>ORaTha – Talk with Monywa Aung Shin

>

မုံရွာအောင်ရှင်နဲ့ စကားလက်ဆုံ
သြရသ
နိုဝင်ဘာ ၃၊ ၂၀၀၉
(အင်န်အယ်ဒီ -စစ်ကိုင်းတိုင်း ပါတီဝင်၊ ကဗျာဆရာ၊ စာမော်ကွန်းမဂ္ဂဇင်း အယ်ဒီတာ၊ ၂၀၀၀ ခုနှစ်တွင် စစ်အစိုးရက ပုံနှိပ်ဥပဒေနှင့် ထောင် အနှစ် ၂၀ ချမှတ်ခဲ့။ အမှုတွဲတွင် ဖျာပုံနီလုံဦး၊ ဦးစိုးဟန်၊ ဦးထွန်းမြင့်၊ ဦးနိုင်းနိုင်းတို့ကိုလည်း တရားသူကြီး ဘကျော်က ရဲအရာရှိ လှမြင့်ကို တရားလိုထားပြီး ထောင်ဒဏ်များ ချမှတ်ခဲ့။ ယခု ၂၀၀၉ စက်တင်ဘာ ၁၈ က ထောင်မှ လွတ်မြောက်လာခဲ့)
      ကျနော် တနေ့က ဆရာ မုံရွာအောင်ရှင် နဲ့တွေ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်းက ဆရာနဲ့ တွေ့ချင်နေတာပါ။ တနည်းပြောရရင် ဆရာလွတ်လာပြီ လို့ သတင်းမှာပါလာပြီးကတည်း ကပါ။ ဆရာဟာ ကဗျာဆရာပီပီ နုနု နွဲ့နွဲ့ ကလေးမို့၊ ဆရာ ထောင်ထဲမှာ ခံနိုင်ပါ့မလားလို့ ကျနော်စိုးရိမ်နေမိတာ ဆရာ့ ကိုဖမ်းသွားပြီး ကတည်းကပါ။ 
      ကျနော် စိုးရိမ်တာတွေ ဆရာနဲ့ လူချင်းတွေ့မှ သက်သာ ပျောက်ကင်းသွားပါတယ်။ ဆရာဟာ လွန်ခဲ့တဲ့ ၁ဝ နှစ်ခန့်ကလို ပိန်ပိန် သေးသေးလေး မဟုတ်တော့ပါဘူး။ ယခင်ကထက် စိတ်ရော လူပါ တောင့်တင်း ခိုင်မာ လာပုံ ရပါတယ်။
“ကျနော် ၉ နှစ်နဲ့ ၅ ရက်နေခဲ့ရတယ်ဗျ၊ သူတို့ ချလိုက်တာကတော့ ၂၁ နှစ်ပေါ့ဗျာ” ဟု အစချီကာ ထောင်ထဲကအကြောင်းတွေ ရေပက်မဝင် ပြောပါတော့တယ်။
“ထောင်ထဲမှာ တော်တော် အတွေ့အကြုံရတယ်ဗျာ့။ ‘လွတ်ကြောင်’ တွေက ထောင်အာဏာပိုင်တွေကို သတင်းမှားတွေ ပေး၊ ထောင်အာဏာပိုင်တွေကလည်း စုံစမ်း ဆင်ခြင်ခြင်း မရှိဘဲ ကျနော်တို့ လူတွေကို တိုက်ပိတ် အရေးယူပေါ့ဗျာ။ ကိုနိုင်းနိုင်းဆို တော်တော်ခံလိုက်ရတယ်။”
“ကိုယ့်ကိုယ်ကို ဗကပ လို့ ပြောတဲ့ သူတွေကလည်း အင်အယ်(လ်)ဒီ ကိုတိုက်တာ ခံရတယ်ဗျ၊ ဗကပအစစ်ဆို ဒီလို ဘယ်လုပ်မလဲဗျာ့။ ခုနှစ်ဆယ် ကျော်ကာလ လောက်တုန်းက ထောင်ထဲမှာ တွေ့ရတဲ့ ၅-ည တွေလောက် အခုလူတွေက နိုင်ငံရေးအား မကောင်းဘူးဗျာ့၊ လေ့လာမှုအား နည်းလာတယ်၊ စာဖတ်အားလည်း နည်းတယ်။ အခုတော့ အဖွဲ့ချုပ်မှာ စည်းရုံးရေးသင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ လုပ်နေတယ်လို့ သိရတယ်။ ဦးဝင်းတင် လွတ်လာမှ တော်တော်ကလေး လှုပ်ရှားမှု ရှိလာတယ်လို့ သိရတယ်၊ တော်တော် လုပ်ရဦးမယ်ဗျာ”
“ စိတ်မကောင်းစရာက တက်ကြွလှုပ်ရှားသူတွေကို အဖွဲ့ချုပ်က ထုတ်ပစ်လိုက်တာပဲ။ ကျနော်ထောင်က လွတ်လာတော့ အဖွဲ့ချုပ်ရှေ့မှာ သူတို့ လာတွေ့ကြတယ်လေ။ တော်တော့်လူတွေ ဆိုရင် တဖက်ကို ပါသွားပြီ။ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးကတော့ တကယ့်ခရီးရှည်ချီတက်ပွဲကြီး ပါပဲဗျာ”
“စီးပွားရေးပိတ်ဆို့မှုဟာလည်း တော်တော်ထိရောက်ပုံရတယ်ဗျာ့၊ ခင်ဗျားကော ဘာတွေ ကြားသေးလဲ၊ ရဲမှူးတွေအကြောင်းလေ၊ လောက်ကိုင် အကြောင်းတော့ ထောင်ထဲမှာ ကတည်းက တော်တော်ကြားရတယ်ဗျာ့၊ ဝ တွေကတော့ သူတို့ ဆောက်ထားတဲ့တံတား ကို အစိုးရကဖျက်လိုက်လို့ တော်တော်စိတ်ဆိုးတယ်လို့ ကြားရတယ်ဗျာ့။ နောက်ပြီး ထူးထူးဆန်းဆန်း အဖြစ်အပျက် တခုလည်း ကြားလိုက်ရတယ်။ ယူနီဗာဆယ်ဘဏ်က အထက်တန်းတာဝန်ရှိသူတစ်ယောက်ကို ထပ် စစ်ဆေးတယ်လေ၊ ခင်ဗျားဟာ အတု … အစစ်ကို ကျနော်တို့ မိနေပြီ ဆိုပြီး ထပ်စစ်တာတဲ့ဗျာ။”
“အိုဘားမားနဲ့ အစိုးရ တိုက်ရိုက် ဆက်ဆံလိုက်တာ ကျနော်ကတော့ အကောင်းမြင်တယ်ဗျာ၊ အစိုးရဖက်ကပျော့ပြောင်းလာရင် အခြေအနေ တိုးတက်လာရင် စီးပွားရေးပိတ်ဆို့တာတွေ လျှော့လာမှာပါ။  ဒါပေမယ့် ဆရာမြသန်းတင့် ရေးသလို ဓါးတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်ရဦး မှာပါဗျာ”
      ဆရာကို ကျနော်က ကဗျာတွေ ရေးဖြစ်သေးလား  လို့ မေးမလို့ ဟန်ပြင်မိပါသေးတယ်။ ဒါပေမယ့် ဆရာ အခုပြောလိုက်တာတွေဟာ ကဗျာရှည်တပုဒ်လို ကျနော့်ကို ဖမ်းစားနေတာမို့ ကျနော့်နှုတ်ဆွံ့ နေမိတယ်။ ဟုတ်ပါတယ်၊ ဆရာစကား၊ ဆရာ့ အသံတွေဟာ ရင်ထဲက လျှံထွက်လာပြီး တံတိုင်းတွေကို ရိုက်ခတ် ထွက်လာတဲ့ ဝေဒနာ ကဗျာရှည်ကြီးပါပဲ။
(Photo – AAPP(Burma))

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts