>Mar Mar Aye – 293

>“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၉၃)

‘သံဃာကို အလေးပြုပါတယ်’
မာမာအေး
နိုဝင်ဘာ ၇၊ ၂ဝဝ၉

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … … မာအေး ဒီလိုဘဲ ဆုတောင်းခဲ့တာ ကြာပြီနော်။ ချစ်ဆွေတို့ကလဲ မာအေးကို နေကောင်း ကျန်းမာရှိပါစေလို့ ဆုတောင်းပေးနေကြမယ် ဆိုတာ ယုံပါတယ်ရှင်၊ အချင်းချင်းတွေဘဲဟာ။ မာအေးလဲ ပြောစရာတွေ စု-တု-ပြု-တွေးနေတုန်းက သောတရှင်တို့လို ဘီဘီစီ ပရိသတ်ပဲကိုး။ ခုလဲ သောတရှင်တဝက် ဖြစ်တုန်းပါဘဲ။ ပြီးခဲ့တဲ့ တနင်္ဂနွေက ကျေးတမာအခန်းမှာ ကိုယ့်အစီအစဉ်လေးအကြောင်း ပါတယ်။ သဘောကျတယ် လို့ ကြားရတော့ အမောပြေတာပေါ့နော်။ သတင်းကျတော့ ပျော်စရာလို့ မကြားရပါဘူးလေ၊ သံဃာတော် တချို့ကို ဖမ်းဆီး ခေါ်ဆောင် ထိန်းသိမ်းပြန်ပြီ ဆိုလို့ပါ။

မာအေးတို့ ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာ ဟိုလွန်ခဲ့တဲ့ ‘၂ဝဝ၇’ ခုနှစ် တုန်းက သံဃာတော်တို့ရဲ့ သပိတ်မှောက် ကံပြုထိုက်တဲ့အရေးကိစ္စ၊ ပခုက္ကူမြို့မှ စပြီး ဖြစ်ခဲ့တယ် မဟုတ်လား။ အခု စက်တင်ဘာလ ပထမပါတ်ထဲမှာ ၂ နှစ်ပြည့် ရွှေဝါရောင်နေ့တွေ ဘာတွေ လုပ်ကြမှာစိုးလို့ ကြိုပြီး ကာကွယ်တာဖြစ်မယ် ထင်တာပါဘဲရှင်။ ပခုက္ကူ၊ မြင်းခြံ၊ ရေနံချောင်းတို့မှာ ဘုန်းဘုရားတို့ ကျောင်းတွေထဲ အထိ အစောင့်အနေ ရဲတို့တွေတင်မက၊ ကြံ့ဖွတ်တို့ စွမ်းအားရှင်တို့တွေလဲ ပါသတဲ့။ အော်ဒုက္ခ ဒုက္ခ ကိုယ်မရှိနေတဲ့ ကာလအတွင်း ဒါတွေက ဘာအသင်း တွေများလဲ။ နိုင်ငံ့အာဏာ ဥပဒေတွင်းမှာ ကြည်း၊ ရေ၊ လေ၊ ရဲ ဆိုတာဘဲ သိခဲ့တာလေ။

မရှိမဲ့ရှိမဲ့ ဗဟုသုတလေးနဲ့ ဖတ်မိခဲ့တဲ့ စာတမ်းတချို့မှာ ဘုရားသာသနာ ပြုနေတဲ့ ဗုဒ္ဓွကျောင်းတွေဟာ၊ ငြိမ်းချမ်း လွတ်မြောက်ရာ အာဏာစက်ဘေး မရောက်ရာနေရာလို့ သတ်မှတ်ချက် မထားသော်လည်း ဖြစ်တည်နေတဲ့ သဘောချည်းသာ တွေ့ရပါတယ်။ ဘုရားရှင် ကျောင်းတော်ဝိဟာကိုလဲ လေးမြှားလက်နက် ဘယ်သူရဲ သူခက်ကမှ ယူယက် လာဖူးတာ မရှိပါဘူး တဲ့။ ခုခေတ်မှာတော့ ပြောင်းကုန်ပြီ ထင်ပါရဲ့။ လူရော၊ ကျည်ရော ကျောင်းတိုက်တွေတင် ဝင်ရုံမက ဖမ်းတာ ဆီးတာပါ သံဃာတော်မြတ်တွေမှာ ခံစားကြရပြီနော်။

ကိုယ်က ကြည်ညို ကိုးကွယ်ရမယ့် သံဃာတော်တွေရဲ့အပေါ် လူသာမန်လို ဆက်ဆံကြ၊ ဖိနှိပ်ကြ၊ မဖြစ်သင့်တာတွေ ကြားရမြင်ရ သွေးမြေကျတာတွေပါ ပါလာတော့ စိတ်ထဲ မချမ်းသာလွန်းလို့ ဖြစ်တဲ့နှစ်မှာတုန်းက ကိုယ်ကျွမ်းကျင်ရာ တေးအလင်္ကာနဲ့ ရင်ဖွင့်ခဲ့ပါတယ်။ သူငယ်ချင်း ကိုယ်ပွား မေမြန်မာကလဲ မာအေး နေမကောင်းတာ လာမေးတုန်းမို့ အတော်ကျသွားတာပါ။ အဲဒါက ‘အသဲနာ ကမ္ဘာမကြေ’ တဲ့ရှင့်။ အဲဒါကိုကြားလို့ UK က မောင်ဖုန်းမြင့် ဆိုသူက ‘သံဃာကို အလေးပြုပါတယ်’ ဆိုတဲ့ သီချင်းတပုဒ် ပို့လိုက်တာကိုလဲ ဆိုပေးလိုက်တယ်။

နာမည်ကျော် ခေတ်ဟောင်းသီချင်း တပုဒ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ အာဇာနည်ခေါင်းဆောင် တစုအတွက် ရည်ရွယ် ဖွဲ့ဆိုတဲ့ အာဇာနည် သီချင်းတပုဒ်မှာ သံဃာတော်မြတ်တို့ အရေးအခင်း စပ်ဆို ရေးသွင်းထားတာပါ။ UKက ပို့တဲ့ ‘သံဃာကို အလေးပြုပါတယ်’ သီချင်းကို အမှတ်တရ နားဆင်ကြည့်ပါရှင်၊ အင်တာနက်က ပို့ခဲ့တာပါ။

‘သံဃာကို အလေးပြုပါတယ်’
ရေး _ မောင်ဖုန်းမြင့် – UK

သံဃာတော်တွေ သွေးမြေကျရရှာလို့၊ ဆွေးလေသမျှ အုံကြွ စိတ်မှာမပြေ၊ နှိပ်ခက်ခံကြရတဲ့ ရဟန်းရှင်လူ၊ (ရဲရဲတောက် အာဇာနည်တွေ)၂x တို့မြန်မာတိုင်း မြန်ပြေ၊ တွေးရှုကာဘဲ အလေးပြုပါတယ်လေ xxx
ယုတ်မာ ဆိုးဝါးလှတဲ့ စစ်ဘီလူးများရဲ့ လူမဆန်ပုံတွေ၊ ဘုရားသားတော် သံဃာတော်မြတ်တွေရဲ့ သွေးတစက်စက် ပေးဆက် မြေခကြွေ xxx ပြည်သူကို ရင်ဝယ်သား၊ ဂရုမထား ရမ်းကားခဲ့တာတွေ x စားဝတ်နေရေး ကြပ်တည်းမှု အထွေထွေ ပြေလည်အောင် မရှင်းနိုင်ဘဲ၊ သေကြေအောင် အတင်း အနိုင်ကျင့်နေ၊ အကုသိုလ် အကျိုးပေးမှာ မကြောက်တဲ့ မိစ္ဆာတွေ ဝဋ်ကြမ္မာ ဆိုးကိုလေ၊ ခုဘဝမှာဘဲ တွေ့ရမယ် အမှန်မသွေ xxx

မာအေးတော့လေ— ခုထိ အဲဒီ သူတို့ပြောတဲ့ ရွှေဝါရောင် အရေးအခင်း ဆိုတဲ့ ကိစ္စကြီး ဖြစ်နေတုန်းက တွေ့ရတဲ့ ဓာတ်ပုံတွေ၊ မြင်ကွင်းတွေ မျက်စေ့ထဲ ပေါ်လာနေတုန်းပါဘဲ။ ကိုယ်ကလဲ ခွဲစိပ်ထားရလို့ ငိုချင်ရက်လက်တို့ အချိန်လဲ ရောက်နေတာကိုး။ မဖြစ်သင့်တာတွေ နောင်အရှည် အရှည် မကြုံမတွေ့ရပါစေနဲ့ လို့ ဆုတောင်းရင်း ကိုယ့်တိုင်းပြည်ကို မေတ္တာ ပို့နေရပါတယ် ချစ်ဆွေတို့ရယ်။

ဘုရားသားတော် ရဟန်းသံဃာများနဲ့ တကွ ကျွန်ုပ်၏မိဘများ၊ ဆရာသမားများ၊ ဉာတကာ မိတ်ဆွေများ အားလုံး၊ တရားကျင့်ဖော်များ အားလုံး၊ သတ္တဝါအားလုံးကို ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ၊ စိတ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ်ဆင်းရဲ ကင်းကြပါစေ၊ ကိုယ့်ဝန် ကိုယ့်တာ ကိုယ့်ခန္ဓာ ချမ်းသာစွာ မွေးမြူနိုင် ကြပါစေသောဝ်။

∙ (မေတ္တာပို့ကထာ) အဝေရော ဟောမိ၊ အဗျာ ပဇ္ဇောဟောမိ၊ အနိဃောဟောမိ၊ သုခီ အတ္တာနံ ပရိဟ ရာမိ xxx
မမ မာတာပိတု၊ အာစရိယာစ ဉာတိ မိတ္တာစ၊
သဗ္ဗရာမာ ကရိနောစ၊ အဝေရာ ဟောန္တု၊
အဗျာ ပဇ္ဇောဟောန္တု၊ အနီဃာ ဟောန္တု၊
သုခီ အတ္တာနံ ပရိဟ ရ န္တု။ ။


[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts