>new internet system in Burma

>

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ် မကြာမီပြီးစီးမည်
မိုးမခအထောက်တော်၊ ရန်ကုန်

အောက်တိုဘာ ၂၀၊၂၀၀၉


အင်တာနက် သုံးစွဲမှု ပိုမို မြန်ဆန်စေပြီး နယ်မြို့ အများအပြားသို့ပါ အင်တာနက်ဆက်သွယ်မှု ရောက်ရှိစေမည့် အင်တာနက် ဆက်သွယ်မှု စနစ်သစ်ကို လာမည့် ၂၀၁၀ ပြည့်နှစ် အစတွင် ပြီးစီးလိမ့်မည်ဟု မကြာမီရက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်သည့် ရှင်းလင်းပွဲတခုတွင် ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားလိုက်သည်။

ပြီးခဲ့သည့် နှစ်များက စတင် လုပ်ဆောင်နေခဲ့သည့် နယ်စပ်ဖြတ်ကျော်ပြီး သွယ်တန်းယူမည့် ဖိုင်ဘာအော့ပတစ် (အလင်းဖန်မျှင်) အင်တာနက်လိုင်းများ ယခုနှစ်ကုန်ပိုင်းတွင်း ပြီးစီးမည်ဖြစ်သည်ဟုလည်း ပြောဆိုသည်။ အိန္ဒိယနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ်လိုင်းမှာ အိန္ဒိယမြန်မာနယ်စပ် တမူးမြို့မှ တဆင့် မန္တလေးတိုင်းရှိ ရတနာပုံ တယ်လီပို့ကို သွယ်တန်းပြီး တရုတ်နိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ် လိုင်းမှာ ရွှေလီ-မူဆယ်နယ်စပ်မှ ရတနာပုံ တယ်လီပို့သို့ပင် သွယ်တန်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာ အော့ပတစ်လိုင်းမှာမူ တာချီလိတ်မှ တဆင့်ရန်ကုန်မြို့သို့ သွယ်တန်းမည်ဟု ဆိုသည်။

ယခင်က ဧရာဝတီတိုင်း ဖျာပုံမှ တဆင့် မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာသည့် ပင်လယ်ပြင်မှ သွယ်တန်းယူသည့် ဆီမီဝီ SE ME WE 3 အင်တာနက်ကျောရိုးလိုင်း ကို အဓိက အားကိုးခဲ့ရာမှ မကြာမီတွင် နယ်စပ်မှ သွယ်တန်းသည့် ဖိုင်ဘာ အော့ပတစ်လိုင်းများကို အစားထိုး သုံးစွဲခြင်းဖြင့် ယခင်ထက် ပိုမိုကျယ်သည့် လိုင်းပမာဏကို သုံးစွဲနိုင်မည် ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် လာမည့်နှစ်တွင် မြန်မာတနိုင်ငံလုံးအတွက် ကျောရိုး အင်တာနက် လှိုင်းအကျယ်ကို 4 Gbps အထိ ပေးဝေနိုင်မည်ဟု လည်း ပြောဆိုခဲ့သည်။

ထိုကာလတွင် Dial Up သုံးစွဲသူ ၁သိန်းခွဲခန့် Broadband, ADSL,WiMax နှင့် iPstar သုံးစွဲသူ စုစုပေါင်း ၁သိန်း ၇သောင်းခန့် ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ရှင်းလင်း တင်ပြခဲ့သည်။ ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံ အင်တာနက် ဆက်သွယ်မှု၏ အဓိက ပင်မဌာန ဖြစ်နေသော်လည်း ယခုနှစ်ကုန်ပိုင်း ဆက်သွယ်ပြီးစီးမည့် စနစ်သစ်တွင် နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာကို အဓိကကျသည့် National Gateway နှစ်ခု အဖြစ် ထားရှိပြီး မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားမြို့ကြီးအများအပြားသို့ အင်တာနက် ဆက်သွယ်မှုကွန်ရက်ကို ဖြန့်ကျက်သွားမည် ဟု ရှင်းလင်းပြောဆိုချက်များ အရသိရှိရသည်။

ထိုစနစ်သစ်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး သုံးမြို့တို့ကို မြန်နှုန်းမြင့် ဖိုင်ဘာအော့ပတစ် လိုင်းဖြင့် သွယ်တန်းထားရှိမည် ဖြစ်ပြီး ယခုလက်ရှိ ရန်ကုန်အခြေပြုထားသည့် အင်တာနက် ကျောရိုးစနစ်ကို ပြန်လည်ပြင်ဆင် သွယ်တန်းသွားမည့် သဘောလည်း ဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသို့ပြန်လည် သွယ်တန်းရာတွင် လုံခြုံရေး ရှုထောင့်မှကြည့်ရှုပြီး ပိုမိုထိန်းချုပ်ရလွယ်ကူစေရန် လည်းပြုလုပ်ထားသည့် သဘောမျိုးတွေ့ရသည်ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မြန်နှုန်းမြင့် အင်တာနက် လိုင်းတလိုင်း ရလိုသူသည် အနည်းဆုံး ဒေါ်လာ ၁၅၀၀ ကုန်ကျရမည် ဖြစ်သဖြင့် နိုင်ငံ၏ တဦးချင်းဝင်ငွေနှင့် နှိုင်းစာလျင် အလွန်မြင့်မားသည့် ပမာဏဖြစ်နေသည်။ ထို့ကြောင့် လိုင်းဝယ်ယူနိုင်သူ အရေအတွက်မှာ ထောင်ဂဏန်း၊ သောင်းဂဏန်း ပမာဏ ထက်ပိုမိုမြင့်တက်လာ နိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရသည်။

မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောသည့်အတိုင်း လာမည့်နှစ်တွင် Dial Up နှင့် မြန်နှုန်းမြင့် အင်တာနက် သုံးစွဲသူ အရေအတွက် ၃သိန်းကျော် ရှိလာစေရန် မည်သို့သော ဈေးကွက်နည်းဗျူဟာများ သုံးစွဲပြီး ချဲ့ထွင်မည်ကိုမူ ရှင်းလင်း တင်ပြခဲ့ခြင်း မရှိပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts