>Political Prisoners and Families pay respect to U Win Tin

>

နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် အကျဉ်းကျမိသားစုများက
သတင်းစာဆရာကြီး ဦးဝင်းတင်ကို ဂါရ၀ပြု ကန်တော့
ဆရာကြီးက ထောင်ကြောက်တရား ဟောနေသူများကို ရှုတ်ချ

မိုးယံမခ (ရန်ကုန်)၊ ဓာတ်ပုံသတင်း
၂၇ အောက်တိုဘာ ၂၀၀၉
နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အကျဉ်းကျမိသားစုတွေဟာ နိုင်ငံရေးသမား၊ သတင်းစာဆရာကြီး ဦးဝင်းတင်အား ဂါရ၀ပြုကန်တော့ကြတဲ့ အခမ်းအနားတစ်ခုကို အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းက အင်းစိန်အကျဉ်းထောင်အနီးရှိ နေအိမ်တစ်ခုမှာ  ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းများက စုစည်း ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။

အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ အကျဉ်းကျမိသားစုများနဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်များအပါအ၀င် စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ပြီး ဂါရ၀ပြုခဲ့ကြပါတယ်။


အခမ်းအနားမှာ ဆရာကြီးဦးဝင်းတင်ကို ဂုဏ်ပြုတဲ့ ကဗျာများရွတ်ဖတ်ခြင်း၊ ဂုဏ်ပြုအမှတ်တရစကားများ ပြောကြားကြပြီး တက်ရောက်လာကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အကျဉ်းကျမိသားစုများက ဆရာကြီးဦးဝင်းတင်အား လက်အုပ်ချီကန်တော့ကြပါတယ်။

ဆရာကြီးဦးဝင်းတင်က တက်ရောက်လာကြသူများအား သြ၀ါဒစကားချီးမြှင့်ရာတွင်
“ ဒီပွဲဟာ ကန်တော့ကြတယ် ဆိုတာထက် အချင်းချင်းဆုံတွေ့ကြတဲ့ အခမ်းအနားဟု ဆိုနိုင်ကြောင်း၊ နိုင်ငံရေးကို အသိဥာဏ်ပညာနဲ့ မာန်ကို ယှဉ်တွဲ ဆောင်ရွက်ကြစေ လိုကြောင်း၊ အရာရာကို စိတ်ရှည်သည်းခံရန် လိုအပ်ကြောင်း၊ သို့သော် ခေါင်းငုံ့ခံနေရန် မဟုတ်ကြောင်း၊ မိမိဆန္ဒကို ပုံစံမျိုးစုံဖြင့် ဖော်ပြခြင်းမှာ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်ကြောင်း၊ မွေးရာပါအခွင့်အရေးဖြစ်ကြောင်း၊ လူတိုင်းလူတိုင်းတွင် အကြောက်တရားရှိကြသည်မှာ သဘာဝပင်ဖြစ်ကြောင်း၊
နိုင်ငံရေးလုပ်ရာတွင် မည်သူမျှ ထောင်မကျချင် ကြကြောင်း၊ ထောင်ကျခြင်းဖြင့် ဘ၀ကို ထိခိုက်နစ်နာစေပြီး အချိန်များ အလဟသကုန်စေသည်ဟုဆိုသော အယူအဆကို မိမိအနေနှင့် လက်မခံနိုင်ကြောင်း၊
ထိုအယူအဆမှာ နိုင်ငံရေးကို အနစ်နာခံဆောင်ရွက်ခဲ့ အကျဉ်းကျနေသူများကို နှိမ့်ချရာရောက်ကြောင်း၊
ထို့ကြောင့် ထောင်မကျရေးလမ်းကြောင်းကို ရွေးချယ် ထောင်ကိုရှောင်ချင် ရှောင်နိုင်ကြောင်း ဆိုသည့် ထောင်ကြောက်တရား ဟောခြင်းမှာ မဖြစ်သင့်ကြောင်း”
စသည်ဖြင့် အကျယ်တ၀င့် ရှင်းလင်းမိန့်ကြားသွားခဲ့ပါတယ်။ အခမ်းအနားကို နေ့လည်တစ်နာရီခန့်မှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

(ဓာတ်ပုံ – မိုးမခ၊ မိုးယံမခ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ နိုင်ငံရေးအကျဉ်းသားမိသားစုများ၊ မျိုးဆက်သစ် လူငယ်များ၊ စာပေနှင့် စာနယ်ဇင်းသမားများ တက်ရောက်ကြတာ တွေ့နိုင်ပါတယ်။ ကဗျာဆရာ သစ္စာဒီလှိုင်းက ကဗျာဖြင့် ပူဇော်ပါတယ်။ အဲသည် ကဗျာကို ပူးတွဲဖော်ပြထားပါတယ်) 

     


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts