားရခြင်းမှာ ပြိုင်ပွဲဝင်မည့် မြင်း၏ အချက်အလက်များ သိရှိရန်၊ ကူးစက်ရောဂါ ထိန်းချုပ်ရန်အတွက် ဖြစ်သည်ဟု သိရသည်။

မကြာသေးမီ နှစ်များအတွင်း မြန်မာ မြင်းစီးသမားများသည် ဒေသတွင်း နိုင်ငံများသို့ သွားရောက်ပြီး ယှဉ်ပြိုင်ရာတွင် ဆုတံဆိပ်များ ရရှိခဲ့ဖူးသည်။

MEF အဖွဲ့ချုပ်မှ ဦးကျော်ငြိမ်းသည် အရှေ့တောင်အာရှ မြင်းစီး အားကစား ကော်မတီ၏ ဒုဥက္ကဋ္ဌ တဦး ဖြစ်ကြောင်း ကော်မတီ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts