>Quotes in October

>

မိုးမခ၏ အောက်တိုဘာလ စာကိုး၊ စကားကိုး
အောက်တိုဘာ ၃၁၊ ၂၀၀၉

“ဒူဘိုင်း မလာခင်မှာ ကိုယ့်စိတ်ပိုင်းဆိုင်ရာကို ပြင်ဆင်လာသင့်တယ်၊ ရာသီဥတု အရမ်း ဆိုးတယ်၊ homesick (အိမ်လွမ်းနာ) ဖြစ်မယ်၊ homesick ဖြစ်တဲ့လူကို စောင့်ရှောက်ချင်လို့ စောင့်နေသူတွေ ရှိတယ်၊ လူမှုရေး ရှုပ်တဲ့ ပြဿနာက ဒါက စတာပဲ”
ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တော်ရောက် မြန်မာအလုပ်သမားတဦး
မော်ဒန်ဂျာနယ်၊ အောက်တိုဘာ ၂၃

ယနေ့တပ်မတော်က စီစဉ် ဆောင်ရွက်နေသည့် ဒီမိုကရေစီ အသွင် ကူးပြောင်းရေး လုပ်ငန်းစဉ် (ရွေးကောက်ပွဲလုပ်ငန်းစဉ်) အား ချောမွေ့ အောင်မြင်စေရေး အတွက် နိုင်ငံရေးသမားများ (နိုင်ငံရေး ပါတီများ) က ဝိုင်းဝန်း ကူညီ ပံ့ပိုးသင့်သည်
ဦးအောင်မြင့်(လက်ပံတန်း)
Voice ဂျာနယ်၊ အောက်တိုဘာ ၂၆

“ကျန်းမာရေးအတွက် လာကစားကြတဲ့သူတွေ ရှိပါတယ်။ အခြေခံ ကဗျာလွတ် နဲ့ သင်္ကြန်အက၊ ခါးချိုး၊ ခြေချိုးကို အသက်အရွယ် ကြီးလာပေမယ့် အထီးကျန် မဆန်ချင်တဲ့သူတွေ၊ ပင်စင်စားတွေ လာသင်ကြတယ်။ အနုပညာက လူကို နုပျိုစေတယ်။ ကျန်းမာစေပါတယ်”
တခိုင်လုံးရွှေ အေးအေးမြင့်၊ အကနည်းပြဆရာမ
အလင်းတန်းဂျာနယ်၊ အောက်တိုဘာ ၁၉

ဘောလုံးပွဲ တစ်ပွဲဟာ ပျော်စရာတွေ၊ ၀မ်းနည်းတာတွေ၊ အားမလို အားမရ ဖြစ်တာတွေနဲ့အတူ ခံစားမှုမျိုးစုံ ပေးစွမ်းနိုင်ပါတယ်။ အဲဒီလိုမျိုးက ဘောလုံးပွဲတွေကပဲ ရနိုင်ပါတယ်

စိုးမြတ်နန္ဒာ
စိုးမြတ်နန္ဒာ၊ သရုပ်ဆောင်
ရတနာပုံ ဘောလုံးအသင်း မဂ္ဂဇင်း၊ အောက်တိုဘာ

ပိတ်စပေါ်မှာ ကော်ရည်သုတ်ပေးရပါတယ်။ ပြီးရင် ကော်ရည် ဖန့်သွားအောင် နေ ပြရပါတယ်။ ကော်ရည် ဖန့်သွားပြီ ဆိုမှ ကော်ဖီစစ်နဲ့ အထပ်ထပ်စစ်ထားတဲ့ သဲမှုန့်လေးတွေ ညီညီညာညာ ရှိအောင် ဖြူးပေးရပါတယ်။ ပြီးရင် နေရောင်မှာ အခြောက်ခံရပါတယ်။ လုံးဝ ခြောက်သွားပြီ ဆိုမှ အဲဒီပိတ်စပေါ်မှာ အလိုရှိရာ ပုံကို ရေးဆွဲရပါတယ်။ သဲနဲ့ ဖန်တီးထားတဲ့ ပိတ်စပေါ်မှာ ဆေးရောင်တဲ့အခါ ရိုးရိုးပိတ်စပေါ်မှာ ဆေးရောင် တင်သလို အရောင်ဟာ စိုပြီး တောက်မနေပါဘူး။ အနည်းငယ် ခြောက်နေတဲ့အတွက် ပိုပြီး Natural ဖြစ်ပါတယ် (သဘာဝကျပါတယ်)”

သဲပန်းချီ ဖန်တီးနေသူ အမျိုးသမီးငယ် (ဓာတ်ပုံ-hydronetta)
ကိုဇော်ဝင်း၊ ပုဂံမြို့မှ သဲပန်းချီ ဖန်တီးသူ
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၁၅


နိုင်ငံခြားသားပရိသတ်ကို ဦးတည်သည့် သဲပန်းချီအရောင်းဆိုင် နှင့် ပန်းချီဆွဲသူ (ဓာတ်ပုံ-hydronetta)


ကျနော်ဘယ်တော့မှ ပါတီကွဲရာကွဲကြောင်း မလုပ်ဘူး။ ကျနော်လည်း အသက်ကြီးပြီဗျာ၊ ဦးအောင်ရွှေလည်း အသက်ကြီးပြီဗျာ။ အခြားအခြားသော ပါတီထဲမှာ ရှိတဲ့ ခေါင်းဆောင်တွေ – – – လည်း အသက်ကြီးလှပြီ။ ကုန်ကုန်ပြောရင် ဒေါ်စုသည်ပင်လျှင် ၆၄ နှစ်ဗျ၊ ၆၅ နှစ်ထဲရောက်နေပြီ။ ဒီလိုအချိန်မှာ ကျနော်တို့ဟာ အကွဲအပြဲတွေ မလုပ်ဘူး၊ လုံးဝ မရှိဘူး၊ လုံးဝ မစဉ်းစားဘူး။ လျှော့ပေးရင် ကိုယ်က လျှော့ပေးဖို့ပဲ ရှိတယ်။ ကိုယ့်အယူအဆ နိုင်အောင်ပြောမယ်။ မရဘူးဆိုရင် သူ့အယူအဆကို ကျနော်လိုက်မယ်။ ဘယ်သူ့ အယူအဆဖြစ်ဖြစ် ဦးအောင်ရွှေရဲ့ အယူအဆကို လိုက်မယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူအဆကို လိုက်မယ်။ ဦးသန်းထွန်းရဲ့ အယူအဆကို လိုက်မယ်။ ဒါပဲဗျ

ဦးဝင်းတင် (ဓာတ်ပုံ-AP)
ဦးဝင်းတင်၊ NLD ပါတီ ခေါင်းဆောင်တဦး
RFA အသံလွှင့်ဌာန၊ အောက်တိုဘာ ၎

လူမျိုးစု ပြဿနာမှာ ပြေလည်ရေး လမ်းကြောင်းပေါ် ရောက်နေပြီဟု ဆိုနိုင်သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာမည့် လွှတ်တော်တွင် အေးအေးညောင်းညောင်း ဆက်လက် ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်

ကျော်ဝင်း
ကျော်ဝင်း၊ စာရေးဆရာ၊ နိုင်ငံရေးသမားဟောင်း
ရန်ကုန်တိုင်းမ် ဂျာနယ်၊ အောက်တိုဘာ ၇

“ဘာကြောင့် ဖမ်းဆီးရတယ် ဆိုတာကို ပြောခဲ့ရမယ်၊ ဖမ်းတဲ့အချိန်မှာပေါ့။ သူ့ မိသားစု ရှိတယ်ဆို မိသားစုရှေ့မှာလည်း ပြောခဲ့ရမယ်။ ဖမ်းဆီးတဲ့နေရာမှာ ရဲမှာ ဖမ်းပိုင်ခွင့် မရှိဘူးလို့ မပြောပါဘူး။ ဘာကြောင့် ဖမ်းရတယ်ဆိုတာ အကြောင်းကြားရမယ်။ ဥပမာ လမ်းမှာဖမ်းသွားတယ်ဆိုရင် မင်း ဘယ်အိမ်ကလဲ၊ ဘယ်နေရာကလဲ၊ မင်းမိဘ ဘယ်သူလဲ၊ အဲလိုဆိုရင် သူ့မိဘကို အကြောင်းကြားရမယ်၊ ဘာကြောင့် ဖမ်းဆီးတယ်ဆိုတာ ပြောရမယ်။ အခုဟာ ဘာအကြောင်းပြချက်မှာ မရှိဘဲနဲ့ ဒီလိုပဲ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဟိုကကောက်ဆွဲ၊ ဒီကကောက်ဆွဲ၊ တနိုင်ငံ လုံးမှာ အဲဒီလို ဖမ်းဆီးမှုတွေ – – ဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၀ ကို ဖောက်ဖျက် ကျူးလွန်တာ ဖြစ်တယ်”

ဖမ်းဆီးနှိပ်စက်သည့်နည်းဖြင့် ပြဿနာဖြေရှင်းသည့် ဗိုလ်ချုပ်ကြီးများ
ဦးမျိုး၊ ပြည်ပအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ

VOA မြန်မာပိုင်း၊ အောက်တိုဘာ ၆

ဘီဘီစီက မြန်မာနိုင်ငံထဲမှာ ပရိသတ် ဘယ်လောက်ရှိသလဲ ဆိုတာ သိရအောင်လို့ မှန်မှန် စစ်တမ်း ကောက်ပါတယ်။ နောက်ဆုံးထွက်လာတဲ့ စစ်တမ်းအရ ဆိုရင် ဘီဘီစီကို နားထောင်တဲ့ ပရိသတ် စုစုပေါင်းက မြန်မာနိုင်ငံထဲမှာ ရှိတဲ့ အရွယ်ရောက်သူ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်း ဖြစ်ပါတယ်

ဒေါ်တင်ထားဆွေ (ဓာတ်ပုံ-မိုးမခ)

ဒေါ်တင်ထားဆွေ၊ ဘီဘီစီ မြန်မာပိုင်း အသံလွှင့်ဌာနမှူး
ဘီဘီစီ မြန်မာပိုင်း၊ အောက်တိုဘာ ၂၅

“ကိုယ်က နည်းနည်း ချွတ်ချော်သွားတယ် ဆိုရင်တောင် ကိုယ့်ကို ချစ်တဲ့စိတ်နဲ့ အပြစ် မမြင်ကြဘူး။ အဲဒီတော့ မကြီးတို့ အလုပ်က ပညာတတ်ဖို့၊ တော်ဖို့ အပြင် လူချစ်အောင်၊ အထင်ကြီးအောင်၊ လေးစားအောင် နေပြတတ်ရတယ်။ အထင်ကြီးအောင် ဆိုတာ တန်ဖိုးရှိတွေ ၀တ်စား ဆင်ယင်ပြီး နေထိုင်တာမျိုး မဟုတ်ပါဘူး။ လေးစားတတ်အောင် ဆိုတာကလည်း မကြီးတို့ မိန်းမလျာတွေ ဆိုပြီး အထင် မသေးအောင် လူ့ဘောင်လောကမှာရော၊ အလုပ်မှာရော စည်းစနစ်နဲ့ နေတတ်ရတယ်။ ပြောဆို ဆက်ဆံတတ်ရပါတယ်။ ”
ခင်စန်းဝင်း၊ အလှအပ ပညာရှင်
ပေါ်ပြူလာဂျာနယ်၊ အောက်တိုဘာ ၁၃

၁၉ရာစု အင်္ဂလိပ်ပညာရှိ မက်ကောလေး၏ စာရေးနည်းကို စုတုပြု လာသည့် ရွှေဥဒေါင်းအတွက် အခြား သော ခေတ်ပြိုင်စာရေးဆရာများကဲ့သို့ စကားလုံးများကို ဝေဝေလှိုင်းလှိုင်းနှင့် ဖွဲ့ကာနွဲ့ကာ လှည့်ကာပတ်ကာ တီတီတာတာ ရေးဖို့ထက် ဖတ်သူစိတ်ထဲ ချောခနဲ ရောက်သွားဖို့၊ လိုရင်းဆိုက်ဖို့က ပဓာနကျလေသည်။ အကွက်ကျကျရေးနည်းကို ဂရုပြုသည့်အချက်တွင် ကောလိပ်ကျောင်းထွက် ခေတ်စမ်းအုပ်စုနှင့် အပုံကြီး ဉာဏ်ချင်းထပ်လှသည်။ – – –

ဆရာကြီးတွင် ညံ့ချက်တကွက်အဖြစ် ပြောစရာကျန်ခဲ့သည်မှာ သူ့ကိုဖမ်းပြီးတိုက်ပိတ်ခဲ့သည့် ဦးနု၊ ဗိုလ်ခင်မောင်ကလေးတို့၏ ဖဆပလအစိုးရကို အလွန်အခဲမကျေသဖြင့် ဥပဒေဖောက်ဖျက်အာဏာရယူ ခဲ့သည့် ဗိုလ်ချုပ်နေဝင်း၏ လုပ်သားသတင်းစာတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ခြင်းတည်း။

– – – ဆရာကြီး၏ ပညာဂုဏ်ကြောင့်ကြီးလွန်းလှသည့်အတွက်သာ ပရိသတ်၏ လေးစားမှု မယုတ်လျော့ဘဲ ရှိခဲ့သည်

ရွှေဥဒေါင်း

ဘိုဘိုလန်းစင်၊ စာရေးဆရာ
ဧရာဝတီ၊ အောက်တိုဘာ ၂၄

“နီကိုရဲ ..
ကမ္ဘာမြေကို ရောက်ခဲ့တဲ့ ရက်ခြင်းတူပေမယ့်
မင်းကတော့… ၀ဋ်ကျွတ်သွားပြီ၊
ငါကတော့… ၀ဋ်ခံရင်းနဲ့ ငြိမ်းချမ်းမှုကို

ဆက်ရှာရဦးမယ်…။

ရုပ်ရှင်မင်းသား မဟုတ်တော့တဲ့ …ကျော်သူ”


ကွယ်လွန်သူ စာရေးဆရာ နီကိုရဲ

ဦးကျော်သူ၊ နာရေးကူညီမှုအသင်းခေါင်းဆောင်
နီကိုရဲဈာပန လွမ်းသူ့ပန်းခြင်းမှ စာ၊ အောက်တိုဘာ ၂၈

“(ကုသိုလ်ဖြစ် ဆေးခန်းရှေ့မှာ ရေမြောင်း) မတူးဖြစ်ဘူး ဆိုတာက ကျနော်တို့ တကွက်ထဲကို လာတူးခိုင်းနေတာလေ။ ဘေးအကွက်တွေက တူးမှ မတူးတာ။ ဘေးအကွက်တွေ တူးမှ ရေစီးရေလာက ကောင်းမှာကိုး။ ဒီတကွက်ထဲ တူးတယ်ဆိုရင် ကျနော်တို့ရှေ့မှာ ရေလှောင်ကန် ဖြစ်သွားမှာပေါ့။ ရေလှာင်ကန်ဖြစ်ရင် ခြင်တွေဘာတွေ ပေါက်မယ်၊ ခြင်မွေးကန် ဖြစ်သွားမယ်။ အဲဒါက လူနာတွေအတွက်ပါ အန္တရာယ်ရှိတယ်”

ဦးကျော်သူ
ဦးကျော်သူ၊ နာရေးကူညီမှုအသင်းခေါင်းဆောင်
မဇ္ဈိမသတင်းဌာန၊ အောက်တိုဘာ ၂၉

ဘုရင်မင်းခေါင်က အမတ်ကြီး ဖိုးရာဇာကို စားစရာ ဥတွေထဲမှာ ဘယ်ဥဟာ အဆိမ့်ဆုံးလဲလို့ မေးတော့ အမတ်ကြီးဖိုးရာဇာက ဖွတ်ဥပါ ဘုရားလို့ ဖြေသတဲ့။ ကျွန်တော်ကလဲ အမတ်ကြီးဖိုးရာဇာကို ရာနှုန်းပြည့် ထောက်ခံတာပဲ။ ၉၂ % လောက်ပဲ ထောက်ခံတာ မဟုတ်ပါဘူး … ဖွတ်ဥဆိုတာ ဆိမ့်လွန်းလို့ ၇ လုံး ၈လုံးထက် ပိုမစားနိုင်ဘူး

ကျောက်ခဲ၊ ဘလော်ဂါ
penai22.blogspot.com အောက်တိုဘာ ၈

[မှတ်ချက် – နှစ်သက်ဖွယ် သို့မဟုတ် မနှစ်သက်ဖွယ် ပြောကြား ရေးသားချက်များကို မူရင်း သတ်ပုံများအတိုင်း ပြန်လည် ကောက်နှုတ် ဖော်ပြခြင်း ဖြစ်သည်။]


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts