>May Nyane – Ni Ko Ye

>

နီကိုရဲ …
မေငြိမ်း
အောက်တိုဘာ ၂၅၊ ၂၀၀၉
          သူက ကျမကို မာမီလို့ ခေါ်တယ်..။ သူ့ကို တွေ့ရင် တတွတ်တွတ်နဲ့ ဆုံးမ တတ်လို့တဲ့..။ ကျမကတော့ သူ့ကို ကိုရဲလို့ပဲ ခေါ်ပါတယ်။ ကျမတို့ချင်းက ဝေး.. ဝေး… နေတတ်တော့ တွေ့ရပြီလားဟေ့ဆိုရင် စကားပြောလို့ ကောင်းမယ့် တနေရာရာကို သွားဖြစ်အောင် သွားထိုင်ပြီး တွတ်ထိုးတော့တာ..။

(မေငြိမ်း၊ နီကိုရဲ၊ ခက်မာ)
(တိုက်တိုက်ဆိုင်ဆိုင်.. ပြီးခဲ့တဲ့ ကျမတင်ထားတဲ့ ကိုအောင်ဝေးလုပ်တဲ့ အင်တာဗျူး.. မရေးဖြစ်တဲ့ ကဗျာကို ကျမတို့ ၃ယောက် လဆက် ဖြေခဲ့ကြတာ.. ခုတော့ တကယ်ပဲ စိုတဲ့လက်မှ မခြောက်ခင်…)
          အများအားဖြင့် ပြောဖြစ်တာက ဘ၀အမောတွေ..။ ကျမတို့ တွေ့ရင် မမေ့မလျော့ လုပ်ဖြစ်တာက ကိုရဲကို ကျမက ဗေဒင်တွက်ခိုင်းဖို့နဲ့ ကိုရဲကလည်း မမေ့မလျော့ ကျမ လက္ခဏာကို တောင်းတောင်းကြည့်တတ် တာ..။ (နီကိုရဲက ဗေဒင်ဟောရင် သိပ်မှန်တာ)။ အဲဒီအခါကျရင် ကြားထဲ ရှုပ်တုပ်ရှုပ်တုပ် လုပ်တတ်ကြတာက မင်းခိုက်စိုးစန်..။ ဒါမှမဟုတ်.. ခက်မာ။ ဒါမှမဟုတ် ဝေမှူးသွင်။ ကျမတို့တတွေ တကယ့် မောင်နှမရင်းချာတွေလို. တိုင်ပင်ကြ.. ရင်ဖွင့်ကြ..။ ဘယ်လောက်ဝေးနေနေ ပြန်တွေ့ရင် နွေးထွေးမြဲ..။
          ကိုရဲ ၀တ္ထုတွေ အောင်မြင်ချိန် ကျောင်းထဲ ရုပ်ရှင်လာရိုက်တဲ့အခါ ကျမကို ဌာနမှာ သူ လာရှာခေါ်သွားပြီး သူ့ရိုက်ကွင်းအနားမှာ လေပွားခဲ့ကြတာ..။ တခါက မင်းသမီးတယောက်ကို ကျမနဲ့ မိတ်ဆက်ပေးတော့ အဲဒီ မင်းသမီးက ကျမကို ခပ်တည်တည် လုပ်နေလို့ဆိုပြီး ကျမရှေ့မှာ မင်းသမီးကို ဟောက်တာ မှတ်မိသေးတယ်..။
          ကိုရဲက အဲလို ကိုယ့် အစ်မတွေ သူငယ်ချင်းတွေကို တန်ဖိုးထားတဲ့သူ။ တကယ်က သူနဲ့ ကျမက အသက် ၁နှစ်ခွဲပဲ ကွာတာပါ။ ဒါပေမဲ့ သူက ကျမကို အစ်မကြီးလို.. ကျမက သူ့ကို မောင်ငယ်လို ဆက်ဆံတော့ ကျမတို့က တကယ့် မောင်နှမတွေလို..။
          သူနဲ့ နောက်ဆုံးတွေ့ခဲ့ကြတာ ၂၀၀၄ နိုဝင်ဘာလထဲ.. ကိုငှက်(ထူးအိမ်သင်)ဆုံးတာ ရက်၁၀၀ပြည့် အထိမ်းအမှတ်ကို နေမျိုးဆေးက Mr.Guitar မှာ ကိုငှက်မိသားစုနဲ့ သူငယ်ချင်းတွေချည်းပဲ အမှတ်တရဆိုပြီး လုပ်ပေးတဲ့ပွဲလေးမှာ ကိုငှက် သိပ်ချစ်တဲ့ ကိုရဲနဲ့ ကျမတို့တတွေ ဆုံဖြစ်ခဲ့ကြတာ..။ နောက် မင်းခိုက်စိုးစန် ရောပေါ့…။
 

(နီကိုရဲ၊ ခက်မာ၊ မေငြိမ်း၊ မင်းခိုက်စိုးစန်)
(ကိုရဲအိမ်မှာ.. ထုံးစံအတိုင်း မောင်နှမတတွေ.. တဟားဟားနဲ့ ရယ်ခဲ့ကြရတာ.. အဲဒါ နောက်ဆုံးတွေ့ခဲ့ရတာပေါ့)
          ထုံးစံအတိုင်း မောင်နှမတွေ အလုပ်ကိုယ်စီရှုပ်ပြီး မတွေ့တာကြာလို့မို့… စကားတွေ ဖောင်လောင်တိုက် ပြောကြတာ..။ သူက ပြောလိုက်သေးတယ်.. ကိုငှက်သာ ကြည့်နေရင် ကျနော်တို့ကို ကြည့်ပြီး သူ့တော့ မလွမ်းကြဘဲ လေကန်နေကြတယ်လို့ ဆဲနေမှာတဲ့..။ (အဲဒီတုန်းကလည်း ကိုရဲက သူနဲ့ ကိုငှက် ဂျစ်ကျကြပုံတွေ ပြောပြတာမို့ ကျမတို့မှာ ငိုချင်တဲ့ ကြားကပဲ ရယ်နေခဲ့ကြရတာပါ။
          (ကိုရဲက ရယ်စရာ ဖြစ်အောင်ကို ပြောတတ်တာပါ။ အဲလိုရယ်စရာတွေသာပြောနေတာ သူ့ရုပ်ကတော့ ခပ်တည်တည် ထားတာမို့ ကျမတို့မှာ ပိုရယ်နေရတာပါ)။
          တကယ်တော့ ကျမတို့အားလုံးဟာ ကိုငှက် ဆုံးတုန်းက အသည်းတွေ ကွဲခဲ့ကြတဲ့ သူတွေချည်းပါပဲ..။ ခုတော့ဖြင့်… ကိုငှက်နောက်ကနေ.. တန်းစီသွားကြသူတွေထဲ သူလည်း နံပါတ်စဉ် တခု ချိတ်ခဲ့ပြီ။
ကိုရဲရေ…
          ခုလည်း ငါကတော့ ဆူချင်တာပါပဲ…။ မွေးရာပါနှလုံးရောဂါဟာ အရက်အလွန်အကျွံသောက်ရင် သေဖို့ သိပ်မြန်တယ်ဆိုတာ.. နင်အသိဆုံးလေ.. ကိုရဲ..။
          ငါ ပို စိတ်မကောင်းဖြစ်ရတာက ဒီကနေ့ နင့်နာရေးသတင်းကို ငါနဲ့ စိုးလေး ပြောလိုက်ကြရတာပဲ..။ (စိတ်ဆင်းရဲစရာ ကောင်းလိုက်တာ)
          ကိုရဲရေ.. ခက်မာလည်း ညက အိပ်မပျော်ဘူးသိလား…။ တကယ်တော့ ငါတို့ သူငယ်ချင်းအားလုံးကို အမြဲတမ်းပျော်အောင် လုပ်ခဲ့တဲ့ နင့်မှာ နာကျင်စရာတွေ ရှိသမျှ.. ငါတို့ကကျတော့ နင့်ကို ဘာမှလုပ်မပေးနိုင်ခဲ့ပါလားနော်…။
ချစ်တဲ့
မာမီ
အောက်တိုဘာ ၂၄၊ ၂၀၀၉
( မေငြိမ်းဘလော့ဂ်က ကူးယူပါတယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts