>Mawlamyine Mall under scrunity

>

မီးလောင်ပြီး ပြန်ဆောက်သည့် ဈေးမဲနှိုက်ရာတွင် မသမာမှုများရှိဟု မြို့ခံများကပြောဆို
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၂၃၊ ၂၀၀၉
          ယမန်နှစ် ဒီဇင်ဘာလဆန်းက မတော်တဆ မှုကြောင့် မီးလောင်သွားခဲ့သည့် မော်လမြိုင်မြို့ အောက်ဈေးကြီးပြန်လည် တည်ဆောက်ပြီးနောက် ဆိုင်ခန်းနေရာ ပြန်လည်ချထားရာတွင် မသမာမှုများရှိနေသည်ဟု ဆိုင်ခန်းရှင်များက ပြောဆိုလျက်ရှိသည်။
         
ပြဿနာအဖြစ်ဆုံးမှာ အ၀တ်အထည်များရောင်းသည့် အုပ်စုတွင် ထည့်သွင်းထားသည့် ဆိုင်ခန်းများအား နေရာချထားရန် မဲနှိုက်ရာတွင် အမှန်တကယ် အထည်ရောင်းသူများနှင့် အထည်မရောင်းပဲ ဂိုဒေါင်အဖြစ်သုံးသူများ အခြားပစ္စည်းရောင်းချသူများဟု ခွဲခြားသတ်မှတ်ကာ အထည်ရောင်းသူများကို ရုံ အေ နှင့် ဘီတွင် မဲနှိုက်စေခဲ့ပြီး၊ ကျန်ဆိုင်ခန်းပိုင်ရှင်များကို စီနှင့် ဒီရုံများတွင် မဲနှိုက်စေခဲ့သည်ဟု  စီရုံတွင်နေရာရခဲ့သည့် ဆိုင်ခန်းပိုင်ရှင် တဦးကမိုးမခသို့ ပြောဆိုသည်။
          “အထည်ရောင်းတဲ့သူတွေက စည်ပင်ကို ငွေပေးပြီး လမ်းမတန်းကျတဲ့ အေနဲ ဘီရုံကိုသူတို့ရအောင် လုပ်လိုက်တယ်လို့ အားလုံးကနားလည်နေကြတယ်။ မနေ့ကမဲနှိုက်ဖို့ သွားတော့ အဲလိုလုပ်တာကို  မကျေနပ်တဲ့ ဆိုင်ခန်းပိုင်ရှင်တွေထဲက တချို့ကမကျေနပ်ကြောင်း ကန့်ကွက်ကြတယ်။ ဒါပေမယ့် လုံခြုံရေးရဲတွေကို ခေါ်ထားပြီး စောဒက မတက်နိုင်အောင် လုပ်ထားတော့ ဘယ်လိုမှ တယောက်စနှစ်ယောက်စကလွဲပြီး မပြောရဲကြတော့ဘူး´´ဟု အဆိုပ ဆိုင်ခန်းပိုင်ရှင်က ပြောဆိုသည်။
          ဆိုင်ခန်းနေရာ ပြန်လည်ချထားရန် အတွက်မဲနှိုက်ခြင်းကို နိုဝင်ဘာ ၁၉၊ ၂၀၊ ၂၁ရက်နေ့များတွင် မော်လမြိုင် မိုင်ဒါကွင်းအတွင်းရှိ ပြည်နယ်ခန်းမတွင်ပြုလုပ်ခဲ့သည်ဟုသိရှိရသည်။ ယမန်နှစ်ကုန်တွင် ဈေးမီးလောင်ပြီးနောက် အဆိုပါဈေးတွင် ရောင်းချလျက်ရှိကြသူများအနေဖြင် ကမ်းနားလမ်း တံတိုင်းနံဘေး။ အနံ ၆ပေအကျယ် ၁၂ပေ၀န်းကျင် ရှိအမိုးသာရှိပြီ အကာမရှိသည့်နေရာများကို ဆိုင်ခန်းခ ၅သောင်းကျပ် ပေးသွင်းကာ ရောင်းချခဲ့ကြရပြီး ရောင်းချမည့် ပစ္စည်းများကို နေ့စဉ်သယ်ယူလာကြကာ ညနေဆိုင်သိမ်းလျင် နေအိမ်သို့မဟုတ် အနီအနား ပစ္စည်းသိုလှောင်ရာနေရာသို့ ပြန်လည် သယ်ဆောင်လျက် ရောင်းချခဲ့ကြရသည်။
