>Mar Mar Aye – 292

>

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၂၉၂)

တော်သလင်းလ
မာမာအေး
နိုဝင်ဘာ ၁၊ ၂ဝဝ၉


(photo – burma today)

သောတရှင်များ ကျန်းမာတော်မူကြပါစ ရှင်။ မာအေး ချစ်တဲ့ သောတရှင်တွေ ဂီတ ဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ မာအေး နားနေရတဲ့ အမေရိကန် တောမြို့ကလေးမှာ မိုးက စိုစို၊ လေကလဲ မာန်ဖိုသနဲ့ အမှတ်တမဲ့များ ဆိုရင် ကိုယ့်ဆီက မိုးတွင်းလေးမှာ ရှိနေသလိုလို ပါဘဲရှင်။ ပြက္ခဒိန်ထဲ ကြည့်ပါမှာ သြော် – ဒို့ဆီမှာ ပူမယ့်အခါတွင်း တော်သလင်းပါလား။ အလွမ်းသားနော့။ မာအေးရဲ့ သမီးကြီး သမီးမာမာအေးကလဲ သည်လဖွားမို့ ပိုလွမ်း ရတယ်လေ။ ဒါနဲ့ တော်သလင်း ဆိုတာ ဘာများပါလိမ့်၊ ဘာတွေများ ထူးထွေဆန်းပြား သိထားစရာတွေ ရှိနေမှာလဲ။ စာတောထဲ ကဗျာတောထဲ ဝေ့ဝဲ ဝင်လိုက်တော့တာပေါ့။

‘တော်’ ဆိုတဲ့ စာလုံးဟာ ဗမာနဲ့ တချို့ တိုင်းရင်းသား လူမျိုးများအဖို့ အထွတ်၊ အထိပ်၊ အမြင့်၊ အမြတ်၊ မိုး၊ ကောင်းကင် စတဲ့ အဓိပ္ပာယ်တွေ ဖွင့်ထားတဲ့အတွက် အထက်အပေါ် ဆိုတာကိုချည်း ညွှန်းတဲ့ သဘော တွေ့ရပါတယ်။ ‘သလင်း’ ဆိုတာကိုတော့ သာယာပွင့်လင်း၊ သာယာ ကျင်းလင်း၊ ပွင့်လင်း စတဲ့ အဓိပ္ပာယ်တွေ ကောက်ယူတဲ့အတွက် အဘိဓာန်မှာ ‘ကောင်းကင် သာယာ ထွန်းလင်း၊ ပွင့်လင်း၊ လင်းကျင်းသောလ၊ သစ်ဆင်းလ၊ မြန်မာ့ တစ်ဆယ့်နှစ်လတို့တွင် ဆဋ္ဌမလ၊ ကန်ရာသ’ လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

မာအေးတို့ ချစ်တဲ့ အမိနိုင်ငံမှာ မိုးဟာ သင်္ကြန်လက်ဆေးမိုး လို့ ခေါ်တဲ့ မိုးလေးတဖြိုက် နှစ်ဖြိုက် ရွာလိုက်တာကနေပြီး၊ ကဆုန်နယုန် မိုးသားစုံလို့ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ရဲ့နောက် တော်သလင်းဆီ ရောက်တော့ ကောင်းကင်က ကြည်သာ၊ မိုးသိပ် မရွာတတ်တော့ဘူး မို့လားရှင့်။ မိုးကြား တိမ်ကြားက ထွက်တဲ့နေ ပူတယ်လေ လို့ ဆိုကြ၊ တော်သလင်းနေ ပုဇွန်သေ လို့ဆိုကြ၊ တော်သလင်း ရေလွှာ သင်ဖြူးခင်း ဆိုတဲ့ စာချိုးလိုဟာလဲ ကြားရပါ၊ တကယ်လဲ ကြည်ကြည်သာသာ ရေပြင်လွှာဖြစ်တာမို့ ဆယ့်နှစ်ရာသီ ပွဲဝင် လှေပြိုင်ပွဲ ပန်းလုသဘင် ဆင်ယင်ခဲ့တာ ယင်းမာ သင်းမြ တော်သလင်းလမှာ ပါဘဲ။

xxx စုန်ကာဆန်ကာ ခေါက်တုန့်လူးလာ၊ ဗုံတောင်စည်မောင်း မြစ်ကြောင်းမြစ်လယ်၊ ပျော်ဖွယ်အံ့ချီး တီးကာမှုတ်ကာ၊ ကြော်ငြာ ချိမ့်သဲ မြစ်ဧရာနဒီထဲမှာ xxx တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင်း၊ တက်ထောင်၊ တက်ယှက်၊ တက်ဝှက်၊ တက်ခက်၊ တက်လှ၊ တက်သုတ်၊ စင်ရော်သုတ်၊ စင်ရော်ဝဲ၊ နေရောင်ကာ၊ နေရောင်ပြေး၊ တက်ရေး(၃၇)ချင်း၊ ကုန်စင်အောင် သင်လာခဲ့ရ၊ သပြေတောရွာက နတ်မျှားလှေတော်၊ အားကောင်းမောင်းသန် ကျင့်သားရတဲ့ လှေတော်သားတွေ၊ လှေဦးစီးသာချို၊ တက်မကိုင် ကိုသန်းဖေတို့ပါ xxx

ပြီးတော့ တော်သလင်းလကို ရှေးက ‘သစ်ဆင်းလ’ လို့လဲ ခေါ်ခဲ့ကြသတဲ့ရှင့်။ ဒုတိယ အင်းဝခေတ်ကျမှ အဲဒီ ‘သစ်ဆင်း’ ဆိုတဲ့ စာလုံးကို သျှင်အဂ္ဂသမာဓိရဲ့ သုဝဏ္ဏသျှံ သူဌေးခန်း ပျို့မှာ စပြီး တွေ့ရတယ်။ သက္ကရာဇ် (၉၅၂) ခုနှစ်မှာ ထိုးတဲ့ ကျောက်ဆည်မြို့ ရွှေသာလျောင်း ကျောက်စာမှာလဲ တွေ့ရပါတယ်။ ဒါပေမဲ့ မှတ်တမ်း မှတ်ရာ ထားတာတော့ မရှိပါဘူး တဲ့ ရှင်။

သစ်ဆင်းလ လို့ ခေါ်ခဲ့တဲ့ သဘင်ပွဲတခု ရှိခဲ့ကြောင်း ကိုတော့ ‘မင်းရဲနန္ဒာဧချင်း’ မှာ မင်းဇေယျ နန္တမိတ်က ရေးဖွဲ့ခဲ့ပါတယ်။ မင်းရဲကျော်စွာ စုန်ဧချင်းမှာလဲ ‘တော်သလင်းတုံ၊ သစ်ဆင်းအခါ၊ ပျော်ဘွယ်သာတည့်၊ ဗိုလ်ပါထွေဖြီး၊ သဘင်ကြီး၌’ လို့ ရေးစပ်ကြပါတယ်။

ဆီသည် ရွာစား ဦးအောင်ကြီးရေးတဲ့ အင်းဝ မြို့ဘွဲ့ ဆယ့်နှစ်ရာသီလူးတား ကန်ရာသီဖွဲ့မှာ ကျတော့ —-

xxx သာစွလေ —-၊ မြစ်ရေကမ်းပြည့်၊ ထန်းလည်းမှည့်၍၊ စည့်စည့်မိုးလ၊ ဘဒြနှင့် ပြည့်ဝအညီ၊ ကန်ရာသီဟု၊ အာနီ မြဲခိုင်၊ ယင်းမာလှိုင်က၊ မွှေးကြိုင်နံ့ရွှင်း၊ တော်သလင်းကား၊ မြစ်တွင်းရတု၊ ပန်းလုသဘင်၊ သစ်ဆင်းရင်လျက်၊ လက်သင်လှော်ကား၊ ရွှေသားစက်ကွင်း၊ လှေခြင်း လှော်ပြိုင်၊ ခွင့်ရေးကိုင်၍၊ လေးတိုင်တန်ဆောင်း၊ မမြင့်တောင်းကို၊ နီမောင်ပုဆိုး၊ ဝှဲဝှဲမိုးလျက်၊ ပိုက်ကြိုးသွယ်ခံ၊ ဝန်းရံခင်းကျင်း၊ ခုန်ကဆင်းသော်၊ မင်းမင်းမှန်ဖု၊ ထွက်စံရှုသည်၊ ဇမ္ဗူထွတ်ထိပ် ပန်းတည့်လေ၊ ပွင့်လင်းစည်သည်၊ ရွှေပြည်ရွှေဝ နန်းတည့်လေ xxx(လူးတား)

ဒီလူးတားမှာ လှေပွဲရော၊ သစ်ဆင်းပွဲရော ပေါင်းပြီး ဖွဲ့စပ်ထားတာ ကြားမှာပါနော်။ သစ်ဆင်းပွဲ ကျင်းပပုံကလဲ ဆန်းဆန်းပြားပြား အသဲယားစရာကြီး ပါလားကရို့ —- လို့ ပြောရမှာဘဲရှင့်။ အလွန်မြင့်တဲ့ သစ်တိုင်လေးတိုင်နဲ့ ဆောက်လုပ်တဲ့၊ အနီရောင် အဝတ်အမိုး မိုးထားတဲ့ ‘တန်ဆောင်း’ ခေါ်တဲ့ စင်မြင့်ကြီးပေါ်ကနေပြီး အောက်မှာရှိတဲ့ ရေပြင်ပေါ်က ပိုက်ကွန်ခံထားတဲ့ နေရာဆီကို ကရင်းနဲ့ ခုန်ချကြတဲ့ ပွဲသဘင်ဆိုတဲ့ အဓိပ္ပာယ် ထွက်နေပါတယ်ရှင်၊ ရှေးပဝေဏီကာလ ထဲက ရှိခဲ့ပြီး၊ အင်းဝ ခေတ်မှ ‘လ တလရဲ့ နာမည်’ တွင်လာတဲ့ အထိ အလေးတယူ သိုက်သိုက် မြိုက်မြိုက် ရှိခဲ့မှာပါ။ သစ်တိုင် အမြင့်အဖျားက ခုန်ချရတာမျိုး ဆိုတော့လဲ အသက်အန္တရာယ် ရှိတာပေါ့။ အဲဒီပွဲမျိုးမှာ အသက်ထိ ခိုက်ခဲ့ရင် မိုးကောင်းမယ်၊ ချောင်းစီးမယ် လို့လဲ နိမိတ်ဖတ်တယ် ဆိုလားဘဲ။ ဒီလို နိမိတ်ကြီးကတော့ မနိပ်ပါဘူးနော။ ကုန်းဘောင်ခေတ် ကျတော့ မဆင်နွှဲ ကြတော့ဘူးတဲ့လေ။ အန္တရာယ် မကင်းလို့ ဖြစ်မှာပါ။ ဘယ်လိုဘဲ ဖြစ်ဖြစ် အဘိဓာန်မှာတော့ ‘သစ်ဆင်း’ အလွန်ရှည်သော သစ်တိုင်လေးတိုင်ဖြင့် ဆောက်လုပ်ထားသော ‘တန်ဆောင်း စင်မြင့်’ ပေါ်မှ ရေပေါ်၌ ခံထားသော ပိုက်ကွန်တွင်းသို့ ခုန်ချသည့် ပွဲ ကျင်းပသည့်လ၊ တော်သလင်းလ လို့ ဖေါ်ပြထားကြောင်းပါရှင်။

[ မူရင်း – BBC အသံလွှင့်ဌာန၊ မြန်မာပိုင်း အစီအစဉ် ]



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts