>Win Paw Maung – Korea Burmese Poem Night

>

ကိုရီးယား-မြန်မာ ဒုတိယ ကဗျာည

ဝင်းပေါ်မောင်
နိုဝင်ဘာ ၂၅၊ ၂၀၀၉
          ၂၀၀၉ နိုဝင်ဘာ ၄ ရက်နေ့။ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မာဖိုရပ်ကွက်က ခန်းမတခုမှာ ကိုရီးယား-မြန်မာ ကဗျာ ရွတ်ပွဲတခု ကျင်းပခဲ့ပါတယ်။ ဒါဟာ ဒုတိယ အကြိမ်ပါ။ ၂၀၀၈ သြဂုတ်လ ၈ ရက်နေ့တုန်းက ပထမအကြိမ် ကျင်းပခဲ့ဖူးပါတယ်။ ယမန်နှစ်က ကဗျာဆရာ မောင်စိုးချိန် လာရောက်ခဲ့ပြီး၊ ဒီနှစ်မှာတော့ ကဗျာဆရာ ခင်အောင်အေး တက်ရောက်ပါတယ်။
          ဒီညချမ်းမှာ ကိုရီးယားကဗျာ ၁၁ ပုဒ်၊ မြန်မာကဗျာ ၅ ပုဒ်၊ ၄င်း ငါးပုဒ်ကို ဘာသာနှစ်မျိုးနဲ့ ရွတ်တာမို့ စုစုပေါင်း ၂၁ ပုဒ် ရွတ်ကြပါတယ်။ ကဗျာ အချို့ကလွဲလို့ အများစုက ကိုယ်တိုင်ရေး ကိုယ်တိုင်ရွတ်ခဲ့ ကြတာပါ။ တက်ရောက်သူ အားလုံးဟာ ကဗျာသမား စာသမားတွေချည်း ဖြစ်သလို၊ အသက် အကြီးအငယ်၊ ယောက်ျား မိန်းမ အရွယ်စုံ ဖြစ်တာကို တွေ့ရပါတယ်။ စင်မြင့်ကလေး ခပ်နိမ့်နိမ့်နဲ့ လူတရာစာလောက် ခန်းမဟာ ကဗျာရွတ်ဖို့ အတွက်တော့ အံကျပါပဲ။ 
          ကဗျာဆရာ ခင်အောင်အေးက “ခေတ်ပေါ် မြန်မာကဗျာ ရေစီးကြောင်း” ကို နာရီဝက်စာလောက် ဟောပြောပါတယ်။ သူ ဆယ်ကျော်သက်ရွယ်မှာ ဆရာမောင်သာနိုးက – မြန်မာ မော်ဒန်ကဗျာရယ်လို့ မူးလို့တောင် ရှူစရာ မရှိဘူး – လို့ ပြောလိုက်တဲ့ စကားတခွန်းကြောင့် လူငယ်တွေ လန့်ဖျပ်ပြီး မော်ဒန်/ခေတ်ပေါ်ကဗျာကို စတင် အားထုတ်လာကြတယ်လို့ အစချီပြီး၊ ယနေ့မှာတော့ မြန်မာစာနယ်ဇင်းတွေမှာ မော်ဒန်/ပို့စ်မော်ဒန် ကဗျာတွေက အကျအန နေရာရနေပါပြီိလို့ အဆုံးသတ်ပါတယ်။ ခေတ်ပေါ်ကဗျာ ရေစီးမှာ မိုးဝေကဗျာခေထ်ဟာ အရေးပါခဲ့တဲ့ အကြောင်းနဲ့၊ သူရှေ့က ခေတ်စမ်းနဲ့ စာပေသစ်တို့ကိုလည်း တို့ထိ ဖော်ပြပြောဆိုသွားပါတယ်။
          ဒီပွဲကို ကျင်းပတဲ့ “မြန်မာပြည်ကိုချစ်သော စာရေးဆရာများအဖွဲ့” က ဆိုးလ်မြို့မှာ အခြေစိုက်ပါတယ်။ အများစုက ကဗျာဆရာတွေပါ။ ကိုရီးယားလူမျိုး တွေချည်းပါပဲ။ ဥက္ကဋ္ဌဖြစ်တဲ့ အင်ဒုံဟွာ ဟာ ဂွမ်ဂျူးဒီမိုကရေစီ တိုက်ပွဲကို ကျောင်းသားတယောက်အဖြစ် ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒီအဖွဲ့မှာ ပါဝင်ကြသူ အများစုကလည်း ကိုရီးယားရဲ့ စစ်အာဏာရှင်စနစ် ကနေ ဒီမိုကရေစီစနစ် အကူးအပြောင်းမှာ တနည်းတဖုံ ပါဝင်ခဲ့ကြသူတွေ ချည်းပါပဲ။ သူတို့ဟာ ကဗျာဆရာတွေ ဖြစ်ကြသလို ကဗျာဟာ ဖိနှိပ်ခံနေရတဲ့ လူထုရဲ့ လက်နက်တခု သို့မဟုတ် ခွန်အားတခု သို့မဟုတ် အလင်းရောင်တခုလို့ ရှုမြင်ကြသူတွေပါ။
          ဒါကြောင့်လည်း မြန်မာပြည်အရေးကို စိတ်ဝင်စားပြီး၊ မြန်မာပြည်အကြောင်း ကဗျာတွေ သူတို့ ရေးတယ်။ မြန်မာကဗျာတွေကို ကိုရီးယားလို ဘာသာပြန်ပြီး စာအုပ်ထုတ်တယ်။ အခုလို ကိုရီးယား-မြန်မာ ကဗျာရွတ်ပွဲ ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာ ကဗျာဆရာတွေကို နှစ်စဉ် ဖိတ်ခေါ်ဖို့ ရှိတယ်လို့ သူတို့က ပြောပါတယ်။ သူတို့ဖက်က အဆင်သင့်ရှိပေမယ့် ကိုယ့်ဆရာတွေ ဖက်က အဆင်ပြေဖို့က ပိုခက်နေတတ်တာပါ။ ပြည်တွင်းကနေ ၀င်စို့/ထွက်စို့ လုပ်ရတာကလည်း တခက်၊ ပြည်ပကနေ ဟိုသွားဒီသွား လုပ်ဖို့ကလည်း တခက် မဟုတ်လား။ သို့ပေမယ့် နှစ်စဉ် ကဗျာရွတ်ပွဲ တခုတော့ လုပ်ဖြစ်မှာပါတဲ့။

ငှက်ရဲ့လမ်း
လမ်း ရှာဖို့ ထွက်ခဲ့တာ မဟုတ်ဘူး
လမ်းက အစကတည်းက မရှိခဲ့တာ
နက်ရှိုင်းတဲ့တောအုပ်နဲ့ ကျောက်တုံး အစုအပုံတွေကို ထိုးခွဲလို့
မြစ်ကို စီးမိုးမြင်နေရတဲ့ အစွန်းမြင့်ပေါ်မှာ ရှိခဲ့စဉ်
လမ်းဟာ ပြတ်တောက်သွားပြီး အစအန ပျောက်သွားခဲ့
_ အခု ဘယ်ကို ဆက်သွားကြမှာလဲ?
နောက်ပြန်လှည့်လာတဲ့ ထိတ်လန့်မှုမှာ ချွေးစေးတွေပြန်နေချိန်
မြစ်ကို ကျော်လို့ တစ်ဖက်ကမ်းမှာ မီးတစ်စ မြင်မိတယ်
အသံတိတ် စီးဆင်းနေတဲ့ မှောင်မိုက်တဲ့ မြစ်ရေ
နောက်ထပ် တွေဝေစရာ အခိုက်အတန့် မရှိတော့
ခန္ဓာကိုယ်ဟာ လေဟုန်စီးလို့ ပျံသန်းတက်လိုက်ပေါ့
မျက်စိရှေ့မှာ ငှက်ရဲ့ လမ်းဟာ ပေါ်ထွက်လာပြီလေ
တောင်ပံတို့ရေ  ထွက်လာပါတော့
ပျံစို့ ပျံကြစို့ ပျံကြပါစို့
နောက်ထပ် တစ်ကြိမ်လောက် ထပ်ပြီး ပျံသန်းကြည့်ကြစို့လေ
မင်ယောင်း
          ဒီကဗျာက အဆိုပါပွဲမှာ ပါခဲ့တဲ့ ကဗျာတပုဒ်ပါ။ ကိုရီးယား စာပေ အနုပညာတွေမှာ လွတ်လပ်ပွင့်လင်းမှု ရှိနေသလို၊ အမျိုးအစား များစွာ ကွဲပြားမှုလည်း ရှိနေပါတယ်။ သူတို့ရဲ့ ကဗျာတွေကို ခွဲခြားစိတ်ဖြာ ပြောဆိုဖို့ ကျနော့်အနေနဲ့ မစွမ်းပါဘူး။ စာဖတ်သူတို့ ကိုယ်တိုင် မြည်းစမ်းနိုင်ဖို့ မြန်မာညီငယ်တယောက် ဘာသာပြန်ထားတာကို ဖော်ပြလိုက်တာပါ။
          မြန်မာကဗျာတွေထဲမှာတော့ ဆရာ ခင်အောင်အေး က နှစ်ပုဒ်၊ ကိုရီးယား အခြေစိုက် တာရာမင်းခိုက် နဲ့ ရန်နိုင်ထွန်း တို့က တပုဒ်စီနဲ့၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးကြီး တပုဒ်ကို ၀င်းပေါ်မောင်က ရွတ်ပါတယ်။ သခင်ကိုယ်တော်မှိုင်းရဲ့ ဘ၀နဲ့ စာပေ အကြောင်းကို ကိုရီးယားလို ရေးသား ထုတ်ဝေထားတာလည်း ရှိပါတယ်။
          ကိုရီးယား အများစုက ကဗျာရွတ်တဲ့အခါ အသံတိုးတိုးနဲ့ ခပ်ရိုးရိုးပဲ ရွတ်ကြပါတယ်။ စာတကြောင်းချင်းစီရဲ့ အသံအတက်အကျကို သိပ်မကြားရပေမယ့်၊ စာတကြောင်းစီရဲ့ ကြားမှာ နားချိန် ထားပြီး ရွတ်တာကို သတိထားမိပါတယ်။ နောက်ခံမှာ ပီယာနိုနဲ့ တယောသံကို သင့်လျော်အောင် ဖြည့်ပေးထားလို့ နူးနူးညံ့ညံ့ အေးအေးမြမြ ရှိပါတယ်။
          မြန်မာတွေကတော့ အသံအတက်အကျ အနိမ့်အမြင့်တွေနဲ့ ဆက်ခါဆက်ခါ ရွတ်တတ်တာကို တွေ့ရပါတယ်။ ဘာသာစကား ကွာခြားမှုကြောင့်လည်း ဖြစ်နိုင်သလို မြန်မာကြိုက် ဓလေ့ကြောင့်လည်း ဖြစ်နိုင်တယ် ထင်ပါတယ်။
          ဒါ့အပြင် ကိုရီးယား ရိုးရာ အဆို အက တခုစီနဲ့ ၀ိုင်မြစ်ချို ရဲ့ သီချင်းတပုဒ်တို့ကိုလည်း တင်ဆက်ပါသေးတယ်။ ကဗျာညမှာ ဂီတ အက ဆိုတာတွေကလည်း မပါမဖြစ်တွေပဲ မဟုတ်ပါလား။ 
          ကဗျာရွတ်ပွဲအပြီးမှာ ညစာစားရင်း စကားဝိုင်းဖွဲ့ကြပါသေးတယ်။ လူမျိုးကွဲ ဘာသာစကားကွဲပေမယ့် ကဗျာဆိုတဲ့ ဆုံချက်မှာ စုမိတော့ အားလုံး တသားတည်း မျောသွားကြတာပါပဲ။ မြန်မာပြည်ရဲ့ ယနေ့ဘ၀ကို မြင်တွေ့ရတဲ့အခါ သူတို့ ဖြတ်သန်းခဲ့ရတဲ့ အတိတ်ကို ပြန်ပြောင်း အောက်မေ့မိရ စမြဲပါတဲ့။ လွတ်လပ်တဲ့ အနုပညာဟာ နေရာ ဒေသ အခါ မရွေး ကူုးစက် ရှင်သန်နိုင်တယ် ဆိုတာ ကဗျာညချမ်းက ဖော်ပြနေလေရဲ့။
          ကိုရီးယား ဆောင်းက အေးစပြုနေပါပြီ။ ကိုရီးယား-မြန်မာ ကဗျာညချမ်းကလည်း ငြိမ်းချမ်းသော အနုပညာများဖြင့် အေးမြလျက်…။
          (အချက်အလက်များ ကူညီတဲ့ ကိုဇော်မိုးအောင် နဲ့ ကိုကျော်မိုးလွင်တို့ကို ကျေးဇူးတင်ပါတယ်။)
၂၀၀၉ နိုဝင်ဘာ ၂၂

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts