>Tin Moe – It all started with Wa

>

ဝလုံးလေးက စ ခဲ့တယ်
တင်မိုး
မိုးချိုသင်း
နိုဝင်ဘာ ၇၊ ၂၀၀၉
          ဒီလက အဖေ့ မွေးလမို့ အဖေ့ကို သတိတရနဲ့ အဖေ့ကဗျာလေးတွေ ဖတ်ဖြစ်နေတာမို့ ဒီကဗျာလေးတပုဒ်ကို သွားဖတ်မိတာပါ။ နိုဝင်ဘာ ၂၀၀၃ က ရေးထားတာဆိုတော့ လွန်ခဲ့တဲ့ ၆ နှစ်ကပေါ့လေ။
          ဘ၀ဆိုတာ အမျိုးမျိုး ကြုံရ တွေ့ရတာပဲ။ အခုတလော ကိုယ့်ဘ၀ ကိုယ့်အကြောင်းကို နောက်ပြန်လှည့်ကြည့်မိတဲ့ အချိန်တွေ ရှိတတ်တာမို့ အခု ခံစားရတာတွေနဲ့ တိုက်ဆိုင်သလိုရှိတဲ့ အဖေ့ကဗျာလေးတပုဒ်ကို မျှဝေချင်မိတယ်။ ဖတ်ကြည့်ကြပါအုံး။

ဝလုံးလေးက စ ခဲ့တယ်

ဝလုံးလေးက စ ခဲ့တယ်။
ဘကုန်းကို ဦးထိပ်တင်ပြီး
ဘ၀ထဲကို ၀င်ခဲ့တယ်။

ဝင်ခဲ့တဲ့ဘ၀ ထွေပြားစွ။

ည ည အခင်း ပပ၀င်း
လမင်းနဲ့လဲ ဆုံခဲ့တယ်။

ညအခါ
လ မသာ လ ပျောက်
ဍ္ဍ ရင်ကောက် ဎ ရေမှုတ်
အရုပ်ဆိုးဆိုးတွေလဲ တွေ့ခဲ့တယ်။

ကကြီး ခခွေး ငွေသူဌေး
ဆလုံး ဆလိမ် သုခမိန်
ချင့်ချင့်ချိန်ချိန် ရှိပါတယ်။

ဆူဆူပူပူ တ၀မ်းပူတွေလဲ အများကြီး။
ဘ၀ကျောင်း အစက ကောင်းပါရဲ့
မရဏ မောင်း က ခေါ်သံကြားရင်
အားလုံးထားလို့ သွားရမယ်။ ။

တင်မိုး
၁၊ ၁၁၊ ၂၀၀၃

          အားလုံးကို ထားလို့ သွားရမဲ့ အချိန် မရောက်သေးသမျှတော့ ခရီးဆက်ရအုံးမှာပေါ့။ ခရီးလမ်း ကြမ်းသည်ဖြစ်စေ၊ ချောသည် ဖြစ်စေ တုံ့လှဲ့မေတ္တာနဲ့သာ အားပြုပြီး သွားချင်သူပါလေ။

မိုးချိုသင်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts