News Features

TheGeek – Freedom to Marry in US of A

 သူများတို့ ချစ်ခြင်းကို မခွဲတော့ဘူးဆိုတဲ့ အမေရိကန်ပြည်
(အမေရိကန်တရားရုံးချုပ်က လိင်ကွဲချင်းသာလက်ထပ်ခွင့်နဲ့ လိင်တူများလက်မထပ်ရ အပေါ် ဆုံးဖြတ်ချ)
နိုင်ငံတကာသာဂိ၊ ဇွန် ၂၇၊ ၂၀၁၃

အမေရိကန်ပြည်ထောင်စုအတွင်းမှာ နိုင်ငံသားလူတန်းစားအစုံကြား အငြင်းပွားနေရတဲ့ လိင်ကွဲသူချင်းသာလက်ထပ်ထိမ်းမြားမှု ကာကွယ်ရေးဥပဒေ (Defense of Marriage Act – DOMA) နဲ့ ကယ်လီဖိုးနီးယားက လိင်တူချင်းလက်ထပ်ခွင့် ပိတ်ပင်တဲ့ဥပဒေ (Prop 8) ကို အမေရိကန်ရဲ့ ပြည်ထောင်စု တရားရုံးချုပ်က ယမန်နေ့ ဇွန် ၂၆ က ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

တရားရုံးတော်က လိင်ကွဲသူချင်းသာ တရားဝင်လက်ထပ်ခြင်းမြောက်တယ်ဆိုတာကို ပယ်ချလိုက်ပါတယ်။ ပြီးတော့ လိင်တူချင်းလက်ထပ်ခွင့်ကို ပိတ်ပင်တဲ့ကယ်လီဖိုးနီးယားဥပဒေကိုလည်း ပယ်ချလိုက်တာ ဖြစ်ပါတယ်။ သည်တော့ ပြည်ထောင်စုအဆင့် (Federal) မှာ လိင်တူ အချင်းချင်းပဲဖြစ်ဖြစ် လိင်ကွဲတွေအချင်းချင်းမှာပဲဖြစ်ဖြစ် လူ ၂ ဦးကြား၊ တရားဝင်လက်ထပ်ခွင့်ရှိတယ်ဆိုတာကို လက်ခံလိုက်တဲ့ သဘောဖြစ်သွားပါတယ်။

DOMA ဆိုတာက ၁၉၉၆ စက်တင်ဘာက ဥပဒေအဖြစ် ပြဌာန်းခဲ့တာပါ။ ပြည်ထောင်စုအဆင့်မှာ လက်ထပ်ထိမ်းမြားခွင့်နဲ့ ပတ်သက်ရင် လိင်ကွဲသူ ၂ ဦး၊ ကျားနဲ့မ ကြားထဲက လက်ထပ်ခြင်းသာ တရားဝင်တယ်။ ပြည်ထောင်စုအဆင့် သတ်မှတ်ထားတဲ့ လင်မယားခံစားခွင့်တွေ ရရှိပါမယ်။ သူ့အဓိကရည်ရွယ်ချက်ကတော့ လိင်တူလက်ထပ်ခဲ့ရင် သူတို့ကို ပြည်ထောင်စု (Federal) ဥပဒေအရ တရားမ၀င်ဘူး၊ မကာကွယ်ဘူး၊ အမွေဆက်ခံတာ၊ အိမ်ထောင်စုတွေရဲ့ ခံစားခွင့်၊ အခွန်သက်သာခွင့်တွေ မရရှိအောင် တားမြစ်တဲ့ ဥပဒေဖြစ်ပါတယ်။

အဲသည် ဥပဒေကို ပြည်ထောင်စုရုံးတော်မှာ အဆုံးဖြတ်ခံရတဲ့ ဇာတ်လမ်းအစကတော့ – ၂၀၁၂မှာ လိင်တူချင်း လက်ထပ်တာကို တရားဝင်တဲ့ပြည်နယ်က လိင်တူလင်မယားထဲက ကျန်ရစ်သူ ၈၃ နှစ်အရွယ် မိန်းမကို ပြည်ထောင်စုက အခွန်ကိစ္စနဲ့ တရားစွဲလို့ (လင်မယားအဖြစ် ပြည်ထောင်စုက အသိအမှတ်မပြုလို့ အခွန်ပြသနာတွေ တက်ရတာပါ) အဲသည်အဘွားအိုက ပြည်ထောင်စုရုံးတော်ကို အယူခံဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုက အဘွားအိုကို အနိုင်ပေးပြီးတော့နောက်မှာ လိင်တူချစ်သူအရေး လှုပ်ရှားသူတွေက DOMA ကို ပြည်ထောင်စုရုံးတော်မှာ စိန်ခေါ်တာကြောင့် နောက်ဆုံးမှာ လက်ရှိအိုဘားမားအစိုးရက ဟိုးတုန်းက DOMA ဥပဒေကို ပြန်လည်ကာကွယ်ဖို့ ရုတ်သိမ်းလိုက်ပါတယ်။ သဘောကတော့ ပြည်ထောင်စုရုံးတော်က လက်ရှိအခြေအနေအရ သဘောပဲလို့ လက်ရှောင်လိုက်တာပေါ့။ ဒါကြောင့် ပြည်ထောင်စုရုံးတော်က ၀င်ပြီး အဆုံးအဖြတ်ပေးရတာ ဖြစ်ပါတယ်။

Prop 8 ကတော့ ကယ်လီဖိုးနီးယားမှာ လိင်တူချင်းလက်ထပ်ခွင့်ကို တားမြစ်တဲ့ (အသိအမှတ်မပြုတဲ့) ပြည်နယ်အဆင့်မှာ ပြဌာန်းတဲ့ ဥပဒေဖြစ်ပါတယ်။ ၂၀၀၈ မှာ ပြဌာန်းပြီး ၂၀၀၉ မှာ လိင်တူချစ်သူတွေက ဒါဟာ အခြေခံဥပဒေနဲ့ မညီဘူးဆိုပြီး တရားစွဲဆိုလို့ ပြည်နယ်အဆင့် တရားရုံးတော် (State lower court) မှာ Prop 8 ရှုံးနိမ့်သွားပြီး ဖြစ်ရာက တဖက်က လိင်ကွဲချင်းလက်ထပ်တာကို ကာကွယ်လိုသူများက ပြန်လည် အယူခံဝင်တာကြောင့် ပြည်နယ်တရားစီရင်ရေးစနစ်ကနေ ပြည်ထောင်စုအဆင့်ကို လွှဲပြီး ဆုံးဖြတ်ချက် ရယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအယူခံဝင်မှုကို ကယ်လီဖိုးနီးယားပြည်နယ်အစိုးရကလည်း အိုဘားမားအစိုးရလိုပဲ တရားလိုပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပြည်နယ်အောက်ရုံးက ဆုံးဖြတ်ပြီးသားကို သူတို့က ငြင်းခုံခြင်း မပြုလိုဘူးဆိုတာကြောင့် Prop 8 ထောက်ခံသူတွေ (နိုင်ငံသားတွေ၊ ကင်ပိန်းလှုံဆော်သူတွေ)က တရားလိုလုပ်ပြီး ပြည်ထောင်စုရုံးတော်ကို တက်ကြတာ ဖြစ်ပါတယ်။ ပြည်ထောင်စုတရားရုံးတော်က ပြည်နယ်အဆင့်မှာ ပယ်ချထားပြီးသားအမှုကို အတည်ပြုပေးလိုက်တာကြောင့် Prop 8 လည်း ပြည်ထောင်စုအဆင့်မှာ ရှုံးနိမ့်သွားရတာဖြစ်ပါတယ်။

(မြန်မာတွေက အခြောက်အလံလို့ ခေါ်တဲ့ သက်တံရောင်အလံ၊ လိင်တူ လိင်ကွဲ ခွဲခြားမှုမရှိတဲ့ သင်္ကေတ အလံ)
သည်အဖြစ်အပျက်ဟာ အမေရိကန်ပြည်ထောင်စုသားတွေရဲ့ လူမှုရေးဆိုင်ရာ အယူအဆတိုက်ပွဲတွေရဲ့ သမိုင်းမော်ကွန်းတင်တဲ့ မှတ်တိုင်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်များမှာ လိင်တူဆက်ဆံသူတွေရဲ့ အခွင့်အရေးတွေ အာမခံဖို့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်။ AIDS တို့ HIV ရောဂါဖြစ်တာကို ဘုရားရိုက်သလို ကျိန်စာသင့်သလို သဘောထားတာကနေ လိင်ဆက်ဆံတာကနေကူးစက်တတ်တဲ့ရောဂါတခုသဖွယ် ကုသဖို့ ပြုစုဖို့ ဆေးပညာရှင်တွေက ကြိုးစားကြသလိုမျိုး၊ လူမှုအဖွဲ့အစည်းတွေ မိသားစုတွေကလည်း လိင်တူဆက်ဆံသူတွေကို လက်ခံဖို့၊ အသိအမှတ်ပြုဖို့၊ မိသားစု ထူထောင်ကြဖို့ တောင်းဆို တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ လူမည်းအရေး၊ အမျိုးသမီးအရေး၊ အလုပ်သမားအရေး၊ ကလေးသူငယ်အရေး၊ သည်လိုမျိုး လူ့အခွင့်အရေးလှုပ်ရှားမှု ပင်မရေစီးတခု အမေရိကန်မှာ စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံတကာမှာလည်း လိင်တူဆက်ဆံသူတွေကို နေရာပေးဖို့၊ အသိအမှတ်ပြုဖို့ လူ့အခွင့်အရေးကိစ္စတခုသဖွယ် ဖြစ်လာတာ ဖြစ်ပါတယ်။

အိမ်ထောင်ရေး၊ မိသားစုရေး၊ လူမှုရေးကိစ္စဖြစ်တဲ့ အားလျော်စွာ ဘာသာရေးအခြေခံ၊ လူမျိုးရေးအခြေခံပြီး ငြင်းခုံကြ၊ နိုင်ငံရေးပါတီစွဲတွေနဲ့ ငြင်းခုံကြ (ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်တွေက အခြောက်တွေ၊ ယောကျာ်းလျာတွေကို မုန်းတယ်၊ ခေတ်ပေါ်စွဲ ဒီမိုကရက်တွေကတော့ လူတွေ အတူတူပဲလို့ လက်ခံကြတယ်) ။ အကြမ်းဖက်သတ်ဖြတ်ကြ။ တရားတဘောင်တွေ စွဲကြဆိုကြ၊ ပဋိပက္ခတွေ အများကြီးနဲ့ ဖြတ်သန်းရတဲ့ လိင်တူချင်း အိမ်ထောင်ပြုခွင့်ရရေး၊ သားသမီးမွေးစားခွင့် ရရေး၊ အမွေလွှဲခွင့် ဆက်ခံခွင့်ရရေး၊ ဥပဒေအကျိုးခံစားခွင့် ကာကွယ်ခွင့်ရရေး လှုပ်ရှားမှု ဖြစ်ပါတယ်။

နောက်တော့ လိင်တူချစ်သူတွေကို လက်ခံမှု ကျယ်ပြန့်လာတဲ့ ၉၀ ခုနှစ်များမှာ အဲသည်လို အိမ်ထောင်ပြုတာတွေ တားဆီးနိုင်ဖို့ ကင်ပိန်းသမားတွေက အသာစီးရပြီး ပြည်ထောင်စုအဆင့် ဥပဒေနဲ့ လက်ထပ်ထိမ်းမြားခြင်း ကာကွယ်ရေး ဥပဒေပြဌာန်းပြီး လိင်တူချင်းပြုတဲ့ အိမ်ထောင်တွေ မိသားစုတွေကို တရားမ၀င်ဖြစ်အောင် ကန့်သတ်နိုင်ခဲ့ကြပါတယ်။ အဲသည်ဥပဒေကို ပြဌာန်းပြီးနောက် ပြည်ထောင်စုအဆင့် အသိအမှတ်မပြုသော်လည်း ပြည်နယ်အလိုက် လိင်တူချင်းမိသားစု ထူထောင်ခွင့်၊ လက်ထပ်ခွင့်ကို အသိအမှတ်ပြုတဲ့ ပြည်နယ်အဆင့်မှာ ဥပဒေတွေ တဖြေးဖြေး ပြဌာန်းနိုင်ခဲ့ကြတာကြောင့် ယခုဆိုရင် ပြည်နယ် ၁၂ (အခု ကယ်လီဖိုးနီးယားအပါ ၁၃) ပြည်နယ်မှာ လိင်တူချင်း အိမ်ထောင်ပြုခွင့်၊ ခံစားခွင့်တွေ ရရှိခဲ့ကြပါတယ်။

အဲသည်လိုအချိန်မှာ လက်ရှိအစိုးရနဲ့ သမ္မတကြီး အိုဘားမား တက်လာတဲ့ ၂၀၀၈ မှာတော့ ဒီမိုကရက်တွေ ဖြစ်တဲ့ အားလျော်စွာ လိင်တူချစ်သူများ တန်းတူညီမျှ ခံစားခွင့်ကို ဆောင်ရွက်မယ်လို့ ကြွေးကြော် ကတိပေးခဲ့တာကြောင့် အဆိုပါလှုပ်ရှားမှုများ ကျယ်ပြန့်လာသလို၊ တဖက်ကလည်း ဒီမိုကရက်တွေ အသာစီးမရအောင် ပြည်နယ်အလိုက်၊ ပြည်ထောင်စုအဆင့်လိုက် လိင်တူချစ်သူအိမ်ထောင်သည်တွေကို တားမြစ်ဖို့၊ အသိအမှတ်မပြုဖို့ တန်ပြန်လှုပ်ရှားမှုတွေ ပြင်းထန်လာခဲ့ပါတယ်။

အဲဒါကြောင့် ဒီမိုကရက်တွေအများစု ခံတပ်ကြီးလို့ ခေါ်နိုင်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်မှာ Prop 8 ကို ဥပဒေပြုပြီး လိင်တူတွေ လက်ထပ်ခွင့်ကို ပိတ်ပင်အောင် ဥပဒေပြဌာန်းနိုင်သည်အထိ လိင်တူချစ်သူများ ဆန့်ကျင်ခြေမှုန်းရေးအဖွဲ့တွေ၊ ဘက်တော်သားတွေက ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အခြေခံဥပဒေမှာက ကိုယ်စားပြုဒီမိုကရေစီအပြင် တိုက်ရိုက်ဒီမိုကရေစီစနစ်လည်း အာမခံပေးထားတာမို့ မဲဆန္ဒရှင်လူဦးရေရဲ့ ၈ % ကနေ ၅ % လက်မှတ်တွေ ကောက်နိုင်ရင် ဥပဒေပြင်ဆင်ရေး ပြဌာန်းတွေ အဆိုကို ပြည်နယ်လွှတ်တော်ကို တင်သွင်းနိုင်ပါတယ်။ အဲသည်အဆိုကို ပြည်နယ်ကနေပြီးတော့ အနီးဆုံးရွေးကောက်ပွဲတခုမှာ ပြည်သူဆန္ဒခံယူပါတယ်။ အဲသည် ဆန္ဒခံယူပွဲမှာ မဲပေးသူ ၅၀% ကျော်က ထောက်ခံရင် ပြည်နယ်လွှတ်တော်က ဥပဒေအဖြစ် ပြင်ဆင်ပေး၊ ပြဌာန်းပေးရပါတယ်။ အဲသည်အချက်ကို ကိုင်စွဲပြီး Prop 8 သမားတွေက ကယ်လီဖိုးနီးယားမှာ လိင်တူတွေ လက်ထပ်တာ တရားမ၀င်ဘူးဆိုတဲ့ ဥပဒေကို ပြဌာန်းနိုင်ခဲ့တာကြောင့် ပြည်နယ်ကို လိင်တူလင်မယားတွေက ပြန်တရားစွဲပြီးတော့ Prop 8 ကို အခြေခံဥပဒေနဲ့ မညီကြောင်း စိန်ခေါ်လျောက်လဲတာကို ၂၀၀၉ မှာ လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

(အမေရိကန်တွေက လိင်တူချင်းအိမ်ထောင်ပြုတာကို … Marriage Equlity , Freedom to Marry လို့ အမည်ပေး အရေးဆိုကြတယ်)
အဲသည်လို တဖက်နဲ့ တဖက် ဥပဒေကြောင်းအရ လူမှုရေးကင်ပိန်းတွေ၊ ၀ါဒဖြန့်ချိ စည်းရုံးမှုတွေအရ အပြန်အလှန် တိုက်ခိုက်၊ ထိုးနှက် အနိုင်လုနေကြရာက နောက်ဆုံးမှာ တိုင်းပြည်ရဲ့ အမြင့်ဆုံး ပြည်ထောင်စုတရားရုံးမှာ အဆုံးဖြတ်ခံကြတဲ့ အထိကို ဇာတ်လမ်းက ရောက်ခဲ့တာ ဖြစ်ပါတယ်။ ကဲ … နောက်ဆုံးတော့လည်း ပြည်ထောင်စုတရားရုံးတော်ကြီးကနေ အခုခေတ်နဲ့ စနစ်နဲ့ အယူအဆ သဘောထားတွေအနေနဲ့ လူထုလူတန်းစားတွေထဲမှာ လိင်တူချင်း အိမ်ထောင်ပြုနေတာတွေလည်း အသိအမှတ်ပြုထားတဲ့ ပြည်နယ်တွေ ရှိနေပြီ၊ များပြားလှတဲ့ လိင်တူချစ် အိမ်ထောင်သည်တွေရဲ့ မိသားစုရေး၊ တရားဥပဒေအရ ကာကွယ်ရေး စောင့်ရှောက်ရေးတွေကလည်း ထောင့်ပေါင်းစုံမှာ ရင်ဆိုင်ဖြေရှင်းနေကြရပြီ၊ သည်တော့ ပြည်နယ်တွေက သူတို့တရားရုံးတော်အဆင့်၊ ပြည်နယ်မဲဆန္ဒရှင်တွေအဆင့်မှာ လက်ခံတယ်ဆိုရင် ပြည်ထောင်စုအနေနဲ့ လိင်ကွဲ ၂ ဦး၊ လိင်တူ ၂ ဦး ဆိုတဲ့ ခွဲခြားကန့်သတ်တဲ့ လက်ထပ်ဥပဒေတွေ ဘာတွေနဲ့ တားမြစ်မနေတော့ဘူး၊ ပြည်နယ်တွေနဲ့ ပြည်နယ်တွေက မဲဆန္ဒရှင်တွေ အများစုသဘောပဲလို့ ဆုံးဖြတ်ပြီးတော့ အထက်ပါ DOMA နဲ့ Prop 8 က ငြင်းပယ်ပေးလိုက်တာ ဖြစ်ကြောင်းပါ။

(မနေ့က လိင်ခွဲခြားမှုကို ဆန့်ကျင်သူများ ထွက်ပြီး အောင်ပွဲခံနေတဲ့ ဆန်ဖရန်စစ္စကို)

ယမန်နေ့ မနက် ကယ်လီဖိုးနီးယားအချိန် မနက် ၇ နာရီ ၃၅ မှာ ပြည်ထောင်စုရုံးတော်ရဲ့ ဆုံးဖြတ်ချက် ထွက်ပါတယ်။ ဆန်ဖရန်စစ္စကိုမြို့တော်ခန်းမမှာ ပြည်သူလူထု ရာပေါင်းများစွာ စုဝေးပြီး ၀မ်းမြောက်ဝမ်းသာ သြဘာပေးကြတယ်။ လိင်တူချင်း အိမ်ထောင်ပြုထားသုတွေဟာ လက်ရှိပြည်နယ်က ပိတ်ထားလို့ လက်ထပ်ခွင့် မရှိတာကနေ ယနေ့ကစပြီး လက်ထပ်ခွင့် တရားဝင်ရကြမှာမို့လို့ အိမ်နားက တရားရုံးတွေဆီကို အပြေးသွားပြီး လက်ထပ်ကြမယ်လို့ ဆိုပါတယ်။

ပြည်နယ်အဆင့် ဥပဒေနဲ့ ခံစားခွင့်၊ ပြည်နယ်သားတဦးရဲ့ အခွင့်အရေး၊ အာမခံချက်။ ပြည်ထောင်စုအဆင့် ဥပဒေနဲ့ ခံစားခွင့်၊ ပြည်ထောင်စုသား (နိုင်ငံသားတဦး) ရဲ့ အခွင့်အရေးနဲ့ အာမခံချက်ဆိုတာတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အတော်ကို မျက်ခြေမပြတ်အောင်လိုက်ထားနိုင်မှာ မျက်စိမလည်တာပါလား ဆိုတာ အတွေးရပါတယ်။

ကယ်လီဖိုးနီးယားက လိင်တူမိသားစုကို ပြည်နယ်က ကာကွယ်ပေးပေမယ့် ပြည်ထောင်စုအဆင့်မှာ ကန့်သတ်ထားတာ ရှိတယ်ဆိုတာ သာဂိလို လူပိန်းကတော့ မျက်စိခပ်လည်လည်ပဲ။ သူတို့မိသားစုမှာ သားသမီး မွေးစားရင် ပြည်နယ်က အသိအမှတ်ပြုပေမယ့် ပြည်ထောင်စုက အသိအမှတ်မပြုတာကြောင့် သူတို့မိသားစု ခံစားခွင့်တွေ မရဘူး၊ ဥပဒေက အကာအကွယ် မပေးဘူးလို့ ဆိုရာ ရောက်ပါတယ်။ ပြည်နယ်တွေ အချင်းချင်း ဥပဒေတွေ မတူတဲ့အတွက် ဒီပြည်နယ်က ကားလိုင်စင်နဲ့ ဟိုပြည်နယ်မှာ ယာယီမောင်းခွင့်ရသော်လည်း အမြဲနေမယ်ဆိုရင် လိုင်စင်ပြောင်းလျောက်ရသလိုမျိုးပေါ့လေ။

မြန်မာပြည်သားတဦးအတွက်ကတော့ လိင်ကွဲတွေ အချင်းချင်း လက်ထပ်ထိမ်းမြားတဲ့ အရေးကိစ္စမှာတောင် အခြားစဉ်းစားစရာ လူ့အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ၊ အာမခံချက်တွေ၊ အကာအကွယ်တွေအတွက်တောင် အတော် စဉ်းစားရ၊ တွေးခေါ်ရ၊ တောင်းဆိုရ လှုံဆော်ရ ဖြစ်နေကြတာမို့ လိင်တူတွေအချင်းချင်း လက်ထပ်မယ့်အရေး ဥပဒေတွေ မူကြမ်းတွေ ထွက်ပေါ်လာဖို့ကတော့ ဝေးဦးမယ်လို့ ထင်မိကြောင်းပါ။ မြန်မာပြည်က လိင်တူချင်း လက်ထပ်ချင်ရင်တော့ အမေရိကားကို လာကြလို့ လက်ရပ်ခေါ်နေရမလားပဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts