>Burma to build new railroad to link Chinese border town

>

တရုတ်မြန်မာနယ်စပ် ရထားလမ်း ဖောက်မည်
ဆင်ဟွာသတင်းဌာန
နိုဝင်ဘာ ၂ဝ၊ ၂ဝဝ၉

နယ်စပ်မြို့ မူဆယ် မြင်ကွင်း (ဓာတ်ပုံ – Renaud EGRETEAU)


မြန်မာနိုင်ငံ မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ ကြယ်ဂေါင်မြို့တို့ကို ရထားလမ်းဆက်သွယ်မည်ဟု ရထားပို့ဆောင်ရေး ဌာနနှင့် နီးစပ်သူများက ယနေ့ ပြောကြားလိုက်သည်။ ရထားလမ်းကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် လုပ်ငန်းအဆင်ပြေစေမည်ဟု ဆိုသည်။

ရထားလမ်း စတင်ဖောက်လုပ်နေပြီဖြစ်ပြီး ဘူတာရုံကို လားရှိုး မူဆယ် လမ်းမပေါ်ရှိ ဆုန်ကွက်ကျေးရွာတွင် တည်ဆောက်ဖွယ်ရှိသည်ဟု သိရသည်။

လွန်ခဲ့သည့်နှစ်ပေါင်းများစွာကပင် ကုန်သွယ်မှု လုပ်ငန်းကို ထရပ်ကားများဖြင့်သာ လုပ်ဆောင်နိုင်ခဲ့သည်။ ရထားလမ်း ပြီးစီးပါက သယ်ယူပို့ဆောင်ရေး လုပ်ငန်း မြန်ဆန်လာမည်ဟု ဆိုသည်။

ဤအတောအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုငွေ ပေးချေရာတွင် ငွေသားသက်သက် ပေးချေသည့်စနစ်ကို ကျင့်သုံးနေရာမှ ယခုအခါ မြန်မာနိုင်ငံ ဘဏ်များနှင့် ရွှေလီ၊ ကြယ်ဂေါင်မှ ဘဏ်များ တိုက်ရိုက် ချိတ်ဆက် ပေးချေရေးအစီအစဉ်ကို လာမည့်နှစ်တွင် အကောင်အထည် ဖော်ရန် ပြင်ဆင်နေသည်။
နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများအတွက် ရည်ရွယ်သည်ဟု ဆိုသည်။
မြန်မာနှင့် တရုတ်သည် နယ်ခြား ကုန်သွယ်ရေးစခန်း ၅ ခု ရှိသည်။ မူဆယ်၊ လွယ်ဂျယ်၊ လိုင်ဇာ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးတို့ ဖြစ်သည်။

ရှမ်းပြည်နယ် ကိုးကန့်ဒေသတွင် ကုန်သွယ်ရေးစခန်းတခု တည်ဆောက်မည်ဟုလည်း သတင်းရရှိသည်။

၂ဝဝ၁ ခုနှစ်မှစပြီး နှစ်နိုင်ငံ နယ်စပ်မြို့များဖြစ်သည့် မူဆယ်၊ ရွှေလီတို့တွင် ကုန်စည်ပြပွဲကို နှစ်စဉ် ပြုလုပ်လျက် ရှိသည်။ ယခုနှစ်တွင် ဒီဇင်ဘာ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ ကြယ်ဂေါင်တွင် ပြုလုပ်မည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် မူဆယ် ကုန်သွယ်ရေးစခန်းမှ တဆင့် တရုတ်နိုင်ငံသို့ ဆန်၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း စသည့် စိုက်ပျိုးရေးကုန်များ၊ သရက်၊ ဖရဲ စသည့် အသီးအနှံများ၊ ငါး၊ ငါးရှဥ့်ကဲ့သို့ ရေထွက်ပစ္စည်းများ၊ ကျောက်စိမ်း၊ သစ်တောထွက်ပစ္စည်းများကို တင်ပို့ သည်။

သံ၊ စတီး၊ ဆောက်လုပ်ရေးပစ္စည်း၊ စက်ကရိယာ၊ ကွန်ပျူတာနှင့်ဆက်စပ်ပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ မြေသြဇာ၊ အိမ်သုံးပစ္စည်းမျိုးစုံကို တရုတ်ပြည်မှ တင်သွင်းသည်။



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts