>
အောင်ဝေး
နိုဝင်ဘာ ၂၁၊ ၂ဝဝ၉
အဲဒီ လေ က
ကဗျာ ဆရာရဲ့ လေမဟုတ်ဘူး ။
အဲဒီ လေ က
ဝင်းပလေ မဟုတ် ။
သူ ဟာ
နှင်းခါး ရာသီလေ
ပြာလဲ့လဲ့ ရူးနှမ်း
မူးယစ်တဲ့ နှုတ်ခမ်းနဲ့
ပင်လယ်ကို နမ်းဖို့
စမ်းရေကို ချမ်းစေ
ထင်းရှူးပင် တွေရဲ့
ဟိုး-အရှေ့ မြောက်ဘက်က
လာခဲ့တယ် မိတ်ဆွေ ။
တောင်လေ မှာ
ဒီရေ ကျတော့
လှိုင်းထတဲ့ ကောင်းကင်ဟာ
ပင်လယ်ကို ဆုတ်ဖြဲ
ရေလုပ်သား ရင်ကို ခွဲ
မြင်းကောင်ရေ များများနဲ့
ဂါးလှေတွေ ကွဲသတဲ့ ။
ဒီလိုနဲ့ပဲ
ကြေကွဲ တမ်းတ
ဘဝ စပြန်ရော ။
ဟော – ဒီလေက
မြောက် လေ
မှော်ပေါက်နေတဲ့ စုန်းကဝေ
သူ ဟာ
ရှင်နေတဲ့ ဝိညာဉ်ကို မုန်းတယ် ။
သူ ဟာ
နောက်ကျော ဓားနဲ့ ထိုး
ဘရုတပ်စ် အမျိုး ။
အချစ်ရေ
အနောက် ရိုးမ
ရခိုင် ကမ်းမြောင်
တန်ဆောင်မုန်း ရက်တွေ
မြောက်လေ မျာ
ဒီရေ တက်တော့
ပင်လယ်ထွက်တဲ့ တို့အိပ်မက်လေ
မုန်တိုင်း မိတာထက်
လှိုင်းငြိ တာခက်
ဝိညာဉ်တွေ ဖက်နဲ့ထုပ်
အသက်နဲ့ရင်း သီချင်းတစ်ပုဒ်
ဂါးလှေ အမြုပ်မှာ – – – ။
ရေလုပ်သား မိန်းမ
အိမ်ဝ က မျှော် ။
အဲ့ဒီ လေ က
ကဗျာဆရာရဲ့ လေ မဟုတ် ။
အဲဒီ လေ က
မိတ်ဆွေ မဟုတ်
ရန်သူ ရုပ် နဲ့
ရေလုပ် သားကို
– – – – – – – – မြှုပ်နှံခဲ့ပလေ
သူ့ယောက်ျားကို
– – – – – – – – မြှုပ်နှံခဲ့ပလေ ။
သုဿာန် ပေါ်မျာ
ပင်လယ် အော်သံ – – – –
– – – – – – – – – တစ္ဆေ ။ ။