          အချို့သော ဆိုင်ရောင်းသူများမှာ ဈေးသို့မလာတော့ပဲ ၄င်းတို့၏ နေအိမ်တွင်ပင် ဖောက်သည်များအား ညွှန်ပြီးရောင်းချခဲ့ကြသည်ကိုလည် တွေ့မြင်ခဲ့ရသည်။ ပြန်ဆောက်သည့် ဈေးကြီးတွင် နကိုမူလ ဆိုင်ခန်းရှင် ၁၀၀၀ ကျော်နှင့် ဆောက်လုပ်သည့် ကုမ္ပဏီ အနေဖြင့် ခံစားခွင့် ဆိုင်ခန်း ၂၀၀ကျော် ရရှိသည်ဟုလည်း သိရှိရသည်။ အဆိုပါဆိုင်ခန်းများကို ဈေးပြန်လည်စတင်ဆောက်လုပ်စဉ်ကပင် ကျပ်သိန်း ၂၀၀ကျော် ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်နေခဲ့ကြသည်ဟုလည်းမော်လမြိုင်မြို့ခံတဦးက ပြောဆိုသည်။
          ဈေးမီးလောင်ခြင်းကြောင့် ပစ္စည်းများ ဆုံးရှုံးခဲ့ရခြင်း၊ တဖန် ဆိုင်ခန်းပြန်လည် တည်ဆောက်သည့် အခါ ငွေသိန်း ၅၀ ပေးသွင်းရခြင်း တို့ကြောင်းမော်လမြိုင်မြို့ စီးပွားရေးကိုပိုမို ထိခိုက်စေခဲ့ပြီး ငွေရှားပါးလာသည်ဟု ဈေးသစ်ဈေးတွင် ကုန်ခြောက်ရောင်းသူ တဦးက ပြောဆိုသည်။ ထိုအဖြစ်အပျက် မတိုင်မီ ဆိုင်ကယ်လိုင်စင် လုပ်ဆောင်ရန် ဆိုင်ကယ်တစီးလျင် အနည်းဆုံး ၅သိန်းမှ သိန်းဆယ်ဂဏန်းအထိ ပေးဆောင်ခဲ့ရခြင်းကြောင့်လည်း မြို့ခံများ၏ လက်ထဲတွင် ငွေကြေးရှားပါးလာသည်ဟု သူကဖြည့်စွက် ပြောဆိုသည်။
          အောက်ဈေးဟု ခေါ်ဆိုကြသည့် မော်လမြိုင်မြို့မဈေး သည် ကုန်ခြောက်၊ သင်္ဃန်းပရိက္ခရာ၊ ငပိငခြောက်၊ အထည်နှင့် အခြား ကုန်ပစ္စည်းမျိုးစုံ ရောင်းချသည့် မော်လမြိုင်မြို့၏ အကြီးဆုံး ဈေးဖြစ်သည်။
          ဈေးကို ဧရာဟင်္သာ ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်ခွင့် ကန်ထရိုက်ရရှိခဲ့ပြီး မူလဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် တခန်းအတွက် စုစုပေါင်း ကျပ် သိန်း၅၀ ပေးသွင်းရမည် ဖြစ်ပြီးယခုလက်ရှိ ကာလအထိ ၄၅သိန်းပေးသွင်းပြီး ဖြစ်သည်။ ကျန်သည့် ကျပ် ၅သိန်းကိုလာမည့် ၂၇ရက်နေ့တွင်စတင် ပေးသွင်းနိုင်ပြီး ဒီဇင်ဘာလ ၁ရက်နေ့တွင် ဆိုင်ခန်းဖွင့်လှစ်ရောင်းချခွင့်ရှိမည် ဟုသိရှိရသည်။ မီးလောင်မှု ဖြစ်ပွားပြီး တနှစ်တိတိ အကြာတွင်ပြန်လည် ဖွင့်လှစ်နိုင်သည်ကိုတွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts